Myanmar

Not Free
31
100
A Obstacles to Access 7 25
B Limits on Content 13 35
C Violations of User Rights 11 40
Last Year's Score & Status
36 100 Not Free
Scores are based on a scale of 0 (least free) to 100 (most free). See the research methodology and report acknowledgements.

ခြုံငုံသုံးသပ်ချက်

၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း အစိုးရသည် အင်တာနက်ဆင်ဆာပြုလုပ်ခြင်းကို တိုးမြင့်လာသည်နှင့် အမျှ မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်မှုသည် သိသာထင်ရှားစွာ ကျဆင်းလာသည်။ ၂၀၁၉ ဇွန်လ ကတည်းက အစိုးရသည် ရခိုင်နှင့်ချင်းပြည်နယ်ရှိ ဒေသအချို့တွင် မိုဘိုင်းအင်တာနက် လက်လှမ်းမှီမှုအား ပိတ်ပင်ထားခြင်းဖြင့် လူတစ်သန်းကျော်အား အွန်လိုင်းနှင့် အဆက်ပြတ်နေစေခဲ့သည်။ ထို့အပြင် ၂၀၂၀ မတ်လတွင် အာဏာပိုင်များသည် အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကို လွတ်လပ်သော သတင်းဌာနများနှင့် ဒေသတွင်းအခြေပြု သတင်းမီဒီယာများ၏ အင်တာနက်စာမျက်နှာများအား ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ စစ်တပ်နှင့် အာဏာရပါတီသည် အွန်လိုင်းအကြောင်းအရာများကို ဆက်လက်၍ ခြယ်လှယ်လျှက်ရှိပြီး သုံးစွဲသူများသည် ထိရှလွယ်သော အကြောင်းအရာများဖြစ်သည့် အဓိကအားဖြင့် ရိုဟင်ဂျာ မွတ်စလင် လူမျိုးစုအကြောင်း၊ ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်များရှိ ပဋိပက္ခများအကြောင်းနှင့် ကျား,မ ကွဲပြားမှုအကြောင်း စသည်တို့ကို ဆွေးနွေးပြောဆိုရန် တွန့်ဆုတ်နေကြသည်။ စိတ်ပူစရာကောင်းသော အချက်မှာ အစိုးရအား အွန်လိုင်းပေါ်တွင် ပြစ်တင်ဝေဖန်သူ အချို့မှာ ဖိနှိပ်သော ဆက်သွယ်ရေး​ဥပဒေ အပါအဝင် ဥပဒေ အမျိုးမျိုးဖြင့် တရားစွဲခံရခြင်းများခံနေရသလို ထောင်ဒဏ်ချမှတ်မှုများကိုပါ တွေ့ကြုံနေကြရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုသည် လျော့ကျလာ၍ NLD သည် ၂၀၁၅ ရွေးကောက်ပွဲများတွင် အာဏာရလာသော်လည်း လူ့အခွင့်အရေးကို ကာကွယ်ရန် သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခဒဏ်ခံရသည့် ဒေသများသို့ လုံခြုံရေးယူဆောင်ရန် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ စစ်တပ်သည် နိုင်ငံရေးအပေါ် သိသာထင်ရှားသော သြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်ပြီး၊ ရိုဟင်ဂျာ လူနည်းစုဝင် ၇ သိန်း ကျော်အား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ရအောင် ပြုလုပ်ခဲ့သည့် အစိုးရ၏၂၀၁၇ စစ်ဆင်ရေးသည် နိုင်ငံတကာက ပူပန်သော အချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ သတင်းထောက်များ၊ ဆန္ဒပြသူများနှင့် သာမန်ပြည်သူများသည် သဘောထားကွဲလွဲမှုများကို ထုတ်ဖော်ပြောဆိုခြင်းကြောင့် တရားစွဲခံရခြင်းနှင့် ထိန်းသိမ်းခံရခြင်းကို ကြုံတွေ့ရနိုင်သည်။

အဓိက တိုးတက်မှု ပြောင်းလဲမှု၊ ၂၀၁၉ ဇွန်လ ၁ ရက် မှ ၂၀၂၀ မေလ ၃၁ ရက်ထိ

  • ၂၀၁၉ ဇွန်လတွင် အစိုးရသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ဒေသများရှိ လူဦးရေ တစ်သန်းကျော်၏ အင်တာနက်ကို ဖြတ်တောက်ခဲ့သည်။ ထိုဒေသများတွင် စစ်တပ်သည် ပထမ ရိုဟင်ဂျာများအပေါ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး မကြာသေးမီက ရခိုင်လူမျိုးအပေါ်ပါ နှိမ်နင်းမှုများ ပြုလုပ်လာခဲ့သည်။ ၂၀၂၀ စက်တင်ဘာလအထိ ဖြတ်တောက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ (C3 ကို ကြည့်ပါ)
  • ၂၀၂၀ မတ်လတွင် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန (MoTC) မှ အင်တာနက် ဝန်ဆောင်မှုပေးသူများကို ဝက်ဘ်ဆိုက်များ ပိတ်ဆို့ရန်အတွက် ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထဲတွင် နိရဉ္စရာ၊ Mandalay In-Depth News၊ မဲခေါင်သတင်း၊ Voice of Myanmar နှင့် Karen News စသည်တို့ ပါဝင်ခဲ့သည်။ (B1 နှင့် B3 ကို ကြည့်ပါ)
  • လိုင်စင်ရထားသူများသည် ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ရန်တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက အစိုးရမှ လိုင်စင်များကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ (A4 ကိုကြည့်ပါ)
  • ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်မှုကို အဆုံးသတ်ရန် တောင်းဆိုသည့် #StopInternetShutdownMM လှုပ်ရှားမှုအား ၂၀၂၀ ဖေဖော်ဝါရီမှ ဇွန်လအထိ အွန်လိုင်းလှုပ်ရှားမှုများသာမက လက်တွေ့ပြင်ပ၌ ဆန္ဒပြမှုများဖြင့်ပါ ပူပေါင်း၍ ပြုလုပ်ခဲ့ကြသည်။ လက်တွေ့ပြင်ပတွင် ဆန္ဒပြသူအချို့သည် အစိုးရ၏ လိုအပ်သော ခွင့်ပြုချက်မရပဲ ဆန္ဒပြခြင်းအတွက် ပြစ်မှုဆိုင်ရာစွဲချက်များကို ရင်ဆိုင်ခဲ့ရသည်။ (B8 ကိုကြည့်ပါ)
  • အင်တာနက်အသုံးပြုသူများသည် ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ တို့ဖြင့် တရားစွဲဆိုခြင်း၊ အပြစ်ဒဏ်ချမှတ်ခြင်းနှင့် ထောင်ချခြင်း တို့ကို ဆက်လက်၍ ပြုလုပ်ခံနေရသည်။ (C3 ကိုကြည့်ပါ)
  • ၂၀၁၉ နိုဝင်ဘာတွင် အာဏာပိုင်များသည် လူတစ်ဦးချင်းစီ၏ မတူညီသော ဇီဝလက္ခဏာ(biometric)ပါသော ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန် လိုအပ်ချက်အသစ်အဖြစ် တည်ထောင်ရန် ကြိုးပမ်းမှုတစ်ပိုင်းတစ်စ အနေနှင့် ဇီဝလက္ခဏာအချက်အလက် သန်း ၇၀ အထိ သိမ်းဆည်းထားပေးနိုင်မည့် ဒေတာဘေ့စ်(database)တစ်ခု ဖန်တီးရန် တင်ဒါခေါ်ယူခဲ့သည်။ (C4 ကိုကြည့်ပါ)

လက်လှမ်းမှီမှုအပေါ် အတားအဆီးများ

မြန်ဆန်သော 4G နည်းပညာပါသော စမတ်ဖုန်းများမှတဆင့် သုံးစွဲသူ အသစ်များ အင်တာနက် ချိတ်ဆက်လာသောကြောင့် မြန်မာနိုင်ငံတွင် အင်တာနက် လက်လှမ်းမှီမှု ဆက်လက်တိုးတက်လာသည်။ သို့သော် ၂၀၁၉ ဇွန်လတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသများမှ လူတစ်သန်းကျော်အပေါ် သက်ရောက်မှုရှိသော ပြင်းထန်သော အင်တာနက် ဖြတ်တောက်မှုကို အစိုးရက အကောင်အထည်ဖော်ခဲ့သည်။ ထိုဖြတ်တောက်မှုမှာ ၂၀၂၀ ခုနှစ်အတွင်းထိ ဆက်လက်တည်တံ့နေခဲ့ရာ ၎င်းသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဖြတ်တောက်ခံရလျက်ရှိသော အင်တာနက် ဖြတ်တောက်မှုများထဲမှ တစ်ခုဖြစ်လာသည်။

A1: အခြေခံအဆောက်အအုံဆိုင်ရာ ချို့တဲ့မှုများသည် အင်တာနက် လက်လှမ်းမှီမှုကို ကန့်သတ်ပါသလား သို့မဟုတ် အင်တာနက် ချိတ်ဆက်မှုအမြန်နှုန်းနှင့် အရည်အသွေးကို ကန့်သတ်ပါသလား။ (၀-၆ မှတ်) (၂ / ၆)

အစီရင်ခံစာ ကာလအတွင်း အင်တာနက် အသုံးပြုရန် လက်လှမ်းမှီမှု ဆက်လက် တိုးတက်လာသည်။ ၂၀၂၀ ခုနှစ်အထိ လူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် အင်တာနက်ကို အသုံးပြုကြသည်။ ၂၀၁၉ နှစ်အစပိုင်းကတည်းကထက် လူဦးရေ တစ်သန်း ထပ်တိုးလာခြင်းဖြစ်သည်။1 ၂၀၁၇ ခုနှစ်တွင် 4G ဝန်ဆောင်မှုကို စတင်ခဲ့ခြင်းကြောင့် ဝန်ဆောင်မှု မြန်နှုန်းနှင့် အရည်အသွေးသည် လက်တလော ခုနှစ်များ၌ မြင့်တက်လာခြင်းဖြစ်သည်။2 ၂၀၁၈ တွင် နိုင်ငံတကာ bandwidth သည် ၄၄၅ Gbps သို့ ရောက်ရှိခဲ့ရာ၂၀၁၃ နှင့် ယှဉ်လျှင် ၁၅ ဆ ပိုမို မြန်ဆန်လာခြင်း ဖြစ်သည်။3 သို့သော် သုံးစွဲသူအရေအတွက် စုစုပေါင်းသည် အာရှ-ပစိဖိတ်ဒေသအတွင်း ပျမ်းမျှထက် နိမ့်နေဆဲဖြစ်သည်။4 ဒေသတွင်း နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှ အင်တာနက်မြန်နှုန်း နှေးကွေးနေဆဲဖြစ်ပြီး အထူးသဖြင့် ကြိုးနှင့်တပ်ဆင်ထားသော လိုင်းများမှ ဖြစ်ကြသည်။5

အိမ်သုံး/ပုဂ္ဂလိကသုံး ကြိုးဖုန်းအင်တာနက် ချိတ်ဆက်မှုများသည် ရှားရှားပါးပါး အနည်းငယ်သာ ကျန်တော့သည်။ အစီရင်ခံစာကာလအတွင်း ကြိုးဖုန်းအင်တာနက် မြန်နှုန်း တိုးတက်ခဲ့သော်လည်း ၎င်း၏ ပျမ်းမျှ မြန်နှုန်းသည် မိုဘိုင်းဆက်သွယ်မှု မြန်နှုန်းထက် နည်းနေသေးသည်။6 အာရှ - ပစိဖိတ်ဒေသ၏ ပျမ်းမျှဖြစ်သော ၁၀ ဦး လျှင် ၁ ဦး ဖြင့် နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံတွင် လူ ၁၆၆၇ ဦး တွင် ၁ ဦးသာ broadband အင်တာနက်လိုင်း တပ်ဆင်ထားနိုင်သည်။ 7

မိုဘိုင်းဆက်သွယ်မှု အရေအတွက်သည် ဆက်လက်တိုးတက်လာပြီး ၂၀၂၀ ဇန်နဝါရီလတွင် ၆၈ သန်းထိ တိုးများလာရာ ၎င်းမှာ လူဦးရေ၏ ၁၂၆ ရာခိုင်နှုန်းနှင့် ညီမျှပါသည်။ 8 ဤတိုးတက်မှု ရှိသော်လည်း မိုဘိုင်းဆက်သွယ်မှုရှိသော လူဦးရေ ရာခိုင်နှုန်းသည် အိမ်နီးချင်းနိုင်ငံများထက် နိမ့်သည်။9 လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်မျှသာ မိုဘိုင်းဆက်သွယ်မှုရှိကြပြီး လူအများစုတွင် SIM ကဒ်တစ်ခုထက် ပိုရှိကြသည်။10

အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေပြီး ရေကြီးခြင်းနှင့် စိတ်မချရသော လျှပ်စစ်ဓာတ်အားသည် ဆက်သွယ်မှုကို အဟန့်အတားဖြစ်စေသည်။ တစ်ချိန်တည်းတွင် ထိရောက်မှုမရှိသော စီမံခန့်ခွဲမှုစနစ်နှင့် သီးသန့်ဖြစ်စေ အများသိ ဖြစ်စေ၍ ဖြစ်ပေါ်နေသော အကျင့်ပျက်ချစားမှုသည် ဤကဏ္ဍ၏ တိုးတက်ကောင်းမွန်မှုနှင့် ကြီးထွားမှုကို ကန့်သတ်နေသည်။11 ရိုဟင်ဂျာ အရေးအခင်းအပြီးကတည်းက သတ်မှတ်ခဲ့သော အရေးယူဒဏ်ခတ်မှုအသစ်များသည် မြန်မာနိုင်ငံသို့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်ပို့ခြင်းအပေါ်တွင်လည်း သက်ရောက်ရှိနေသည်။ သို့သော်လည်း ဤအရေးယူဒဏ်ခတ်မှုများသည် အခြေခံအဆောက်အအုံ တိုးတက်မှုအပေါ် သက်ရောက်မှုရှိမရှိ၊ ရှိပါက မည်သို့သက်ရောက်နေသည် ဆိုသည်မှာ မရှင်းလင်းပါ။ 12 တစ်ချိန်တည်းတွင် ကိုက်ဖြတ်သတ္တဝါများ၊ ကားမတော်တဆမှုနှင့် ဆောက်လုပ်ရေး စသော ပြဿနာအမျိုးမျိုးကြောင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိသည်။13

A2: အင်တာနက် အသုံးပြုရန် လက်လှမ်းမှီမှု အတားအဆီး ဖြစ်လောက်အောင် စျေးကြီးလွန်းသလား သို့မဟုတ် ပထဝီအနေအထား၊ လူမှုရေးနှင့် အခြားအကြောင်းအရာများကြောင့် လူဦးရေ တစ်ပိုင်းတစ်စသည် လက်လှမ်းမှီမှု ပြင်ပသို့ ရောက်နေပါသလား။ (၀-၃ မှတ်) (၁ / ၃)

အစီရင်ခံစာ ကာလအတွင်း အင်တာနက်ကို လူအများ ပိုမို လက်လှမ်းမှီလာကြသည်။ မိုဘိုင်းဒေတာ စျေးနှုန်းအစီအစဉ် (ဒေတာပလန်)များသည် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းတတ်နိုင်သည်။14

စျေးနှုန်းများ ဒေသအလိုက်ကွဲပြားသော်လည်း အိမ်သုံး ကြိုးလိုင်း broadband အင်တာနက်လိုင်း စျေးနှုန်းများ ဆက်လက်လျော့နည်းလာသည်။ ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်အကြားတွင် စျေးနှုန်းများ ပျမ်းမျှ ထက်ဝက်ခန့် နည်းလာသည်။15 4G အင်တာနက်ဖြင့် ယှဉ်ပြိုင်ရခြင်းနှင့် သုံးစွဲသူများထံမှ ဝယ်လိုအား အလွန်နည်းပါးခြင်း စသည်တို့ကြောင့် ကြိုးသုံးအင်တာနက်လိုင်း တပ်ဆင်မှု စရိတ်များသည် လျော့နည်းလာသည်။ ယခုအခါ မြို့ပြဒေသများတွင် ကြိုးအင်တာနက် လစဉ်ကြေးသည် ပျမ်းမျှ ၃၇ ဒေါ်လာခန့် ကုန်ကျပြီး လူအများစုအတွက်တော့ အတားအဆီးဖြစ်လောက်သည်အထိ စျေးကြီးလွန်းသေးသည်။

ဒစ်ဂျစ်တယ် စီးပွားရေးကို မြှင့်တင်ပေးသော စီးပွားရေး မူဝါဒများ ပေါ်ပေါက်စေရန်နှင့် ပံ့ပိုးပေးရန် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (DEDC) ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။16 ၂၀၁၉ ခုနှစ် မတ်လတွင် DEDC သည် ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံကို စတင်ခဲ့သည်။ ၎င်းတွင် လူတိုင်း ဒီဂျစ်တယ်ပါဝင်မှု တည်ဆောက်ရန်၊ ဆက်သွယ်ချိတ်ဆက်မှု တိုးတက်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖက်စပ်နည်းပညာအသုံးချရန် စသည့် အစီအစဉ်များ ပါဝင်သည်။ 17 ၂၀၁၉ နှစ်အလယ်ပိုင်းအထိ DEDC သည် နှစ်ကြိမ်သာ တွေ့ဆုံခဲ့ပြီး ယခုအချိန်အထိ အများပြည်သူနှင့် ထူးထူးခြားခြား တိုင်ပင်ဆွေးနွေးမှုမရှိပဲ အများသောအားဖြင့် လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။18 DEDC ၏ ဝက်ဘ်ဆိုက်ကို ၂၀၁၇ ကတည်းကသော်လည်းကောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ၂၀၁၈ ကတည်းကသော်လည်းကောင်း အချက်အလက်အသစ်များဖြင့် ပြင်ဆင်မွမ်းမံထားခြင်းလည်းမရှိပါ။19 လမ်းပြမြေပုံသည် ဝန်ကြီးဌာနများအကြား တာဝန်ဝတ္တရားများကို ခွဲဝေပေးထားသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ဘဏ္ဍာငွေ ချမှတ်ထားသလား၊ အကယ်၍ ချမှတ်ထားလျှင် မည်မျှ ချမှတ်ထားသလဲ ဆိုသည်မှာ မရှင်းလင်းပါ။

အင်တာနက်အသုံးပြုမှု အချက်အလက်ဖော်ပြသော နိုင်ငံတော်၏ ကိန်းဂဏန်းများတွင် ဘေးဖယ်ထားခံရသောအုပ်စုများအပေါ် သက်ရောက်နေသည့် ဒီဂျစ်တယ်ကွာဟမှုကို ဖုံးကွယ်ထားသည်။ 4G သုံးစွဲနိုင်သော မြို့နေအင်တာနက်သုံးစွဲသူများသည် တစ်နိုင်ငံလုံးရှိ သုံးစွဲသူအားလုံး၏ ပျမ်းမျှထက် ဒေတာကို တစ်လလျှင် ပျမ်းမျှ ၅ ဆနီးပါး ပိုမိုသုံးစွဲကြသည်။​20 အထူးသဖြင့် ကျေးလက်ဒေသများတွင် ကွန်ပျူတာ သို့မဟုတ် အင်တာနက်ကို လက်လှမ်းမှီသော အိမ်ထောင်စု အရေအတွက်သည် နည်းပါးနေသေးသည်။21 ကျေးလက်ဒေသနှင့် မြို့ငယ်များရှိ သုံးစွဲသူများ၏ အင်တာနက် ချိတ်ဆက်မှုသည် မြို့ပြဒေသများရှိ အသုံးပြုသူများထက် ပိုမိုဆိုးရွားသည်။

ပထဝီအနေအထားကြောင့် ပြည်သူများ အင်တာနက်အား လက်လှမ်းမီရယူနိုင်မှု တန်းတူမရှိခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် အစိုးရသည် နောက်ဆုံးတွင် လူဦးရေ၏ ၉၉ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ရေး ရည်မှန်းချက်ဖြင့် လစ်လျူရှုခံရသော ဒေသများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံရန် ၂၀၁၈ ဧပြီလတွင် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ (Universal Service Fund, USF)ကို ထူထောင်ကြောင်း ကြေငြာခဲ့သည်။22 USFကို ၂၀၁၈-နှစ်အလယ်ပိုင်းက စတင်ခဲ့သည့် ၂ ရာခိုင်နှုန်း ဆက်သွယ်ရေးအခွန်သစ်ဖြင့် ထောက်ပံ့ထားခြင်း ဖြစ်သည်။23 သို့သော် USF ရန်ပုံငွေထဲမှ အနည်းဆုံးအချို့ကို အသစ်အဆိုပြုထားသော မိုဘိုင်းအသုံးပြုသူများအတွက် ဇီဝလက္ခဏာအချက်အလက် ဒေတာဘေ့စ်(biometric database) တစ်ခု တည်ဆောက်ရန်အတွက် သုံးစွဲဖို့ရာ ပြန်လည်ခွဲဝေ သတ်မှတ်ထားသည်။24

လက်လှမ်းမှီမှုတွင် ကျား ၊ မ အခြေပြု ကွာဟမှုများကို အစိုးရမှ ယေဘုယျအားဖြင့် လျစ်လျူရှုထားသည်။ အမျိုးသမီးများသည် အမျိုးသားများထက် မိုဘိုင်းဖုန်း ပိုင်ဆိုင်နိုင်ရန် နည်းပါးပြီး အင်တာနက် အသုံးပြုရန်မှာလည်း သိသိသာသာ နည်းပါးသည်။25 အမျိုးသမီးများအတွက် အင်တာနက်သုံးစွဲဖို့ရာ လက်ကိုင်ဖုန်းကို ပိုင်ဆိုင်ရန်နှင့် အသုံးပြုရန် အတားအဆီးများထဲတွင် အကုန်အကျမတတ်နိုင်မှု၊ တတ်မြောက်မျှ စွမ်းရည်၊ လုံခြုံရေးနှင့် ဘေးကင်းရေးပူပန်မှုများ စသည်တို့ ပါဝင်ပါသည်။26

A3: ချိတ်ဆက်မှုနှင့် ဆက်သွယ်မှုကို ကန့်သတ်ရန် ရည်ရွယ်ချက်များဖြင့် အစိုးရသည် အင်တာနက် အခြေခံအဆောက်အအုံများအား နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ဥပဒေနည်းများဖြင့် ထိန်းချုပ်မှုကို ကျင့်သုံးပါသလား။ (၀-၆ မှတ်) (၁ / ၆)

အမှတ်ပြောင်းလဲရခြင်း - ရမှတ် ၄ မှတ် မှ ၁ မှတ်သို့ ကျဆင်းသွားရခြင်းအကြောင်းမှာ၂၀၁၉ ဇွန်လမှ စတင်၍ ရခိုင်နှင့် ချင်းပြည်နယ် ဒေသအချို့တွင် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများကို အစိုးရမှ ပိတ်ပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။

အစိုးရသည် ဆက်သွယ်မှုကို ကန့်သတ်ခြင်းကို ယခင်က ရှောင်ကြဉ်ခဲ့သော်လည်း အစီရင်ခံစာ ကာလအတွင်း ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အင်တာနက်ပိတ်ဆို့ခြင်းများထဲမှ တစ်ခုကို ဖြစ်စေခဲ့သည်။

၂၀၁၉ ဇွန်လတွင် အစိုးရသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ဒေသများရှိ လူဦးရေ တစ်သန်းကျော်၏ အင်တာနက်ကို "တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး ဖော်ဆောင်ထိန်းသိမ်းရန်" ဖြတ်တောက်ခဲ့သည်။ ထိုဒေသများတွင် စစ်တပ်သည် ပထမတွင် ရိုဟင်ဂျာများအပေါ်၊ ပြီးနောက် မကြာသေးမီက ရခိုင်လူမျိုးအပေါ်ပါ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။27 ၂၀၁၉ သြဂုတ်လ ၃၁ ရက်တွင် အစိုးရသည် ဖြတ်တောက်ထားသော ဒေသများ၏ ထက်ဝက်ခန့်တွင် မိုဘိုင်းဖုန်း အသုံးပြုမှုကို ပြန်လည် ဖွင့်ပေးခဲ့သည်။ သို့သော် ၂၀၂၀ ဖေဖော်ဝါရီတွင် ထိုဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့ပြန်သည်။28 ၂၀၂၀ စက်တင်ဘာလအထိ ထိုကန့်သတ်မှုများသည် ခန့်မှန်းခြေ လူ ၁.၄ သန်းအား ဆက်လက် သက်ရောက်နေဆဲ ဖြစ်သည်။29 လွှတ်တော်အမတ်များ၊ သတင်းထောက်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အရပ်ဘက်အဖွဲ့စည်းများသည် အင်တာနက်ဖြတ်တောက်ခြင်းမှ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး ဘေးဖယ်ခံရသော လူဦးရေအပေါ် ဖြစ်လာနိုင်သည့် ထိခိုက်ပျက်ဆီးစေသော အကျိုးသက်ရောက်မှုများနှင့် စီးပွားရေး ဆုံးရှုံးမှုအကြောင်းတို့ကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။30 လုံခြုံရေးအခြေအနေ တိုးတက်လာသောအခါ အစိုးရအနေဖြင့် ပြန်လည် အသုံးပြုခွင့်ပေးမည်ဟု ပြောကြားခဲ့သလို31 သမ္မတပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် တစ်ဦးကလည်း အင်တာနက်ပိတ်ဆို့မှုနှင့် ပတ်သက်၍ "စစ်တပ်တောင်းဆိုသမျှ ပြုလုပ်ပေးရမည်"ဟုလည်း ပြောကြားခဲ့ပါသည်။32

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (MoTC) သည် အစိုးရပိုင် မြန်မာ့စာတိုက်နှင့်ဆက်သွယ်ရေး (MPT)မှတစ်ဆင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ အများစုကို ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားခြင်းဖြင့် ကြီးကြပ်မှုနှင့် အကာအကွယ်မရှိဘဲ အင်တာနက်ကို ဖြတ်တောက်နိုင်သည့် သြဇာကို ဆက်လက် ထိန်းသိမ်းထားသည်။ သို့သော်လည်း ပုဂ္ဂလိက အင်တာနက်ထောက်ပံ့သူများက မိုဘိုင်းအခြေခံအဆောက်အအုံနှင့် အင်တာနက်နောက်ခံမဏ္ဍိုင် ပိုင်ဆိုင်မှုကို ဖြည်းဖြည်းချင်း ခွဲဝေပိုင်ဆိုင်လာအောင် လုပ်လာကြသည်။ မြန်မာနိုင်ငံတွင် အင်တာနက်ဝင်ရောက်သောလမ်းကြောင်း (Internet Gateway) (၇) ခုရှိသည်။ ကျွမ်းကျင်သူများက မကြာမီ အနာဂတ်တွင် bandwidth လိုအပ်ချက်သည် နှစ်စဉ် ၇၀ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားသောကြောင့် ဂြိုဟ်တုဆက်သွယ်မှုလိုင်းအသစ်များ အပါအဝင် အခြေခံအဆောက်အအုံများ တည်ဆောက်မည့် နောက်ထပ်ကုမ္ပဏီအများအပြား ဝင်ရောက်လာမှုကို မျှော်မှန်းထားသည်။33 34 သို့ဖြစ်သောကြောင့် ပုဂ္ဂလိက အင်တာနက်ဝင်ရောက်သောလမ်းကြောင်း အသစ်များသည် နိုင်ငံတကာ ဆက်သွယ်မှုကို အလွယ်တကူ ပြန်လည်တိုးတက်လာစေသည်။

မြန်မာနိုင်ငံတွင် ဖိုင်ဘာကေဘယ်ကြိုး (fiber-optic cable) အကွာအဝေး ကီလိုမီတာ ၆၈၀၀၀ ရှိသည်။35 ပထမဆုံး ပုဂ္ဂလိကပိုင် ရေအောက် အင်တာနက်ကေဘယ်ကြိုးဖြစ်သော မြန်မာ-မလေးရှား-ထိုင်း-အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ကြိုး (MYTHIC)အား စင်္ကာပူတွင် အခြေစိုက်ပြီး မြန်မာနှင့် ထိုင်းပူးတွဲ ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်သည့် Campana Group က ချိတ်ဆက် တည်ဆောက်ခဲ့သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်တွင် တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီများသို့ လက္ကား စတင်ရောင်းချခဲ့သည်။36 Campana Group သည် နောက်ထပ်အနည်းဆုံး ၁၀ နှစ်ကြာ အသုံးပြုနိုင်မည့် bandwidth အလုံအလောက်ရှိသည့် SIGMAR ဟု ခေါ်သော ရေအောက်ကေဘယ်လ် ဒုတိယတစ်ခုကို ၂၀၂၀ ခုနှစ်တွင် အပြီး တည်ဆောက်ရန် စီစဉ်နေသည်။37 ဆက်သွယ်ရေး အခြေခံအဆောက်အအုံကို ထောက်ပံ့ရန်အတွက် မြန်မာအစိုးရသည် ၂၀၂၀ ခုနှစ်တွင် ဒုတိယဂြိုဟ်တုဖြစ်သော MyanmarSat-2 ကို လွှတ်တင်ရန် စီစဉ်နေသည်။38

ဥပဒေမူဘောင်တွင် အင်တာနက်အမြန်နှုန်းကန့်သတ်ပိတ်ပင်ခြင်း (bandwidth throttling)နှင့် သက်ဆိုင်သည့် တိကျသော စည်းမျဉ်းများ မရှိပါ။ သို့သော် ဥပဒေပြဋ္ဌာန်းချက် အတော်အများသည် ဝေဝါးကျယ်ပြန့်သောကြောင့် ၎င်းတို့ကို ထိုကဲ့သို့ ရည်ရွယ်ချက်များအတွက် အလွဲသုံးစား ပြုနိုင်သည်။ ရေးဆွဲပြင်ဆင်လျက်ရှိသော ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းတွင် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံကို သက်ရောက်မှုရှိနိုင်သည့် ကန့်သတ်ထားသော ပြဌာန်းချက်များ ပါဝင်ကောင်းပါဝင်နေနိုင်သည် (C2ကို ကြည့်ပါ)။39

A4: (အင်တာနက်) ဝန်ဆောင်မှု ပေးသူများ၏ ကွဲပြားစုံလင်မှုကို ကန့်သတ်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် စီးပွားရေး အတားအဆီးများ ရှိပါသလား။ (၀-၆ မှတ်) (၂ / ၆)

အစိုးရသည် ဆက်သွယ်ရေး လိုင်စင်အချို့ကို ယခင်က ချထားပေးခဲ့သော်လည်း စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုကို မိုဘိုင်းလ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခြင်းသည် အစိုးရမှ​ ဆက်သွယ်ရေးလုပ်ငန်းများအပေါ် ထိန်းချုပ်မှုကို အားကောင်းစေပြီး စျေးကွက်၏ လုပ်ငန်းစုံလင်ကွဲပြားမှုကို အကန့်အသတ် ဖြစ်နေစေသည်။ အင်တာနက်ဝန်ဆောင်မှုပေးသူများသည် ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်ရန်အတွက် အတားအဆီးများစွာကို ရင်ဆိုင်ကြရသည်။

အင်တာနက်ဝန်ဆောင်မှုပေးသူ(ISP)များနှင့် မိုဘိုင်းဝန်ဆောင်မှုပေးသူများအတွက် စျေးကွက်ဝင်ရောက်ခြင်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း အတားအဆီးများကို အစိုးရ၏​ ကန့်သတ်ထိန်းချုပ်မှုများမှ လျှော့ချဖယ်ရှားပေးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်၍ ဆက်သွယ်ရေး လိုင်စင်ချထားပေးမှုများ မြန်မာနိုင်ငံတွင် တိုးတက်ပွားများလာခဲ့သည်။ ဆက်သွယ်ရေးလိုင်စင် အနည်းဆုံး ၁၃၇ ခုကို ချထားပေးခဲ့ပြီးပြီ ဖြစ်၍40 အစိုးရပိုင် မိုဘိုင်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ ဝယ်ယူသုံးစွဲသူများ၏ ဝေစုမှာ ၅၀ ရာခိုင်နှုန်း ကျော်ရုံလောက်သာရှိသည်။41 ၂၀၁၇ ခုနှစ်တွင် စစ်တပ်ပိုင် အော်ပရေတာ Mytel အား ဆက်သွယ်ရေး လိုင်စင်ချပေးမှုနှင့် ၂၀၁၈ ခုနှစ် လုပ်ငန်းစတင်မိတ်ဆက်ချိန်တွင်ရှိသော ၄င်း၏ ရင်းနှီးမြှုပ်နှံမှု နှိုင်းယှဉ်ပမာဏသည် ဝန်ဆောင်မှုပေးသူများ၏ စျေးကွက်စုံလင်ကွဲပြားမှုကို အားနည်းစေပြီး ဆက်သွယ်ရေး ဈေးကွက်တွင် အစိုးရ၏ လွှမ်းမိုးမှုကို ပြန်လည် ခိုင်မာလာစေခဲ့သည်။

Mytel အား ဗီယက်နမ်စစ်တပ် ထိန်းချုပ်ပြီး ပြည်တွင်း ကုမ္ပဏီများအပေါင်းအစုတစ်ခုဖြစ်သည့် Viettel ကုမ္ပဏီနှင့် မြန်မာစစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)မှ ပိုင်ဆိုင်သော Star High Public Company တို့က ပူးတွဲ ပိုင်ဆိုင်ပါသည်။42 Mytel သည် MEC ပိုင်ဆိုင်သည့် MECTel ဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို အသုံးပြုကာ လုပ်ငန်းလည်ပတ်ပါသည်။43 ၂၀၀၈ နှင့် ၂၀၁၆ ခုနှစ်ကြား မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ၎င်း၏ အခန်းကဏ္ဍကြောင့် အမေရိကန်ဘဏ္ဍာရေးဌာန (US Treasury Department) က MEC အား ဒဏ်ခတ်အရေးယူ ပိတ်ဆို့ခဲ့သည်။44 ၄င်းကုမ္ပဏီသည် စစ်တပ်နှင့်သာမက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်နေမှုကြောင့် တက်ကြွလှုပ်ရှားသူအချို့သည် Mytel ကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့ကြပါသည်။45 ၂၀၁၈ ခုနှစ်တွင် ဥရောပသမဂ္ဂသည် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် Mytel အား အရေးယူပိတ်ဆို့မှုများ သတ်မှတ်ရန် စဉ်းစားခဲ့သည်။46

Mytel သည် ၎င်း၏ 4G သီးသန့် ဝန်ဆောင်မှုကို ၂၀၁၈ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဖြူးခဲ့ပြီး47 ၂၀၂၀ ခုနှစ်တွင် သုံးစွဲသူ ၈ သန်းအထိ ရောက်ရှိပြီဟု ဆိုခဲ့သည်။48 ၎င်းသည် မြန်မာနိုင်ငံရှိ အခြားမိုဘိုင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသုံးခုနှင့် အတူတကွ ပါဝင်လာပြီး ကုမ္ပဏီအားလုံးကို မြန်မာအစိုးရ သို့မဟုတ် နိုင်ငံခြားအစိုးရများမှ အသီးသီး ပိုင်ဆိုင်ကြသည်။49 နိုင်ငံခြားမိုဘိုင်း ဝန်ဆောင်မှုပေး ကုမ္ပဏီနှစ်ခု ဖြစ်သည့် Telenor နှင့် Ooredoo တို့သည် သုံးစွဲသူ ၂၁ သန်း နှင့် ၁၀ သန်း အသီးသီးရှိကြပြီး တတိယမြောက် ဝန်ဆောင်မှုပေး ကုမ္ပဏီ ဖြစ်သော အစိုးရပိုင် MPT တွင် ၂၄ သန်းရှိသည်။50 ဆက်သွယ်ရေးလိုင်စင်များ ရရှိထားသော အခြား ဝန်ဆောင်မှုပေးသူများထဲတွင် နိုင်ငံအဆင့်နှင့် ဒေသအဆင့် ကြိုးဖုန်းနှင့် မိုဘိုင်း ဝန်ဆောင်မှု ပေးသူများ မျိုးစုံပါဝင်ကြသည်။ ဥပမာ ပြည်တွင်း လုပ်ငန်းအုပ်စုကြီးတစ်ခုမှ​ ပိုင်ဆိုင်သည့် Amara Communications သည် ၂၀၁၈ ခုနှစ် မတ်လတွင် တာဝါတိုင် ၃၀၀ ကို တပ်ဆင်ထားပြီး ဖြစ်သည့် ရန်ကုန်မြို့ အပါအဝင်တွင် သယ်ဆောင်၍ရသောအင်တာနက်စက်(MiFi box)များကို အသုံးပြုသော ဒေတာသီးသန့် ဝန်ဆောင်မှုကို ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် မေလတွင် တရားဝင် စတင်မိတ်ဆက်လုပ်ကိုင်ခဲ့သည်။51 ၂၀၁၈ ခုနှစ် မေလမှ စတင်ကာ မြို့ကြီး ၃၀ မြို့တွင် Global Technology Group မှ ကြိုးမဲ့ broadband အင်တာနက်ကို စတင်မိတ်ဆက်ခဲ့သည်။ 52

လိုင်စင်များကို စီမံခန့်ခွဲခြင်းမှာ ယေဘုယျအားဖြင့် မျှတပြီး ပွင့်လင်းမြင်သာမှုရှိသည်ဟု မှတ်ယူနိုင်ပြီး ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးရန် ပြင်ပမှ ကြိုးပမ်းမှုများကိုလည်း အကြီးအကျယ် ငြင်းပယ်ခဲ့သည်။53 သို့သော် ၂၀၂၀ တွင် အစိုးရသည် လိုင်စင်ရထားသူများအား သတင်းစာမျက်နှာများ အပါအဝင် ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ရန် တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက လိုင်စင်များကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုကြသည် (B1ကို ကြည့်ပါ)။54

ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများသည် ဆက်သွယ်ရေး တာဝါတိုင်အသစ်များ ဆောက်လုပ်ခြင်းအပေါ် ကန့်သတ်ချက်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ တင်ပြခဲ့ကြသည်။55 ဒေသန္တရအစိုးရအရာရှိများသည် ပံ့ပိုးသူများအား ဖိုင်ဘာ-အော့ပတစ် ကေဘယ်ကြိုးများ တပ်ဆင်ရန်၊ တာဝါတိုင်များ ဆောက်လုပ်ရန်နှင့် Wi-Fi ကိရိယာများ တပ်ဆင်ရန် ခွင့်ပြုချက်ရှိဖို့ လိုအပ်ကြောင်း ဖိအားပေး ပြောကြားမှုများ ရှိသည်။56

A5: ဆက်သွယ်ရေး ဝန်ဆောင်မှုပေး ကုမ္ပဏီများနှင့် ဒစ်ဂျစ်တယ် နည်းပညာကို ကွပ်ကဲသော နိုင်ငံတော် ကြီးကြပ်မှု အဖွဲ့များသည် လွတ်လပ်၍ တရားမျှတပြီး အမှီအခိုကင်းသော ပုံစံဖြင့် လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ပါသလား။ (၀-၄ မှတ်) (၁ / ၄)

မြန်မာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှု အဖွဲ့များသည် နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုကို တွန်းကန်ရန် အင်အားလျော့နည်းသလို ပွင့်လင်းမြင်သာမှုလည်း မရှိကြပါ။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC)၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) သည် ဆက်သွယ်ရေးကဏ္ဍကို ကြီးကြပ်ရန် တာဝန်ရှိသူ ဖြစ်သည်။ ယခင်အစိုးရများ လက်ထက်တွင် PTD သည် ဆက်သွယ်ရေးကဏ္ဍ၏ ကြီးကြပ်သူဖြစ်သလို လက်ဝါးကြီးအုပ်ထားသော ဝန်ဆောင်မှုပေးသူလည်း ဖြစ်သည်။ ဤတာဝန် အခန်းကဏ္ဍများကို ယခုအခါ ခွဲပစ်လိုက်ပြီဖြစ်ပြီး PTD သည် ကြီးကြပ်သူ အဖြစ်ဆောင်ရွက်ပြီး MPTသည် အစိုးရထိန်းချုပ်လည်ပတ်သည့် ဝန်ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည်။ PTD ၏ တာဝန်များတွင် ဆက်သွယ်ရေးလိုင်စင်များ ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်း၊ ချိတ်ဆက်မှုန​ယ်ပယ်အကျယ်အဝန်းကို ကြီးကြပ်ခြင်း၊ စားသုံးသူကာကွယ်ရေးကို ကိုင်တွယ်ခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအား စစ်ဆေးခြင်းနှင့် ကြပ်မတ်ခြင်း၊ ဝန်ဆောင်မှုပေးသူများအား စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခြင်း စသည်တို့ ပါဝင်သည်။57

သို့ရာတွင် PTD နှင့် MPT နှစ်ခုစလုံးတွင် ကြီးကြပ်မှုနှင့် လုပ်ငန်းလည်ပတ်မှုတို့ကို အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်မှုအပေါ် အကာအကွယ်ပေးရန် သင့်လျော်သော အထိန်းအကွပ် မရှိခြင်းကြောင့် ၎င်းတို့သည် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုအား ခုခံနိုင်စွမ်းမရှိပါ။ ဥပမာ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးသည် အင်တာနက်ပိတ်ဆို့မှုနှင့် ပတ်သက်၍ အစိုးရက “စစ်တပ်က တောင်းဆိုသမျှကို လိုက်လျောပေး"လိမ့်မည် ဟုပြောကြားခဲ့သည် (A3 ကိုကြည့်ပါ)။58 ထို့အပြင် ဤဌာနများ၏ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များသည် ပွင့်လင်းမှု မရှိပဲ ၎င်းတို့သည် အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း (သို့) တိုင်ပင်ဆွေးနွေးခြင်း ပြုလုပ်သည်မှာ ရှားပါးသည်။59 ၂၀၁၃ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၈၆) တွင် မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်(MCRC) တည်ထောင်ရန် ဖော်ပြထားပြီးဖြစ်သော်လည်း ၎င်းကို ယခုထိ မတည်ထောင်ရသေးပါ။60 MCRC ၏ ဖွဲ့စည်းပုံအတွက် ပြဋ္ဌာန်းချက်တွင် ကော်မရှင်၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို လုံလုံလောက်လောက် ကာကွယ်ပေးမထားသော်လည်း ဆက်သွယ်ရေးဥပဒေတွင် MCRC သည် PTD ထံမှ ကြီးကြပ်ရေး လုပ်ငန်းဆောင်တာများကို လွှဲပြောင်းယူမည်ဟု ချမှတ်ထားသည်။ ထို့အပြင် ကော်မရှင်သည် ဆက်သွယ်ရေးကဏ္ဍ၏ မည်သည့်စီမံခန့်ခွဲရေးဆိုင်ရာ အရေးကိစ္စများကိုမဆို စစ်ဆေးဆုံးဖြတ်ပေးရမည့် ယန္တရားတစ်ခုကို ဖွဲ့စည်းတည်ထောင်ရန်ဖြစ်သည်။ လေ့လာသုံးသပ်သူ အများအပြားသည် အစိုးရသည် MCRC ကို ထူထောင်ရန် မဆောင်ရွက်နိုင်ခြင်းမှာ အစိုးရအနေနှင့် PTD မှတဆင့် ရှိနေသော ဆက်သွယ်ရေးကဏ္ဍအပေါ် ၎င်း၏ တိုက်ရိုက်ထိန်းချုပ်မှုကို လက်လွှတ်ရန် မလိုလားနေသေးခြင်းကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။61

၂၀၂၀ ဖေဖော်ဝါရီလတွင် ဖေ့စ်ဘွတ်ခ်သည် ဗီယက်နမ်မှ Viettel နှင့် မြန်မာ Mytel ကုမ္ပဏီတို့နှင့် ချိတ်ဆက်နေသော စာမျက်နှာနှင့် အကောင့် (၂၃) ခုကို ကို ဖျက်ပစ်ခဲ့သည်။62 ထိုစာမျက်နှာများမှာ သတင်းဌာနများအဖြစ် ဟန်ဆောင်နေပြီး သုံးဆွဲသူအတုများက ပြိုင်ဘက်ကုမ္ပဏီများ၏ အသုံးမကျမှုများကို စွပ်စွဲ ဝေဖန်သုံးသပ်ချက်ရေးနေသည်ဟု Facebook သည် အစီရင်ခံခဲ့သည်။63

ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများသည် အစိုးရပိုင်အင်တာနက်ဝန်ဆောင်မှုပေးသူများအား မည်သို့မျက်နှာသာပေးကို စျေးနှုန်းနှင့် အခွန်ကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းမူဘောင်က ပြသနေပါသည်။ မိုဘိုင်းဝန်ဆောင်မှုပေးသူများအတွက် ကနဦးစည်းမျဉ်းစည်းကမ်းများ ပါဝင်သော ဤမူဘောင်သည် ၂၀၁၇ ခုနှစ်တွင် အသက်ဝင်လာပြီး ၎င်းတွင် ကြမ်းခင်းဈေးနှုန်းအသစ် သတ်မှတ်ခြင်းနှင့် အခမဲ့ဆင်းမ်ကဒ်များ ပေးဝေခြင်း သို့မဟုတ် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကုန်ကျစရိတ်အောက် လျှော့ရောင်းခြင်းကို တားမြစ်ခြင်း စသည့် စည်းကမ်းများ ပါဝင်ခဲ့သည်။ ကြမ်းခင်းစျေးနှုန်း စည်းကမ်းချက်တွင် ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ SMS နှင့် အခြားဝန်ဆောင်မှုများအတွက် အနည်းဆုံး စျေးသတ်မှတ်ချက်များ ပါဝင်သည် (၁ MB လျှင် ၀.၀၀၀၆၅ ဒေါ်လာ)။ စည်းကမ်းချမှတ်ချိန်တွင် ကြမ်းခင်းစျေးနှုန်းသည် အချို့အဝန်ဆောင်မှုပေးသူများ၏ စျေးထက် ပိုစျေးကြီးခဲ့ပြီး ၎င်းအား ဝန်ဆောင်မှုပေးသူတိုင်း လိုက်နာရမည့် သတ်မှတ်ချက်အဖြစ် ချမှတ်ခဲ့သည်။ သို့သော် အစိုးရသည် စစ်တပ်ပိုင် Mytel အတွက်တော့ ကြမ်းခင်းစျေးနှုန်း သတ်မှတ်ချက်ကို သက်ညှာပေးထားခဲ့ပြီး၊ အကြောင်းမှာ ၎င်းကို စတင်တည်ထောင်ချိန်တွင် အလျင်အမြန်ကြီးထွားမှုရရှိအောင် အထောက်အကူပေးရန် ဖြစ်သည်ဟု ဆိုကြသည်။64

၁၉၉၆ ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေအရ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်း ကျွမ်းကျင်ပညာရှင်များပါဝင်သည့် အခြား အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်သော မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် ကဏ္ဍအတွင်းရှိ နည်းပညာနှင့်သက်ဆိုင်သော အသင်းအဖွဲ့များ၊ လုပ်ငန်းအဖွဲ့များနှင့် အခြားပါဝင်ပတ်သက်သူများ တို့ဖြင့် ညှိနှိုင်းရေးအတွက် ဆောင်ရွက်လှုပ်ရှားရန် ချမှတ်ထားသော နေရာဖြစ်သည်။ အသင်းချုပ်သည် အစိုးရအားပေးဖြစ်ပြီး လုပ်ငန်းများ ပွင့်လင်းမှုမရှိဟု အရပ်ဘက်အဖွဲ့အစည်းများမှ ၎င်းတို့၏ စိုးရိမ်မှုများကို ထုတ်ဖော်ခဲ့သည်။65 ဥပမာအားဖြင့်၊ အသင်းချုပ်၏ ဦးဆောင်မှုသည် အစိုးရ၏ ပိုမိုပြင်းထန်သော ဒီဂျစ်တယ်စောင့်ကြည့်ရေးမူဝါဒအချို့ကို ထောက်ခံခဲ့သည်။66

အကြောင်းအရာများကို ကန့်သတ်ခြင်းများ

အစီရင်ခံစာ ကာလအတွင်း နည်းပညာသုံး ဆင်ဆာဖြတ်ခြင်း မြင့်တက်လာကာ ၂၀၂၀ မတ်လတွင် အစိုးရသည် လွတ်လပ်သော သတင်းဌာနများနှင့် ဒေသတွင်းအခြေပြု သတင်းမီဒီယာများ၏ အင်တာနက်စာမျက်နှာများအား ပိတ်ဆို့ပေးရန် အမိန့်ပေးခဲ့သည်။ ၎င်းကဲ့သို့ ဝက်ဘ်ဆိုက်ပိတ်ပင်ခြင်းနှင့် အင်တာနက် ဖြတ်တောက်ခြင်း နှစ်ခုလုံးအတွက် အရပ်ဘက်အဖွဲ့စည်းများနှင့် သာမန် အင်တာနက်အသုံးပြုသူများသည် ဒစ်ဂျစ်တယ် စည်းရုံးလှုံ့ဆော်ရေး ကမ်ပိန်းများနှင့် ပြင်ပ၌လှုပ်ရှားမှုများကို ပေါင်းစည်းကာ တုံ့ပြန်ခဲ့သည်။ စစ်တပ်၊ အကျင့်ပျက်ခြစားမှုနှင့် ရိုဟင်ဂျာအကြောင်း အပါအဝင် ခေါင်းစဉ်အမျိုးမျိုး တို့နှင့်ပတ်သက်၍ မိမိကိုယ်ကို ဆင်ဆာဖြတ်ခြင်းသည်လည်း မြင့်မားနေဆဲဖြစ်သည်။ လူမှုမီဒီယာကုမ္ပဏီများသည် ဖိအားပေးမှုများအပေါ် ပွင့်လင်းမြင်သာမှုမရှိပဲ အကြောင်းအရာဖယ်ရှားမှုအား တိုးမြင့်ခြင်းဖြင့် တုန့်ပြန်ခဲ့ရာ တရားဝင်ပြီး မဖျက်သင့်သော အကြောင်းအရာများကိုပင်လျှင် ဖျက်ပစ်ခြင်းများရှိခဲ့သည်။ အွန်လိုင်းမီဒီယာများကို ပိုင်ဆိုင်မှုနှင့် ၎င်းတို့၏ အကြောင်းအရာများသည် ထွေပြားစုံလင်မှု ကင်းမဲ့နေသည်။။ တစ်ချိန်တည်းတွင် အစိုးရနှင့် စစ်တပ်သည် အွန်လိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ပြောဆိုမှုများကို တက်တက်ကြွကြွ တိုးမြှင့်ဆောင်ရွက်လာပြီး လွတ်လပ်စွာ သတင်းထာက်လှမ်းတင်ဆက်မှုများကို “သတင်းတု” များအဖြစ် ငြင်းပယ်ကြသည်။

B1: အင်တာနက်ပေါ်ရှိ အကြောင်းအရာကို ပိတ်ဆို့မှု (သို့) စစ်ထုတ်မှုကို အစိုးရမှ ပြုလုပ်ပါသလား (သို့) အင်တာနက် ဝန်ဆောင်မှုပေးသူများအား ထိုသို့ပြုလုပ်ရန် ဖိအားပေးပါသလား။ (၀-၆ မှတ်) (၃ / ၆)

အမှတ်ပြောင်းလဲရခြင်း - လွတ်လပ်သော သတင်းဌာနများနှင့် ဒေသတွင်းအခြေပြု သတင်းမီဒီယာများ၏ ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းအသစ်များ ပြုလုပ်ခဲ့ရာ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဖြစ်ပျက်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သတင်းရယူတင်ဆက်ခြင်းအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သောကြောင့် ရမှတ် (၆) မှတ် မှ (၃) မှတ် သို့ ကျဆင်းခဲ့သည်။

၂၀၂၀ မတိုင်မီက အစိုးရသည် အကြောင်းအရာများကို ပိတ်ဆို့ခြင်း သို့မဟုတ် စစ်ထုတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သော်လည်း ၂၀၂၀ မတ်လတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(MoTC) က အင်တာနက်ဝန်ဆောင်မှုပေးသူ(ISP)များအား လွတ်လပ်သော သတင်းဌာနများနှင့် ဒေသတွင်းအခြေပြု သတင်းမီဒီယာများ၏ အင်တာနက်စာမျက်နှာများ အပါအဝင် ဝက်ဘ်ဆိုက် အများအပြားကို ပိတ်ပင်ရန် အမိန့်ပေးခဲ့သည်။67

၂၀၂၀ မတ်လတွင် MoTC သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၇၇) ဖြင့် ဝက်ဘ်ဆိုက် ၂,၁၄၇ ခု ကို ပိတ်ဆို့ရန် အင်တာနက် ဝန်ဆောင်မှုပေးသူများကို ညွှန်ကြားချက် တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။ ပုဒ်မ (၇၇) သည် အာဏာပိုင်များကို “အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်သည့်အခါ” လုပ်ငန်းလိုင်စင်ရရှိသူအား ပိတ်ဆို့ရန် ညွန်ကြားချက်များ ထုတ်နိုင်သည်ဟု ခွင့်ပြုထားသည်။ ညွှန်ကြားချက်များကို လူထုသို့ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အခြေစိုက်သည့် လူသိများသည့် သတင်း ဝက်ဘ်ဆိုက်များ၊ လွတ်လပ်သော သတင်းဌာနများနှင့် ဒေသတွင်းအခြေပြု သတင်းမီဒီယာများ၏ ဝက်ဘ်ဆိုက်များသည် အပိတ်ခံထားရသည်။ ၎င်းတို့အထဲတွင် နိရဉ္စရာ၊ Mandalay In-Depth News၊ မဲခေါင်သတင်းနှင့် Voice of Myanmar တို့၏ ဝက်ဘ်ဆိုက်များ အပါအဝင်ဖြစ်သည်။ ကရင်ပြည်နယ် ဒေသဆိုင်ရာ သတင်းအေဂျင်စီတစ်ခုဖြစ်သည့် Karen News ကိုလည်း ဖွင့်လို့မရကြောင်း တွေ့ရသည်။ ပိတ်ဆို့ခံထားရသည့် သတင်းဝက်ဘ်ဆိုက် အများအပြားကို Development Media Group မှ ပိုင်ဆိုင်ပြီး ၎င်းတို့သည် ရခိုင်တပ်မတော်၏ သတင်းများကို တင်ဆက်ခြင်းကြောင့် ယခင်က အာဏာပိုင်များက ပစ်မှတ်ထားခြင်းကို ခံရဖူးသည် (C3 ကိုကြည့်ပါ)။68 တယ်လီနော မြန်မာ၏ အဆိုအရ ဝက်ဘ်ဆိုက် (၆၇) ခုအား "သတင်းတုများ" ကြောင့်ဟု စွပ်စွဲပြီး (၁၅၄) ခုအား လိင်ဖျော်ဖြေရေး အကြောင်းအရာများ အတွက်ကြောင့်ဟု ပိတ်ဆို့ရန် တောင်းဆိုခဲ့သည်။ MoTC ၏ ညွှန်ကြားချက်များတွင် ပါဝင်သည့် အခြားဝက်ဘ်ဆိုက် စာမျက်နှာ (၁,၉၁၇) ခုမှာ Interpol ၏ တားမြစ်ထားသော ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု ဝက်ဘ်ဆိုက်များ စာရင်းတွင် ပါဝင်ပြီး ထိုအကြောင်းအရာများမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းများအရ တရားဝင်ကန့်သတ်နိုင်သော အကြောင်းအရာများဖြစ်သည်။69

ဆက်သွယ်ရေး ဝန်ဆောင်မှုပေး ကုမ္ပဏီကြီးများသည် ပိတ်ဆို့ရန် ညွှန်ကြားချက်များကို လိုက်နာခဲ့ကြသည်။ သို့သော် တယ်လီနောမြန်မာသည် "သတင်းတုများ"ကြောင့်ဟု စွပ်စွဲထားသော ဝက်ဘ်ဆိုက် (၆၇) ခုနှင့်ပတ်သက်၍ ခိုင်လုံသည့် ဥပဒေအကြောင်းပြချက် မရှိသည့်အတွက်ဟု ဆိုကာ အစပိုင်းတွင် ၎င်းတို့အား ပိတ်ဆို့ရန် ခုခံခဲ့သည်။ 70 နောက်ပိုင်းတွင် ၎င်းသည် MoTC နှင့်တွေ့ဆုံပြီးနောက် “ယင်းတောင်းဆိုချက်အား လက်မခံပါက အများပြည်သူအား ဝန်ဆောင်မှုပေးရာတွင် သတင်းတု သတင်းမှားများက ပိုမိုကျယ်ပြန့်စွာ ဂယက် ရိုက်ခတ်လာနိုင်ချေရှိသည်" ဟု ဆုံးဖြတ်ကာ လိုက်နာခဲ့သည်။71 ၂၀၂၀ မေလတွင် တယ်လီနောသည် PTD မှ ဝန်ဆောင်မှုပေးသူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လူထုကို "အထင်အမြင်လွဲမှားစေအောင်"၊ "ထိတ်လန့်တုန်လှုပ်အောင်" လုပ်ဆောင်နေသော ဝက်ဘ်ဆိုက် နောက်ထပ် (၂၂) ခုကို ပိတ်ဆို့ရန် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။72

ထပ်မံ၍ ဤ အစီရင်ခံစာ ကာလနောက်ပိုင်း၂၀၂၀ သြဂုတ်လတွင် PTD သည် ဝန်ဆောင်မှုပေးသူများကို ဝက်ဘ်ဆိုက်တစ်ခုနှင့် ၎င်းနှင့် ဆက်စပ်နေသော IP address သုံးခုကိုပါ ပိတ်ဆို့ရန် အမိန့်ပေးခဲ့သည်ဟု တယ်လီနောက ထုတ်ပြန်ခဲ့သည်။73 အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သော Justice for Myanmar သည် ၎င်း၏ ဝက်ဘ်ဆိုက်အား ဝင်ရောက်ရန် ကြိုးစားသည့်အခါ “ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အရ ဤစာမျက်နှာကို ပိတ်ထားပါသည်” ဟူသော စာသားဖြင့် ပိတ်ဆို့ထားပါသည်ဟု အစီရင်ခံခဲ့သည်။ Justice for Myanmar သည် ယခင်က စစ်တပ်အတွင်း အဂတိလိုက်စားမှုကို ဖော်ထုတ်ခဲ့သော တက်ကြွလှုပ်ရှားသူများပါဝင်သည့် အုပ်စုတစ်စု ဖြစ်သည်။

မတ်လတွင် ဝက်ဘ်ဆိုက်ပိတ်ဆို့မှုများ စတင်ခဲ့ချိန်ကတည်းကစ၍ အရပ်ဘက်အဖွဲ့စည်းများသည် ပိတ်ဆို့တားဆီးမှုများနှင့် ပတ်သက်၍ လူအများသိရှိလာစေရန် လှုပ်ရှားမှုများစွာကို စတင်လုပ်ဆောင်ခဲ့သည်။74 အကြောင်းအရာ ကန့်သတ်ချက်များနှင့် ပတ်သတ်၍ ပွင့်လင်းမြင်သာမှုမရှိသည့်အလျောက် နောက်ထပ် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းရှိမရှိမှာ ယခုထိ မရှင်းလင်းသေးသလို ကန့်သတ်မှုများအပေါ် စမ်းသပ်ခြင်းများကို ဆက်လက်ပြုလုပ်နေပါသည် (B3 ကိုကြည့်ပါ)။

၂၀၁၂ ခုနှစ်တွင် အစိုးရအနေသည် ရုပ်ရှင်များမှလွဲ၍ သမာရိုးကျမီဒီယာ(သတင်းစာ၊ မဂ္ဂဇင်း) နှင့် အီလက်ထရောနစ်မီဒီယာများအား ရှေးဦးဆင်ဆာဖြတ်တောက်မှုကို ရုပ်သိမ်းခဲ့ပြီး၊ သိပ်မကြာပြီးနောက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနကို ဖျက်သိမ်းခဲ့သည်။ အစိုးရသည် ပိတ်ဆို့ခြင်းနှင့် စီစစ်ခြင်း စာရင်းကို ထုတ်ပြန်လေ့မရှိပါ။

B2: အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့/ပုဂ္ဂိုလ်များသည် အကြောင်းအရာများကို ဖျက်ပစ်ပေးရန်အတွက် ထုတ်ဝေသူများ၊ အင်တာနက်ပေါ်တွင် အကြောင်းအရာများဝေမျှနိုင်ရန်နေရာပေးသူ (content host)များ၊ သို့မဟုတ် ဒီဂျစ်တယ်ပလက်ဖောင်းများအား ဥပဒေ၊ အုပ်ချုပ်ရေး သို့မဟုတ် အခြားနည်းလမ်းများအား အသုံးပြု၍ ဖိအားပေးစေခိုင်းပါသလား။။ (၀-၄ မှတ်) (၁ / ၄)

အကြောင်းအရာ ဖယ်ရှားပေးရန် ဖိအားပေးမှုများသည် မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ အစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များမှ ဆက်လက်ပေါ်ပေါက်နေသည်။ အစိုးရမှ အကြောင်းအရာများကိုဖယ်ရှားခြင်းအတွက် မည်သို့သောတရားဝင်တောင်းဆိုချက်များကိုမျှ ဖေ့စ်ဘွတ်နှင့် တွစ်တာတို့သည် တင်ပြအစီရင်ခံခြင်းမရှိနေခဲ့ပါ။75 ဖေ့စ်ဘွတ်ခ်သည် အကြောင်းအရာ ကန့်သတ်ခြင်းအတွက် ပုဂ္ဂိုလ်ရေးအရတောင်းဆိုချက် မည်မျှအား လက်ခံရရှိသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အသရေဖျက်သည်ဟု စွပ်စွဲထားသော အကြောင်းအရာအချို့ကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံခဲ့သည်။76 အကြောင်းအရာ ဖယ်ရှားရန်အတွက် အစိုးရ သို့မဟုတ် တရားရုံးများမှ အွန်လိုင်းထုတ်ဝေသူများနှင့် အကြောင်းအရာများဝေမျှနိုင်ရန်နေရာပေးသူ(content host)များသို့ တရားဝင်တောင်းဆိုခြင်းများနှင့် ပတ်သက်၍ အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမျိုး မရှိပါ။

သို့သော် အစိုးရသည် လူမှုမီဒီယာပလက်ဖောင်းများနှင့် အသုံးပြုသူများအား ဖိအားပေးရန် အခြားလမ်းကြောင်းများကို အသုံးပြုသည်။ အစိုးရသည် အကြောင်းအရာများဝေမျှနိုင်ရန်နေရာပေးသူများနှင့် ပလက်ဖောင်းများဖြစ်သည့် လူသိများသော ဖေ့စ်ဘွတ်ခ် သာမက WhatsApp ကိုပါ ၎င်းတို့ ပလက်ဖောင်းပေါ်တွင် တောထနေသော သည်းခံရန်ခက်ခဲသော အကြောင်းအရာများ၊ သတင်းအချက်အလက်မှားနှင့် လှုံ့ဆော်သွေးထိုးမှုများ စသည်တို့ကို ဖြေရှင်းရန် ဆက်လက်၍ တောင်းဆိုလျှက်ရှိသည်။77 သို့သော် အစိုးရကိုယ်တိုင်ကပင် ဤပြဿနာများကို ကိုင်တွယ် မဖြေရှင်းနိုင်သလို အစိုးရနှင့် ပတ်သက်နေသော ပုဂ္ဂိုလ်များကို ၎င်းတို့ကို ကျူးလွန်ခြင်းအတွက် တာဝန်ရှိသော သူများဖြစ်သည်ဟု မကြာခဏ စွပ်စွဲကြသည်။78

၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ အကြိုအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲပေးမှုအပေါ် အန္တရာယ်ဖြစ်ပြီး မုန်းတီးစေသော အကြောင်းအရာများကို ရှာဖွေဖယ်ရှားရန်အတွက် ၎င်း၏ လူမှုမီဒီယာ စောင့်ကြည့်လေ့လာရေး ယန္တရား တည်ထောင်ခြင်းကို ကြေငြာခဲ့သည်။ ကော်မရှင်အနေဖြင့် ဖေ့စ်ဘွတ်သည် ၄င်းတို့ထောက်ပြလာသော အကြောင်းအရာများကို ဖယ်ရှားပေးရန် သဘောတူခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း၊ ဖေ့စ်ဘွတ်ခ်ဘက်မှ မဲပေးချိန်မတိုင်မီထိ ကော်မရှင်နှင့် ယေဘုယျအားဖြင့် အတူတူ အလုပ်လုပ်ရန် အတွက်က လွဲ၍ ၂၀၂၀ မေလအထိ ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုထားခြင်း မရှိသေးပါ။79

အထူးသဖြင့် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုကို အားပေးသည့် ဆူပူအုံကြွစေသောအွန်လိုင်းပေါ်ရှိ အကြောင်းအရာများကို စုံစမ်းစစ်ဆေးထားသည့် အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် ၄င်းအကြောင်းအရာများကို ဖယ်ရှားရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများသည်လည်း ဒစ်ဂျစ်တယ်ပလက်ဖောင်းများအား ဖိအားပေးခဲ့ကြသည်။ 80 အချို့ အဖွဲ့အစည်းများသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် ပြဿနာရှိနိုင်မည့် အကြောင်းအရာများ၊ အထူးသဖြင့် စနစ်တကျ အဖွဲ့လိုက်ဖြန့်ချိနေသော ပြဿနာရှိနိုင်မည့် အကြောင်းအရာများ၊ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်ကြသည်။81

ထိုအကြောင်းတစ်ပိုင်းတစ်စကြောင့် ဖေ့စ်ဘွတ်ခ်သည် အကြောင်းအရာများ ဖယ်ရှားရန် ၎င်း၏ အကြောင်းအရာများစိစစ်ခြင်းလုပ်ငန်းများနှင့် အလိုအလျောက် စစ်ထုတ်ခြင်း ယန္တရားများကို တိုးမြှင့်ခဲ့သည်။82 ဖေ့စ်ဘွတ်ခ်၏ အဆိုအရ ၎င်း၏ လူမှုအသိုင်းအဝိုင်း စံနှုန်း(community standard)များကို ချိုးဖောက်သည့်အတွက် မြန်မာနိုင်ငံအတွင်းနှင့် ပြင်ပမှလာသော သန်းနှင့်ချီသော နောက်လိုက်များ (followers)များရှိသည့် ဖေ့စ်ဘွတ်ခ်နှင့် Instagram ပေါ်မှ စာမျက်နှာများနှင့် အကောင့်(account)ရာပေါင်းများစွာကို ၎င်းက ဖယ်ရှားခဲ့သည်။83 ဖယ်ရှားမှုများထဲတွင် မြန်မာ့စစ်တပ်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၊ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားကွန်ယက်နှင့် အခြားစစ်ခေါင်းဆောင်များ၏ စာမျက်နှာများနှင့် အကောင့်များ84 ပါဝင်သကဲ့သို့ အစိုးရမဟုတ်သောအဖွဲ့များဖြစ်သည့် အစွန်းရောက် အမျိုးသားရေးဝါဒ မွတ်စလင်ဆန့်ကျင်ရေး ဆရာတော် ဝီရသူနှင့် အစွန်းရောက် အမျိုးသားရေးဝါဒ ဗုဒ္ဓဘာသာအဖွဲ့ မဘသတို့လည်း ပါဝင်သည်။85 ၂၀၁၉ သြဂုတ်လတွင် ဖေ့စ်ဘွတ်ခ်သည် အကောင့် (၈၉)ခုနှင့် စာမျက်နှာ (၁၀၇) မျက်နှာကို “မူမမှန်သော ညှိနှိုင်းဆောင်ရွက်နေသော အပြုအမူ”ဖြင့် လုပ်ဆောင်နေသည့်အတွက်ကြောင့်ဟုဆိုကာ ဖယ်ရှားပစ်ခဲ့သည်။ အချို့မှာ စစ်တပ်နှင့် ဆက်စပ်နေသည်ဟု ဖေ့စ်ဘွတ်ခ်က ဆိုခဲ့သည်။86 ကချင် လွတ်မြောက်ရေးတပ်မတော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ရက္ခိုင့်တပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) စသည်တို့၏ စာမျက်နှာများနှင့် အကောင့်များကိုလည်း ဖေ့စ်ဘွတ်မှ ၄င်းတို့သည် “အန္တရာယ်ရှိသော အဖွဲ့အစည်းများ”ဖြစ်သည်ဟု ယူဆသောကြောင့် ဖယ်ရှားပစ်ခဲ့သည်။87 ဤသတ်မှတ်ချက်အရ ဖော်ပြပါ လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့/အဖွဲ့အစည်းများကို ထောက်ပံ့သည့် မည်သည့်အကြောင်းအရာနှင့် စာမျက်နှာများကိုမဆို ရှာဖွေတွေ့ရှိပါက ဖယ်ရှားနိုင်သည်ဟု ဆိုလိုသည်။ သို့ဖြစ်စေကာမူ ထပ်တိုးမြင့်ထားသော အကြောင်းအရာဖယ်ရှားမှုများ၏ အကျိုးဆက်မှာ တရားဝင်ပြီးခွင့်ပြုထားသင့်သော အကြောင်းအရာများကိုလည်း ဖယ်ရှားပစ်မိခြင်းပင် ဖြစ်သည်။88

Free Expression Myanmar မှ ပြုလုပ်သော ၂၀၂၀ ခုနှစ်မှ စစ်တမ်းကောက်ယူမှုအရ Facebook သည် စစ်တမ်းဖြေဆိုသူများထဲမှ သုံးပုံတစ်ပုံအား ၎င်းတို့၏ သတင်းတင်ဆက်မှု အကြောင်းအရာများသည် ၄င်းပလက်ဖောင်း၏ လူမှုအသိုင်းအဝိုင်း စံနှုန်းများကို ချိုးဖောက်ကြောင်း သတိပေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။89 စစ်တမ်းကောက်ယူခဲ့သူများထဲမှ ၁၅ ရာနှုန်းမှာ အကြောင်းအရာများ ဖယ်ရှားခြင်းကို ခံခဲ့ရသည်။

တက်ကြွလှုပ်ရှားသူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ဘာသာရေး လူနည်းစုများသည် ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းအရာများကို ဖယ်ရှားစေရန်အတွက် ၄င်းတို့အား ဖိအားပေးရန်ရည်ရွယ်သည့် အကြမ်းဖက်မှု သို့မဟုတ် ခြိမ်းခြောက်မှုများ ခံရသည်ဟု အစီရင်ခံခဲ့သည်။90 အကြောင်းအရာများကို ဖယ်ရှားခံရအောင် ဖိအားပေးသည့် အုပ်စုလိုက် ပူးပေါင်းတိုင်ကြား(အုပ်စုလိုက်ရီပို့လုပ်)သော လှုပ်ရှားမှုများသည် အလွန်ပျံ့နှံ့လျက်ရှိသည်။ ဤလှုပ်ရှားမှုများတွင် အသုံးပြုသူများသည် အသုံးပြုသူနောက်တစ်ဦးအား ပို့စ်တင်ခြင်း စာပို့ခြင်း မလုပ်နိုင်အောင် ယာယီ ကန့်သတ်မှု လုပ်ခံရစေရန်နှင့် စာမျက်နှာများ အပိတ်ခံရစေရန် ဖေ့စ်ဘွတ်ခ်မှ ၎င်း၏ လူမှုအသိုင်းအဝိုင်းစံနှုန်းများကို ချိုးဖောက်သောအကြောင်းအရာများကို တိုင်ကြားရန်ပြုလုပ်ပေးသော ယန္တရားကို အလွဲသုံးစား ပြုလုပ်ခြင်းပင် ဖြစ်သည်။ သို့သော် ဖေ့စ်ဘွတ်ခ်က ၎င်းသည် ဤကဲ့သို့သော အပြုအမူများကို တားဆီးထားပြီးဖြစ်ကြောင်း ပြောခဲ့သည်။91 အစိုးရနှင့် စစ်တပ်ထောက်ခံသူများသည် ရိုဟင်ဂျာ အရေးထောက်ပံ့သူများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ အကြောင်းအရာများကို ပစ်မှတ်ထား ရီပို့လုပ်သော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ညွှန်းဆိုခဲ့ပါသည်။

B3: အင်တာနက်နှင့် ဒီဂျစ်တယ်အကြောင်းအရာများအပေါ် ကန့်သတ်ချက်များ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု၊ ဖော်ပြထားသည့် ရည်ရွယ်ချက်များနှင့် အချိုးညီမျှမှု သို့မဟုတ် လွတ်လပ်စွာ အယူခံဝင်နိုင်သော လုပ်ငန်းစဉ်များ ကင်းမဲ့နေပါသလား။ (၀-၄ မှတ်) (၁ / ၄)

ဒစ်ဂျစ်တယ်အကြောင်းအရာအပေါ် ကန့်သတ်ချက်အချို့သည် (ပြစ်မှု ပြစ်ဒဏ်)အချိုးညီမျှမှုနှင့် ပွင့်လင်းမြင်သာမှု မရှိပေ။ ဆက်သွယ်ရေးဥပဒေတွင် "အများပြည်သူအကျိုးစီးပွားအတွက်" အကြောင်းအရာများကို ခေတ္တပိတ်ဆို့ရန်နှင့် စစ်ထုတ်ရန် MoTC အား အာဏာ အပြည့်အဝပေးသည့် ကျယ်ပြန့်သော ပြဌာန်းချက်တစ်ခု ပါဝင်ပါသည်။92 အချို့သော ပြဌာန်းချက်များသည် ရှင်းလင်းတိကျမှုမရှိပဲ အကြောင်းအရာများကို ဖယ်ရှားခြင်းအတွက် အသုံးပြု၍ရနိုင်သော်လည်း ဥပဒေတွင် ဤအကြောင်းအရာအတွက် ကြားခံများအား တာဝန်ရှိသည်ဟု အတိအလင်း မဖော်ပြထားပါ။93 ကန့်သတ်ချက်များအပေါ် အယူခံဝင်ရန်အတွက် လမ်းကြောင်းလည်း မရှိသေးပါ။94 ထို့အပြင် အလွဲသုံးစားမှုမှ ကာကွယ်ပေးနိုင်မည့် တစ်ခုတည်းသော အကာအကွယ်ဖြစ်သည့် MCRC (မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်)ကို မတည်ထောင်ရသေးပါ (A5 ကိုကြည့်ပါ)။

MCRC နေရာအစား PTD (ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန)သည် အကြောင်းအရာ ကန့်သတ်ချက်ခြင်းအပေါ် ချုပ်ကိုင်မှုကို ဆက်လက် ထိန်းသိမ်းထားသည်။ PTD သည် အကြောင်းအရာ ကန့်သတ်မှုအပေါ် ဘယ်သူက၊ ဘယ်ချိန်၊ ဘယ်လို ဆုံးဖြတ်သည် စသော လုပ်ထုံးလုပ်နည်းဆိုင်ရာ သတင်းအချက်အလက်ကို ထုတ်ပြန်ခြင်းမရှိပါ။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ဆို့ခြင်း အမိန့်၊ ဝက်ဘ်ဆိုက်ပိတ်ပင်ခြင်းအမိန့် စသည်တို့နှင့် ပတ်သက်သော အစိုးရ၏ ညွှန်ကြားချက်များကို ထုတ်ပြန်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် အသုံးပြုသူများသည် အကြောင်းအရာ ကန့်သတ်ခြင်းနှင့် ပတ်သက်သော အချက်အလက်များ ပိုမိုသိရှိရန် ဆက်သွယ်ရေးကုမ္ပဏီများနှင့် အရပ်ဘက်အဖွဲ့စည်းများမှ စမ်းသပ်မှုများအပေါ်ကိုသာ အားကိုးနေရသည်။95 ညွှန်ကြားချက်များကို လက်ခံရရှိသူများသည် အမိန့်၏ သတ်မှတ်ချက်များ အတိအကျကို တခါတရံ ထုတ်ပြန်လိုခြင်း မရှိကြသလို ညွှန်ကြားချက်များသည် ဥပဒေနှင့် လျော်ညီမှုရှိ၊မရှိကို စစ်ဆေးမည့် ဥပဒေရေးရာ အရေးယူမှုများကိုလည်း မသိရှိရပါ။

ဖေ့စ်ဘွတ်ခ်အကောင့်နှင့် စာမျက်နှာများသည် သီးခြားပြသနာမည်မည်ရရမရှိဘဲ ဖျက်သိမ်းခံနေရပြီး၊ ဖေ့စ်ဘွတ်ခ်၏ မူဝါဒများမှာ အကျိုးသင့်အကြောင်းသင့် မဖြစ်တော့ပါဟု အရပ်ဘက်အဖွဲ့စည်းများမှ စိုးရိမ်မှုများကို ဆက်လက်ပြောဆိုလာပြီးနောက် ဖေ့စ်ဘွတ်ခ်သည် အကောင့်နှင့် စာမျက်နှာဖယ်ရှား ခြင်းအတွက် ၎င်း၏ အယူခံဝင်မှုလုပ်ငန်းစဉ်ကို တိုးချဲ့ လုပ်ဆောင်ခဲ့သည်။96 97 တက်ကြွလှုပ်ရှားသူ အချို့သည် ဖေ့စ်ဘွတ်ခ်၏ အချို့သော ဖယ်ရှားမှုများသည် အရေးကြီးသော နိုင်ငံတွင်း ပုဂ္ဂိုလ်/အဖွဲ့ အစည်းနှင့် ပတ်သက်သည့် ပြည်သူလူထု၏ သတင်းအချက်အလက်ရယူပိုင်ခွင့်အပေါ် ထိခိုက်စေခဲ့သည်ဟု ဆက်လက်၍ ဝေဖန်သုံးသပ်ကြသလို ဖေ့စ်ဘွတ်ခ်သည် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများနှင့် ထင်မြင်သုံးသပ်ချက်များအပါအဝင် အခြားကျယ်ပြန့်သော တရားဝင်သည့် အကြောင်းအရာများကို အကုန်ဖယ်ရှားပစ်ခဲ့သည်ဟု ဝေဖန်ကြသည်။98 ဥပမာ အချို့မီဒီယာဌာနများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများသည် ၎င်းတို့၏ အကြောင်းအရာများ၊ အထူးသဖြင့် တားမြစ်ထားသော အဖွဲ့အစည်းများအကြောင်းကို သတင်းတင်ဆက်ထားသော အကြောင်းအရာများမှာ မှားယွင်းစွာ ဖယ်ရှားပစ်ခြင်းခံရသည်ဟု စွပ်စွဲထားသည်။99 အရပ်ဘက်အဖွဲ့စည်းများမှ တောင်းဆိုမှုများ100 ရှိသော်လည်း ဖေ့စ်ဘွတ်ခ်သည် ၎င်း၏ ကန့်သတ်မှုများနှင့် ပတ်သက်၍ အနည်းအကျဉ်းမျှသာ ပွင့်လင်းမြင်သာမှု ရှိသည်။

ဖေ့စ်ဘွတ်ခ်သည် ၎င်း၏ အယူခံဝင်မှု လုပ်ငန်းစဉ်အသစ်နှင့် ပတ်သက်၍လည်း အလားတူပင် ပွင့်လင်းမှုမရှိ၍ အကြောင်းအရာ ဖယ်ရှားသည့် ဆုံးဖြတ်ချက်များအပေါ်၌လည်း သတင်းအချက်အလက်များကို မည်မည်ရရ ထုတ်ပြန်ခြင်းမရှိပါ။ ထိုကဲ့သို့ ရှင်းလင်းပြတ်သားမှု မရှိခြင်းသည် အရေးပါသော အတွင်းရေး ပြဿနာများ ဖြစ်သည့် ဘာသာစကား ကျွမ်းကျင်မှုနှင့် နောက်ခံအသိဗဟုသုတ မရှိသော သေချာလေ့ကျင့်မပေးထားသည့် ဝန်ထမ်းများ၊ ပြဿနာများရှိပြီး လုံလောက်စွာ မဖွံ့ဖြိုးသေးသော အလိုလျောက် ဆောင်ရွက်နည်းစနစ် (algorithms) များ101 ၊ (ပြစ်မှု ပြစ်ဒဏ်)အချိုးညီမျှမှု မရှိသော ဆုံးဖြတ်ချက်ချခြင်းများ၊102 စသည်တို့ကို ဖုံးကွယ်ပေးထားသည်ဟု အရပ်ဘက်အဖွဲ့အစည်းများထဲမှ အချို့က သံသယရှိကြသည်။

B4: အွန်လိုင်း သတင်းထောက်များ၊ သုံးသပ်ဝေဖန်သူများနှင့် သာမန်အသုံးပြုသူများသည် မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်မှုကို ကျင့်သုံးပါသလား။ (၀-၄ မှတ်) (၁ / ၄)

အွန်လိုင်းပေါ်တွင် မိမိကိုယ်ကို ဆင်ဆာဖြတ်ခြင်းသည် ကျယ်ပြန့်စွာ ပျံနှံ့နေဆဲဖြစ်ပြီး ၎င်းမှာ သတင်းထောက်များအကြား အပါအဝင် ဖြစ်သည်။103 စစ်တပ်၊ စီးပွားရေးလုပ်ငန်းကြီးများ၊ လက်နက်ကိုင် ပဋိပက္ခ၊ ဘာသာရေးအပါအဝင် အချို့ ထိခိုက်လွယ်သော လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းလာလျှင် စာနယ်ဇင်းသမားများ၊ အွန်လိုင်း ပုဂ္ဂိုလ်ကျော်များနှင့် သာမန်အသုံးပြုသူများသည် အစိုးရ၏ ပုံဖော်ပြောဆိုပုံနှင့် သဘောတူညီအောင် ဖိအားအမျိုးမျိုးပေးမှုကို ရင်ဆိုင်နေရသည်။104 စစ်တပ်အုပ်ချုပ်မှု ကာလအတွင်း ကျင့်သုံးခဲ့သည့် ကလောင်အမည်များကို အသုံးပြုသည့် အလေ့အထသည် လူအများအတွက် မိမိအပေါ် ဂယက်ရိုက်မှုကို သိပ်ကြောက်ရွံ့စရာမလိုပဲ ပြောနိုင်ဆိုနိုင်စေခဲ့ရာ ဖေ့စ်ဘွတ်ခ်နှင့် အခြား လူမှုမီဒီယာ ပလက်ဖောင်းများက ထို အမည်ဝှက်အလေ့အထအား တားမြစ်ထားသည့် ကြားမှပင် အွန်လိုင်းတွင် အများက ဆက်လက်ကျင့်သုံးနေသည်ကို တွေ့ရသည်။105 အသုံးပြုသူများသည် ဖေ့စ်ဘွတ်ခ်ကဲ့သို့သော အကြောင်းအရာဝေမျှနိုင်ရန် နေရာပေးသူ(content host)များမှ အလိုအလျောက် ဖော်ထုတ် ဖယ်ရှားနိုင်သည်ဟု ယူဆရသော စကားလုံးများ၊ စကားစုများအပေါ် မည်မျှပင် တရားဝင်ဖြစ်နေစေကာမူ မိမိကိုယ်ကို ဆင်ဆာဖြတ်ရန် သင်ယူလာကြသည်။106

မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်ခြင်းကို ရိုဟင်ဂျာအကြောင်း ဆွေးနွေးခြင်း (သို့) တင်ဆက်ခြင်းများတွင် အထူးသဖြင့် တွေ့ရသည်။107 ဥပမာ အချို့ သတင်းထောက်များနှင့် သတင်းမီဒီယာများသည် အင်တာနက်ပေါ်မှ လူအများ၏ တန်ပြန်တုံ့ပြန်မှု နည်းပါးစေရန်“မွတ်စလင်” ကဲ့သို့သော အသုံးအနှုန်းများကို အသုံးပြုရန် ရွေးချယ်ခဲ့ကြသည်။ ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်နှင့် ချိတ်ဆက်ရန် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်သည့် “ဘင်္ဂါလီ” ဟူသော ဝေါဟာရကို တစ်ခါတစ်ရံတွင် အသုံးပြုသည်။108 ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများသည် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုအကြောင်း သတင်းအချက်အလက်များကို ဖြန့်ဝေရန် လူမှုမီဒီယာများနှင့် နိုင်ငံတကာ သတင်းမီဒီယာများကိုသာ အဓိက မှီခိုအားထားနေရသည်။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ထိုအကြောင်းကို တင်ဆက်ခြင်းအားဖြင့် ၎င်းနှင့် ဆက်နွှယ်နေသည့် လုံခြုံရေးနှင့် ဘဏ္ဏာရေး အန္တရာယ်များဖြစ်ကြသည့် အကြမ်းဖက်မှုများနှင့် သပိတ်မှောက်မှုများကို မည်သည့် ပြည်တွင်းမီဒီယာကမှ မရင်ဆိုင်လို၍ ဖြစ်သည်။109 ကမ္ဘာ့အကြီးဆုံး မီဒီယာကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် ရိုက်တာ သတင်းဌာနအား အွန်လိုင်းအသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းနှင့် ၎င်း၏ သတင်းထောက်နှစ်ဦးကို ပြစ်ဒဏ်ချမှတ်ခြင်းသည် ထိုအန္တရာယ်၏ လေးနက်မှုကို ထောက်ပြနေသည် (C3 ကို ကြည့်ပါ)။110

သတင်းထောက်များနှင့် လူ့အခွင့်အရေးခုခံသူများအကြားတွင် ကျား၊မ ကွဲပြားမှု အရေးကိစ္စများနှင့် ပတ်သက်၍ မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်ခြင်းသည်လည်း အွန်လိုင်းပေါ်တွင် ပျံနှံ့နေသည်။ 111 လိင်ပိုင်းဆိုင်ရာကိစ္စများနှင့် အမျိုးသမီး ခန္ဓာကိုယ်နှင့် ပတ်သက်သော အကြောင်းများကို အွန်လိုင်းပေါ်တွင် ဆွေးနွေးသော အမျိုးသမီးများသည်လည်း မကြာခဏ နှောင့်ယှက်၊ စော်ကားခံရသည်။ 112 ဥပမာ တစ်ကမ္ဘာလုံးတွင် ပြုလုပ်ခဲ့သော #MeToo လှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် အစပိုင်း၌ အရှိန်ရခဲ့သော်လည်း ထုတ်ပြောဆိုခဲ့သော အခြားအမျိုးသမီးများ ခြိမ်းခြောက်ခံရသည်ကို မြင်ရပြီးနောက်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျော်လွှားခဲ့သူများသည် အခုအခါ မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်နေကြသည်ဟု အချို့ တက်ကြွလှုပ်ရှားသူများက အခိုင်အမာ ပြောပါသည်။ 113

B5: နိုင်ငံရေးအကျိုးစီးပွား တိုးမြှင့်ရန် သတင်းအချက်အလက်များ၏ အွန်လိုင်းအရင်းအမြစ်များကို အစိုးရမှ သို့မဟုတ် အခြား သြဇာကြီးသော ပုဂ္ဂိုလ်/အဖွဲ့အစည်းများမှ ထိန်းချုပ်ထားပါသလား သို့မဟုတ် ခြယ်လှယ်ထားပါသလား။ (၀-၄ မှတ်) (၁ / ၄)

အစိုးရနှင့် စစ်တပ်သည် ပြည်သူ့ရေးရာအကြောင်း ဆွေးနွေးပြောဆိုမှုအပေါ် ဆက်လက်၍ လွှမ်းမိုးနေပြီး သတင်းအချက်အလက်များကို ပြည်တွင်း၌ ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ မီဒီယာလွတ်လပ်ခွင့်ရရှိရန် ၎င်းတို့တွင် ဆန္ဒရှိကြောင်း နှစ်ပေါင်းများစွာ အတည်ပြု ပြောကြားခဲ့သော်လည်း အာဏာရရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အများပြည်သူ ရရှိနိုင်သော သတင်းအချက်အလက်များကို ထိန်းချုပ်ရန်အတွက် အစိုးရပိုင်မီဒီယာ114 ကို ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။115 အကျိုးဆက်အနေဖြင့် အစိုးရနှင့် စစ်တပ်သည် ရုပ်မြင်သံကြားထုတ်လွှင့်မှု ကဏ္ဍတစ်ခုလုံးအပြင် ပုံနှိပ်မီဒီယာအများစုနှင့် ထိုနှစ်ခု၏ အွန်လိုင်းစာမျက်နှာများကို သတင်းထုတ်ပြန်ရေး ဝန်ကြီးဌာနမှ တဆင့်ဖြစ်စေ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းလုပ်ခြင်းမှ တဆင့်ဖြစ်စေ ထိန်းချုပ်ထားဆဲ ဖြစ်သည်။116 NLD အနေဖြင့် နိုင်ငံပိုင်မီဒီယာနှင့် ဖက်စပ်သတင်းမီဒီယာများရှိ အယ်ဒီတာ၏ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကို တိုးမြှင့်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များသည် ပျောက်လွင့်ကုန်ပြီဖြစ်သည်။117

အစိုးရသည် တစ်ခါတစ်ရံတွင် MOI Webportal Myanmar (ပြန်ကြားရေးဝန်ကြီးဌာန)118 ၊ Myanmar State Counsellor Office119 နှင့် Information Committee120 စသော ဖေ့စ်ဘွတ်ခ်စာမျက်နှာများကို အသုံးပြုပြီး အများသောအားသဖြင့် ရိုဟင်ဂျာအကြောင်းနှင့် ပဋိပက္ခအကြောင်း တို့နှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများမှ သတင်းတင်ဆက်မှု “အတု” များကို တိုက်ဖျက်ရန် အများပြည်သူအား "ဘက်မလိုက်သော" သတင်းအချက်အလက်များကို ထောက်ပံ့ပေးရန်အတွက် သုံးသည်ဟု ဆိုပါသည်။

ခြယ်လှယ်ထားသော အစိုးရထောက်ခံသည့် အကြောင်းအရာများသည် အွန်လိုင်းတွင်၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်အပေါ်တွင်၊ အလွန်ပျံ့နှံ့လာသည်။121 ၂၀၁၈ ခုနှစ်တွင် ပလက်ဖောင်းမှ တားမြစ်ပယ်ထုတ်ပစ်ခြင်း အပြုမခံရမီက စစ်တပ်သည် ဖေ့စ်ဘွတ်ခ်ပေါ်တွင် သွေးထိုးလှုံဆော်သော အကြောင်းအရာများကို ပုံမှန်ထုတ်ဝေခဲ့သည် (B2 ကို ကြည့်ပါ)။122 အရင်းအမြစ်အမျိုးမျိုးအရ စစ်တပ်အရာရှိ ၇၀၀ နီးပါးသည် ငါးနှစ်တာကြာမြင့်သော စနစ်တကျ သတင်းအချက်အလက် အတုအယောင်များဖြင့် စည်းရုံးလှုံ့ဆော်မှုတွင် ပါဝင်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်အပေါ်တွင် အကောင့်အတုများနှင့် စာမျက်နှာအတုများကို ဖန်တီးခြင်း၊ စီမံခြင်းတို့ကို ပြုလုပ်ကာ ၎င်းတို့မှတဆင့် မှားယွင်းသော၊ အထင်လွဲမှားစေသော၊ သွေးထိုးလှုံဆော်သော အကြောင်းအရာများ ဝေမျှခဲ့သည်။ အုပ်စုလိုက် စနစ်တကျ အဖျက်အနှောင့်ပေး(ထရိုး-troll-လုပ်)သော အကောင့်များသည် အကြောင်းအရာများကို ဖြန့်ဝေရာတွင် အသုံးပြုသူများဆီသို့ ပိုမိုရောက်ရှိရန် ကူညီခဲ့သည်ဟု စွပ်စွဲခဲ့သည်။123 ၂၀၁၉ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်သည် “မူမမှန်သော ညှိနှိုင်းဆောင်ရွက်နေသော အပြုအမူ”များ ပြုလုပ်နေသည့်အတွက် စာမျက်နှာများနှင့် အကောင့်များစွာကို ပိတ်ပင်ခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ စစ်တပ်နှင့် ဆက်စပ်သူများက ကိုင်တွယ်သော အကောင့်များဖြစ်သည်ဟု စွပ်စွဲခဲ့သည်။124

ဖေ့စ်ဘွတ်ခ်၊ Viber နှင့် WhatsApp တို့အပါအဝင် လူမှုမီဒီယာ ပလက်ဖောင်းများမှတဆင့် ရိုဟင်ဂျာနှင့် ပတ်သက်သည့် နှိမ့်ချစော်ကားပြီး အကြမ်းဖက်သော အပြောအဆိုများကို ဖြန့်ဝေနေသော အစွန်းရောက်များသည် အခြား ဘေးဖယ်ခံရသော အုပ်စုများအကြောင်းကိုပါ ဖြန့်ဝေရန် ၎င်းတို့၏ ပစ်မှတ်များကို ချဲ့ထွင်လာသည်။ ဖေ့စ်ဘွတ်ခ်မှ ပိတ်ပင်တားမြစ်ခြင်း အပြုမခံရမီက အစွန်းရောက် အမျိုးသားရေးဝါဒီသမား ဆရာတော် ဝီရသူသည် ၄င်း၏ ပို့စ်များနှင့် ဗီဒီယိုများမှ တစ်ဆင့် သတင်းတုသတင်းမှားများနှင့် မှားယွင်းသော ဇာတ်ကြောင်းများကို ပုံမှန်ဖြန့်ဝေခဲ့ပြီး ထိုအကြောင်းအရာများကို ထောင်ပေါင်းများစွာသော နောက်လိုက်များက ဝေမျှခဲ့ရာ ဝေဖန်သူများ အဆိုအရ ၎င်းတို့သည် လက်တွေ့ဘဝတွင် အကြမ်းဖက်မှုများကို ဖြစ်ပွားစေခဲ့ပါသည်။125 126 သူသည် မွတ်စလင်များအား ခွေးရူးများနှင့် နှိုင်းယှဉ်ခဲ့ပြီး လူသေလောင်းများပါသော ပုံများပေါ်တွင် မွတ်စလင်များက သတ်ဖြတ်ခဲ့သည့် ဗုဒ္ဓဘာသာဝင်များဟု ရေးသားထားသော စာသားများပါသော ရုပ်ပုံများကို ဝေမျှခဲ့သည်။127 ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် မှားယွင်းသော သို့မဟုတ် မုန်းတီးသော သတင်းအချက်အလက်များသည် ရိုဟင်ဂျာများ၊ မွတ်စလင်များ၊ အမျိုးသမီးများ၊ ရခိုင်များ၊ သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် အခြားသူများကိုလည်း ပစ်မှတ်ထားခဲ့ကြသည်။128 အရပ်ဘက် တက်ကြွလှုပ်ရှားသူများသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလများတွင် ၎င်းတို့ ပိုမို တိုးပွားလာမည်ကို စိုးရိမ်ကြသည်။129

ဝါဒဖြန့်မှုနှင့်အတူ၊ မရည်ရွယ်ဘဲပြန့်နှံ့သည့် အချက်အလက်မှားများသည် ဒစ်ဂျစ်တယ် တတ်မြောက်မှု အားနည်းခြင်း သို့မဟုတ် သတင်းအချက်အလက် မရနိုင်ခြင်း၊ ယုံကြည်စိတ်မချနိုင်ရခြင်း စသည်တို့ကို ရောင်ပြန်ဟက်လျှက် ပျံ့နှံ့နေသည်။

B6: အသုံးပြုသူများ၏ အွန်လိုင်းပေါ်တွင် အကြောင်းအရာများ ထုတ်ဝေနိုင်မှုအပေါ် ဆိုးကျိုးသက်ရောက်စေသည့် စီးပွားရေး သို့မဟုတ် ကြီးကြပ်ရေး ကန့်သတ်ချက်များ ရှိပါသလား။ (၀-၃ မှတ်) (၁ / ၃)

ဥပဒေအချို့တွင် အွန်လိုင်းပေါ်၌ အကြောင်းအရာများကို ဖြန့်ဝေလိုသော အသုံးပြုသူများအပေါ် ကြီးကြပ် ကန့်သတ်မှုများ ဖြစ်စေနိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သည်။ ထိုပြဋ္ဌာန်းချက်များဖြင့် တိုင်တန်းခြင်းများ မပြုလုပ်ဖူးသေးသော်လည်း ၂၀၁၄ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် စာနယ်ဇင်းတိုက်များ၊ သတင်းအေဂျင်စီများနှင့် ဝက်ဘ်ဆိုက်များအတွက် လိုင်စင်တင်ရခြင်းစနစ်ကို ထည့်သွင်းထားသည်ဖြစ်ရာ အကြောင်းအရာ ထုတ်ဝေသူများသည် အွန်လိုင်းထုတ်ဝေခြင်းများအတွက် အပါအဝင် အကြောင်းအရာများ မထုတ်လုပ်မှီ မှတ်ပုံတင်ရမည် ဖြစ်သည်။130 ၄င်းဥပဒေတွင် ပြစ်မှုအမျိုးမျိုးအတွက် မရှင်းလင်းပဲ ကျယ်ပြန့်စွာ အဓိပ္ပာယ် ကောက်ယူ၍ရသည့် အုပ်ချုပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာ ကန့်သတ်မှုများ ပါဝင်သည်။ ထိုထဲတွင် လိုင်စင်မရှိဘဲ ဝက်ဘ်ဆိုက် ပိုင်ဆိုင်ခြင်းလည်း အပါအဝင်ဖြစ်သည်။ လိုင်စင်များကို အစိုးရက အချိန်မရွေး ရုပ်သိမ်းနိုင်သည်။

ဆက်သွယ်ရေးဥပဒေတွင် ကွန်ရက်ဘက်မလိုက်ရေးဝါဒ (net neutrality)၊ အက်ပလီကေးရှင်းများမှ သို့မဟုတ် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများမှ ဒေတာ အခမဲ့ပေးသုံးခြင်း (zero-rating data)၊ ပွင့်လင်းသော အင်တာနက်ပေါ်လစီ (open internet policy) စသည်တို့ တစ်ခုခုနှင့်မှ သက်ဆိုင်သည့် တိကျသော ကြီးကြပ်မှုများ မရှိပါ။

B7: အွန်လိုင်း သတင်းအချက်အလက် နယ်ပယ်တွင် ထွေပြားစုံလင်မှု ကင်းမဲ့နေပါသလား။ (၀-၄ မှတ်) (၁ / ၄)

ပြည်သူ့ရေးရာအကြောင်းအရာများ ဆွေးနွေးခြင်းနှင့် မီဒီယာများအပေါ် အစိုးရနှင့် စစ်တပ် တို့၏ ထိန်းချုပ်မှုများသည် အွန်လိုင်းပေါ်၌ အမြင့်ရှုထောင့်များ ကွဲပြားစုံလင်မှုကို သိသိသာသာ အကန့်အသတ်ဖြစ်စေသည် (B5 ကို ကြည့်ပါ)။ စစ်တပ်၏ တရားဝင်အကောင့်များနှင့် စာမျက်နှာများကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့သော်လည်း (B2တွင် ကြည့်ပါ) ရိုဟင်ဂျာ ပဋိပက္ခနှင့် လူနည်းစုအုပ်စုများအကြောင်းအပါအဝင် အချို့သော အရေးကိစ္စများနှင့် ပတ်သက်သည့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်များသည် အွန်လိုင်းပေါ်တွင် ပြောဆိုမှုများအဖြစ် ဆက်လက်၍ ခြယ်လှယ်ထားဆဲ ဖြစ်သည်။ ထိုသဘောထား ရှုထောင့်များကို အစိုးရပိုင် ရုပ်သံလွှင့်မီဒီယာများတွင် ဖော်ပြပြီးလျှင် ဖေ့စ်ဘွတ်ခ်ပေါ်ရှိ အများပြည်သူ ပြောဆိုမှုအကြောင်းအရာအဖြစ် ရောက်ရှိလာသည်။ ထိုအကြောင်းအရာများကို စစ်တပ်နောက်ခံရှိသည့် အသုံးပြုသူများ သို့မဟုတ် အခြား စစ်တပ်ထောက်ခံသော အကောင့်များမှ ဖြန့်ဝေသည်။131

အစိုးရ၏ ဆင်ဆာဖြတ်တောက်ရန် ကြိုးပမ်းမှုများသည် လွတ်လပ်သော သတင်းရပ်ကွက်များမှ ထွက်ပေါ်လာသော အွန်လိုင်းအကြောင်းအရာများ၏ ထွေပြားစုံလင်မှုအပေါ်လည်း သက်ရောက်မှု ရှိသည်။ ဥပမာ ၂၀၁၉ ခုနှစ်တွင် စစ်တပ်သည် မီဒီယာများအား ပြည်တွင်းရှိ ပဋိပက္ခကို ရည်ညွှန်းသည့်အခါ “ပြည်တွင်းစစ်”ဟု ပြောဆိုခြင်း မပြုရန် တောင်းဆိုခဲ့သည်။132 ၂၀၁၇ ခုနှစ်တွင် အစိုးရသည် မီဒီယာအားလုံးအား ရိုဟင်ဂျာ အရေးအခင်းကို ရည်ညွှန်းရာတွင် “စစ်သွေးကြွ” သို့မဟုတ် “လက်နက်ကိုင်” ဟု မသုံးပဲ “အကြမ်းဖက်သမား” ဟူသော အသုံးအနှုန်းကို သုံးရန် အမိန့်ပေးခဲ့သည်။133 ၂၀၁၇ ခုနှစ်တွင်လည်း အချို့လေ့လာသုံးသပ်သူများ၏ အဆိုအရ ဘီဘီစီသည် “ရိုဟင်ဂျာ” ဟူသော စကားလုံး ပါဝင်သည့် “အစိုးရမှ တားမြစ်ထားသော စကားလုံးများ”ကို အသုံးပြုထားသောကြောင့် ဘီဘီစီ အစီအစဉ်များကို MNTV က ဖယ်ထုတ်ပစ်ပြီးနောက် MNTV နှင့် ဖက်စပ်ထုတ်လွှင့်မှုကို အဆုံးသတ်မည်ဟု ဘီဘီစီက ကြေညာခဲ့သည်။134 ၂၀၁၈ ခုနှစ် ဇွန်လတွင် အစိုးရ ရုပ်မြင်သံကြားတွင် “ရိုဟင်ဂျာ” ဟူသော စကားလုံးကို ဆင်ဆာဖြတ်ရန် အစိုးရသည် ထပ်ခါတလဲလဲ ကြိုးစားသည့်နောက် Radio Free Asia (RFA) သည် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နှင့် ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်သည်။135 သို့သော် RFAသည် လူမှုမီဒီယာပေါ်တွင် မြန်မာနိုင်ငံအကြောင်းကို ဆက်လက် တင်ဆက်ပါမည်ဟု ပြောခဲ့သည်။136

အစီရင်ခံစာ ကာလအတွင်း မြန်မာပြည်တွင် အများဆုံးကြည့်ရှုခဲ့သော ဝက်ဘ်ဆိုက်များမှာ ဂူဂဲလ်(Google)၊ YouTubeနှင့် ဖေ့စ်ဘွတ်ခ်တို့ ဖြစ်သည်။137 သို့သော် လူအနည်းငယ်ကသာ အင်တာနက် ဘရောင်ဇာ (browser) များကို သုံးကြပြီး သုံးစွဲသူအများစုက သူတို့၏ မိုဘိုင်းဖုန်းများပေါ်ရှိ ဖေ့စ်ဘွတ်ခ် အက်ပလီကေးရှင်းကို ပိုနှစ်သက်ကြသည်။ လူကြိုက်အများဆုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာများအကုန်လုံးသည် မီဒီယာဌာနများ၏ စာမျက်နှာများ ဖြစ်ကြသည်။ အချို့မှာ ပြည်ပအခြေစိုက်ဖြစ်ပြီး အစိုးရထိန်းချုပ်ထားသည့် စာမျက်နှာတစ်ခုမှ မပါပေ။138

B8: အထူးသဖြင့် နိုင်ငံရေးနှင့် လူမှုရေးကိစ္စရပ်များနှင့် ပတ်သက်၍ အသုံးပြုသူများ၏ လှုပ်ရှားဆောင်ရွက်ခြင်း၊ အစုအဖွဲ့ တည်ထောင်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း စသည့်လုပ်နိုင်စွမ်းကို အခြေအနေအရပ်ရပ်က တားဆီးနေပါသလား။ (၀-၆ မှတ်) (၄ / ၆)

လူစုရန်နှင့် စည်းရုံးရန် အသုံးပြုသော အွန်လိုင်း ကိရိယာများကို လွတ်လွတ်လပ်လပ် ရယူနိုင်သည်။ အင်တာနက်ကို တက်ကြွလှုပ်ရှားမှုအတွက် ဆက်လက် အသုံးပြုနိုင်ဆဲဖြစ်ပြီး အချို့မှာ အောင်မြင်ခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများထဲမှ အများစုသည် သတင်းမီဒီယာကြီးများထက် ဖေ့စ်ဘွတ်ခ်ကို ၄င်းတို့၏ စိုးရိမ်ချက်များနှင့် ပတ်သက်၍ အသိပညာ တိုးမြှင့်ရာ၌လည်းကောင်း၊ အစိုးရ တုန့်ပြန်မှုရရှိစေရန်လှုံဆော်ရာ၌လည်းကောင်း အကောင်းဆုံး ကိရိယာ(TOOL)အဖြစ် သတ်မှတ်ယူဆကြသည်။ သို့သော်လည်း အစီရင်ခံစာ ကာလအတွင်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ စစ်တပ်နှင့် အမျိုးသားရေး အစွန်းရောက် အုပ်စုများအပေါ် ဖေ့စ်ဘွတ်ခ်၏ကန့်သတ်ချက်များသည် ပြည်သူများ၏ရေးသားပြောဆိုမှုများအပေါ် သက်ရောက်စေခဲ့သောကြောင့် ၄င်းတို့၏ ကြိုးပမ်းအားထုတ်မှုများသည် ဘောင်ကျဉ်းလာခဲ့သည် (B2 နှင့် B3 ကိုကြည့်ပါ)။

အစီရင်ခံစာ ကာလအတွင်း အကြီးမားဆုံး အွန်လိုင်းကမ်ပိန်းများထဲမှ တစ်ခုမှာ မြို့တော် နေပြည်တော်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတစ်ခု၌ လိင်အကြမ်းဖက်ခံရသည့် ကလေးငယ် ဗစ်တိုးရီးယားအတွက် သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုသော လှုပ်ရှားမှုတစ်ခုပင် ဖြစ်သည်။139 ဤအောက်ခြေလူထုများပါဝင်သောလှုပ်ရှားမှုသည် သူ့အလိုလို ကြီးထွားလာခြင်းဖြစ်ပြီး လှုမှုကွန်ရက်ပေါ်၌ အသုံပြုသူများစွာက ၄င်းတို့၏ ပရိုဖိုင်း ဓာတ်ပုံများ ပြောင်းလဲ၍ တစ်ခဲနက် ထောက်ခံခဲ့ကြသည်။

အစီရင်ခံစာ ကာလအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်မှုကို အဆုံးသတ်ရန် တောင်းဆိုသည့် #StopInternetShutdownMM အွန်လိုင်းလှုပ်ရှားမှုများအား ပြင်ပဆန္ဒထုတ်ဖော်မှုများဖြင့်ပါ ပူပေါင်း၍ ပြုလုပ်ခဲ့ကြသည်။140 ၂၀၂၀ ဖေဖော်ဝါရီလတွင် အင်တာနက် ချိတ်ဆက်မှု ကန့်သတ်ခြင်းအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော ကျောင်းသား(၉)ဦးသည် မဖြစ်မနေလိုအပ်သည့် အစိုးရ၏ခွင့်ပြုချက်မပါပဲ ပြုလုပ်ခဲ့သာကြောင့် ဖမ်းဆီးခံခဲ့ရသည်။141 အစီရင်ခံစာ ကာလနောက်ပိုင်း ၂၀၂၀ ဇွန်လတွင် အရပ်ဘက်အဖွဲ့များသည် အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲတစ်ခုကို စီစဉ်ခဲ့သည်။142 ဇွန်လ၌လည်း အင်တာနက်ဖြတ်တောက်မှုနှင့် ပတ်သက်သည့် စာတန်းပါ ပိတ်စချိတ်ဆွဲခဲ့ခြင်းအပါအဝင် ပြင်ပ၌ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် တက်ကြွလှုပ်ရှားသူ(၆)ဦးအား ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ရဲများကို အကြောင်းကြားခြင်းမရှိဘဲ စုရုံးခဲ့သည့်အတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။။143 ၂၀၂၀ စက်တင်ဘာလတွင် တက်ကြွလှုပ်ရှားသူများထဲမှ တစ်ဦး ဖြစ်သည့် မောင်ဆောင်းခသည် ထောင်ဒဏ် ၁၅ ရက် အစား ကျပ်သုံးသောင်း ဒဏ်ငွေချမှတ်မှုဖြင့် ပြစ်မှုစီရင်ခြင်းခံခဲ့ရသည်။144

၂၀၁၈ ခုနှစ်တွင် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ခံ အစိုးရထက် စစ်တပ်က ပြည်သူလူထုအား ပို၍ကိုယ်စားပြုသည်ဟု ပြောဆိုခဲ့စဉ်က ပြည်သူလူထုက ဖေ့စ်ဘွတ်တွင် “စစ်တပ်က ငါ့ကိုကိုယ်စားမပြု”ဟူ ကြွေးကြော်သံဖြင့် သောင်းသောင်းသဲသဲ ကန့်ကွက်ခဲ့ကြသည်။145 ရိုက်တာ (Reuters) သတင်းထောက်များဖြစ်သော ဝလုံးနှင့် ဦးကျော်စိုးတို့ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ၌ အကျဉ်းချခံရပြီးနောက် သတင်းဝက်ဘ်ဆိုက်များအား အမှောင်ချခြင်းကို ကိုယ်စားပြုသော အနက်ရောင်အစက်များဖြင့် ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းဓာတ်ပုံများကို ပြောင်းလဲခဲ့ကြပြီး #ArrestMeToo သည်လည်း ဖေ့စ်ဘွတ်ခ်နှင့် Twitter တွင် အသုံးများခဲ့သည်။146 အခြား ဥပမာတစ်ခုအနေဖြင့် ၂၀၁၇ #SayNOto66d လှုပ်ရှားမှု147 သည် အသရေဖျက်မှုကို ရာဇဝတ်မှုမှ ဖျက်ပေးဖို့အရေး အာရုံစိုက်လာစေရန် ၂၀၁၈ နှောင်းပိုင်တွင် ပိုတိုးချဲ့ခဲ့သည်။148

အရေးအကြီးဆုံးသော အွန်လိုင်းလှုပ်ရှားမှုများထဲမှ အချို့မှာ ရိုဟင်ဂျာတို့၏ အကျဉ်းအကျပ်ကို တုံ့ပြန်ခြင်းပင် ဖြစ်သည်။ ရိုဟင်ဂျာအရေး ဒစ်ဂျစ်တယ်လှုပ်ရှားသူများသည် ပြည်ပရောက် အသိုင်းအဝန်း အပါအဝင် ရိုဟင်ဂျာ ကွန်ယက်များကို အားကောင်းစေရန် လူမှုမီဒီယာကို အသုံးပြုပြီး တပြိုင်နက်တည်းတွင် အခြားထောက်ပံ့ပေးသူများဆီသို့လည်း အကူအညီတောင်းခဲ့ကြသည်။149 လူမှုမီဒီယာသည် မီဒီယာကြီးများက အများသောအားဖြင့် လစ်လျူရှုထားသည့် လိင်အကြမ်းဖက်မှုများ၊ လုယက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူသတ်မှု150 တို့နှင့် ပတ်သက်သော ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် သက်သေခံချက်များကို မျှဝေခြင်းအတွက် အလွန်အသုံးဝင်သည်။

အသုံးပြုသူ အခွင့်အရေးများကို ချိုးဖောက်မှုများ

အင်တာနက်အသုံးပြုသူများကို အသရေဖျက်မှု ဥပဒေအမျိုးမျိုးဖြင့် ရာဇဝတ်မှုမြောက်စေမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းတွင် အစိုးရအား အွန်လိုင်းပေါ်တွင် ဝေဖန်မှုကို အပြစ်ပေးနိုင်သော ပြဋ္ဌာန်းချက်များ ပါဝင်လာနိုင်သည်ဟု အစိုးရမှ အရိပ်အမြွက်ပေးခဲ့သည်။ အစိုးရနှင့် စစ်တပ်မှ ပြုလုပ်သော အွန်လိုင်းစောင့်ကြည့်မှုများမှ တစ်ဆင့် အသုံးပြုသူများကို ခြိမ်းခြောက်မှုများသည် အဖြစ်များနေဆဲဖြစ်သည်။ ကျား၊မ ရေးရာနှင့် "ထိလွယ်ရှလွယ်" ကိစ္စများဟု ခေါ်ကြသော အကြောင်းများကို ဆွေးနွေးသော အသုံးပြုသူများနှင့် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်များရှိ ပဋိပက္ခများအကြောင်းကို သတင်းတင်ဆက် (သို့) ဆွေးနွေးသူများသည်လည်း နှောင့်ယှက်မှုများကို တွေ့ကြုံကြရသည်။

C1: ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများသည် အင်တာနက်ပေါ်တွင် အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ သတင်းအချက်အလက်ရယူခွင့်နှင့် သတင်းလွတ်လပ်ခွင့် စသည့် အခွင့်အရေးများကို ကာကွယ်ရန် ပျက်ကွက်ပါသလား။ ထိုဥပဒေများအား အမှီအခိုကင်းမဲ့သည့် တရားစီရင်ရေးအဖွဲ့က တင်းကြပ်ထားပါသလား။ (၀-၆ မှတ်) (၁ / ၆)

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများသည် အွန်လိုင်းပေါ်ရှိ လူ့အခွင့်အရေးကို ကာကွယ်ရန် ပျက်ကွက်သည်။ စစ်တပ်မှ မူကြမ်းရေးဆွဲပြီး ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတွင် ချို့ယွင်းချက်များဖြင့် အတည်ပြုခဲ့သော လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေတွင် "နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး” သည် တိုင်းပြည်၏ ရည်ရွယ်ချက် (၆) ခု အနက်မှ တစ်ခုဖြစ်သည်ဟု ဖော်ပြထားသည်။151 ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အကန့်အသတ်အများအပြား ရှိနေသော်လည်း နိုင်ငံသားများအတွက် “မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်”152 နှင့် “စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့်”153 စသည့်ဖြင့် တိကျသည့် အာမခံချက်များကို ပေးထားသည်။ သို့သော် ၎င်းတို့မှာ "နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်"154 မှသာ ဖြစ်သည်ဟု ပြောထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အင်တာနက် သို့မဟုတ် သတင်းအချက်အလက်ရယူခွင့်နှင့် တိုက်ရိုက်ပတ်သက်သော ပြဋ္ဌာန်းချက်များ မပါဝင်ပါ။ သို့သော်လည်း ပုဒ်မ ၉၆ နှင့် ဇယား ၁(၈) တို့တွင် လွှတ်တော်အား အင်တာနက်ကို ကြီးကြပ်ရေးနှင့် သက်ဆိုင်သော ဥပဒေများကို ပြဋ္ဌာန်းရန် အာဏာအပ်နှင်းထားသည်။ ၂၀၁၉ ဖေဖော်ဝါရီလတွင် အစိုးရသည် အင်တာနက်နှင့် သတင်းအချက်အလက် ရယူခွင့်ကို ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအား အကြံပြုဖို့အတွက် ပူးတွဲလွှတ်တော်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။155 ထိုနှစ်နှောင်းပိုင်းတွင် အရပ်ဘက်အဖွဲ့အစည်း ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့က အင်တာနက်ပေါ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်နှင့် သက်ဆိုင်သော သူတို့၏ တောင်းဆိုချက်များကို တင်သွင်းခဲ့ကြသည်။156 ကော်မတီ၏ နောက်ဆုံးအကြံပြုချက်များတွင် လူ့အခွင့်အရေး (သို့) အထူးသဖြင့် အင်တာနက်လွတ်လပ်ခွင့်အတွက် ခိုင်မာသော ပြောင်းလဲမှုများ မပါဝင်ပါ။

တရားမျှတသော တရားစီရင်ပိုင်ခွင့် အခွင့်အရေးများကို တရားရုံးများတွင် မကြာခဏ ချိုးဖောက်လေ့ရှိသည်၊ ဥပမာ တရားခံအနေနှင့် ထိရောက်သော ကိုယ်စားပြုမှုမရရှိခြင်း၊ တရားရုံး၏ စာရွက်စာတမ်းများကို လက်လှမ်းမီမှု အကန့်အသတ်ရှိခြင်းနှင့် တရားသူကြီးများသည် တရားစွဲဆိုမှုများတွင် ဂရုစိုက်မှုအပြည့်အဝ မရှိခြင်း စသည်တို့ ဖြစ်လေ့ရှိသည်။157 အွန်လိုင်းလှုပ်ရှားမှုနှင့် သက်ဆိုင်သော တရားစစ်ဆေးမှုများတွင် အများသောအားဖြင့် သိသာထင်ရှားသော လုပ်ထုံးလုပ်နည်းဆိုင်ရာ အမှားများ၊ နည်းလမ်းပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှု မရှိသော သက်သေအထောက်အထားများနှင့် အမြစ်တွယ်နေပြီသော အလေ့အထဖြစ်သည့် တရားစီရင်သူများမှ ကျွမ်းကျင်သူ၏ ထွက်ဆိုချက်ဖြင့် တိုင်ပင်ဆွေးနွေးလိုစိတ် မရှိခြင်း စသည်တို့ ပါဝင်သည်။158 အမှုတွဲအများစုတွင် တရားရုံးများသို့ အလွယ်တကူ အတုပြုလုပ်၍ရသော ဒစ်ဂျစ်တယ် အကြောင်းအရာများကို စာရွက်ပေါ်တွင် ထုတ်ကာ တင်ပြကြပြီး ထို သက်သေအထောက်အထားများ၏ စစ်မှန်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ခွင့်ပြုနိုင်မှု စသည်တို့ကို မစစ်ဆေးပဲ တရားစီရင်ချက်ချခဲ့သည်လည်း ရှိခဲ့သည်။159

ဝင်ရောက်စွက်ဖက်ခြင်းကြောင့်လည်း တရားစီရင်ရေးလွတ်လပ်မှုသည် ဟန့်တားခံနေရသည်။ တရားသူကြီးများကို သမ္မတက ရွေးချယ်တင်မြှောက်ထားပြီး ရွေးကောက်ခံရသူမှာ ရာထူးအတွက် တရားဝင် အရည်အချင်းများနှင့် မကိုက်ညီကြောင်း လုံးဝသိသာ ထင်ရှားစွာ သက်သေပြနိုင်မှသာ ဥပဒေပြုသူများက ထိုရွေးချယ်မှုကို ငြင်းပယ်နိုင်သည်။ တရားရုံးများသည် ယေဘုယျအားဖြင့် အစိုးရ၏ အကျိုးစီးပွားနှင့်အညီ အမှုများကို စီရင်ဆုံးဖြတ်သည်။ အထူးသဖြင့် နိုင်ငံရေးကိစ္စနှင့် ဆက်နွယ်နေသော အမှုကြီးများတွင် ဖြစ်သည်။

ဥပဒေ အရေအတွက်တစ်ချို့သည် အွန်လိုင်းမီဒီယာ လွတ်လပ်ခွင့်ကို ပစ်မှတ်ထားသည်။ ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၏ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်တွင် analogue ရုပ်သံလွှင့်ခြင်းမှ digital သို့ ကူးပြောင်းခြင်းကို ရှင်းလင်းထားခြင်းမရှိရာ အစိုးရမှ ရုပ်သံထုတ်လွင့်သူများနှင့် အွန်လိုင်းမီဒီယာကို ထိန်းချုပ်ရန် အလွဲသုံးစားလုပ်နိုင်မည့် ဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။160 ၂၀၁၈ ခုနှစ်တွင် မီဒီယာနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို ဖြေရှင်းသည့် အမှီအခိုကင်းသော အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ဒီဂျစ်တယ်မီဒီယာကို ကြီးကြပ်သော ၂၀၁၄ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ရန် အစိုးရကို အဆိုပြုတင်သွင်းခဲ့သည်။ ဤအဆိုပြုလွှာသည် မီဒီယာလွတ်လပ်ခွင့်အပေါ် အပြုသဘောဖြင့် (သို့) အဆိုးသဘောဖြင့် အကျိုးသက်ရောက်စေမည်လား ဆိုသည်မှာ မရှင်းလင်းပါ။161 ၂၀၁၇ ကတည်းက ပထမဆုံးအကြိမ် အဆိုပြုထားသော သတင်းအချက်အလက် ရယူဖြန့်ဝေခွင့် ဥပဒေ မူကြမ်းသည် ၂၀၂၀ မေလအထိ အတည်မပြုရသေးပါ။162 ယင်းအစား သတင်းအချက်အလက်နှင့် သက်ဆိုင်သော ဥပဒေအသစ်များနှင့် မူကြမ်းအသစ်များကြောင့် ၎င်းမှာ အားပျော့နေသည်။ ၂၀၁၉ ဒီဇင်ဘာလတွင် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကို ပြဋ္ဌာန်းခဲ့ရာ သတင်းအချက်အလက်နှင့် ရယူဖြန့်ဝေခွင့်ကို ကန့်သတ်စေသကဲ့သို့ အွန်လိုင်း စာရွက်စာတမ်းများအပါအဝင် အစိုးရ စာရွက်စာတမ်းများအား လျှို့ဝှက်ရေး စံချိန်စံညွှန်းများကို ဆက်လက်ထိန်းသိမ်းနိုင်စေပြီး တစ်ချိန်တည်းတွင် ထိုစာရွက်စာတမ်းများကို ဝေမျှခြင်းသည်လည်း ရာဇဝတ်မှုမြောက်စေပါသည်။163

C2: အွန်လိုင်းလှုပ်ဆောင်မှုများကို ရာဇဝတ်မှု သို့မဟုတ် ဒါဏ်ငွေချမှတ်မှု သတ်မှတ်ထားသော ဥပဒေများရှိ ပါသလား။ (၀-၄ မှတ်) (၀ / ၄)

ဥပဒေတော်တော်များများသည် အွန်လိုင်းလုပ်ဆောင်မှုကို ပေါ်ပေါ်ထင်ထင် အပြစ်သတ်မှတ်ထားပြီး အင်တာနက်အသုံးပြုသူများကို ထောင်ချရန် အသုံးပြုဖူးသည်။ ဆက်သွယ်ရေးဥပဒေကို ကမ္ဘာ့ဘဏ်(World Bank)164 ၏ အထောက်အပံ့ဖြင့် ယခင်အစိုးရက ၂၀၁၃ တွင် ရေးဆွဲခဲ့သည်။ ၎င်းသည် မိုဘိုင်းဝန်ဆောင်မှုပေးသူများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူ(ISP)များ အပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို လိုင်စင်ချပေးရန်အတွက် အဓိကမူဘောင် ဖြစ်သည်။ ကဏ္ဍတွင်းမှ ပတ်သက်သူများသည် ထိုဥပဒေကို လိုအပ်နေသော ပြောင်းလဲမှု၏ လက္ခဏာတစ်ခုအဖြစ် ကြိုဆိုခဲ့165 သော်လည်း ယခင်အစိုးရသည် အနှောင့်အယှက်ဖြစ်စေနိုင်သော ပြဋ္ဌာန်းချက်အမျိုးမျိုးကို ထည့်သွင်းခဲ့သည်။ ၎င်းတို့တွင် အသရေဖျက်မှုအပါအဝင် အမျိုးမျိုးသော အွန်လိုင်းလုပ်ဆောင်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် မရှင်းမလင်း ရေးသားထားသော ပြဋ္ဌာန်းချက် ပုဒ်မ ၆၆ (ဃ)နှင့် “မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း"အား ပြစ်မှုဟု သတ်မှတ်သော ပုဒ်မ ၆၈166 တို့ ပါဝင်သည်။

အွန်လိုင်းလုပ်ဆောင်မှုများအပေါ် တရားစွဲဆိုမှု အရေအတွက်နှင့် ပတ်သက်၍ အများပြည်သူ၏ ဖိအားပေးမှုအောက်တွင် NLD အစိုးရသည် ထိုပြဿနာကို လျော့ကျစေရန် ၂၀၁၇ ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်မှုကို အလျင်စလို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ပြင်ဆင်ချက်ကို သက်ဆိုင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အကြံပြုချက်များမပါဘဲ ရေးဆွဲခဲ့ရာ လုံလောက်ပြည့်စုံမှုမရှိဟု အဘက်ဘက်က ပြစ်တင်ရှုတ်ချခဲ့သည်။167 ပြင်ဆင်ချက်၌ပါရှိသော အပြုသဘောဆောင်သော ပြောင်းလဲမှုများတွင် ချိုးဖောက်မှုများအတွက် ထောင်ဒဏ် အများဆုံး သုံးနှစ်မှ နှစ်နှစ်သို့ လျှော့ချခြင်း၊ စွပ်စွဲခံရသူအား အာမခံဖြင့် လွတ်မြောက်ခွင့်နှင့် အမှုတင်သွင်းနိုင်သောသူ အမျိုးအစားကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။ သို့သော် ပြင်ဆင်ချက်တွင် အသရေဖျက်မှုကို အဓိပ္ပါယ်မဖွင့်ဆိုထားသလို ဆက်သွယ်ရေးကွန်ရက် တစ်ခုခုမှ တစ်ဆင့် “ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း"တို့အား အပြစ်ဒါဏ်ချမှတ်သည့် ပြဋ္ဌာန်းချက်ကိုလည်း မပြောင်းလဲပါ။168 အရပ်ဘက်လူ့အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူများက ဤပြင်ဆင်ချက်သည် ပြင်ဆင်ချက်ပြဋ္ဌာန်းပြီးနောက် စွဲဆိုလာသည့် အမှုများအပေါ် သိသိသာသာ သက်ရောက်မှုမရှိဟု ထောက်ပြခဲ့ကြသည်။169

ရာဇသတ်ကြီးကိုလည်း အင်တာနက်သုံးစွဲသူများအား ထောင်ချရန်အတွက် အသုံးပြုနိုင်သည်။ ပုဒ်မ ၅၀၅ (က) သည် "ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေတပ် တခုခုမှ အရာရှိအား၊ သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကို သော်၎င်း၊ သက်ဆိုင်ရာမိမိ၏ တာဝန်ဝတ်တရားကို မလေးစားခြင်း သော်၎င်း၊ ပျက်ကွက်ခြင်းသော်၎င်း ပြုစေရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့်အကြောင်း” နှင့် ပတ်သက်သော စကားကို ရာဇဝတ်မှု မြောက်စေပါသည်။170 ပုဒ်မ ၅၀၅ (ခ) သည် "အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေ"သော စကားကို ရာဇဝတ်မှုပြုပါသည်။171

၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးသည့် ဥပဒေအား သင့်လျော်သောအကြုံပြုချက်များရယူခြင်းမရှိဘဲ တင်ပြဆွေးနွေးကာ ပြဌာန်းလိုက်ပြီး အသရေဖျက်မှုအတွက် ထောင်ဒဏ်သုံးနှစ်အထိ ပြဋ္ဌာန်းထားသည့်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြသည်။172 အွန်လိုင်းလှုပ်ရှားမှုများအတွက် ပြည်သူများအား တရားစွဲဆိုရာ၌ ၄င်းဥပဒေအား အသုံးပြုပြီးပြီဖြစ်သည် (C3ကို ကြည့်ပါ)။

ယခင်အစိုးရသည် ၂၀၀၄ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ(ETL)ကို ၂၀၁၃ ခုနှစ်တွင် ပြင်ဆင်ခဲ့သော်လည်း မဖျက်သိမ်းနိုင်ခဲ့ပါ။ ထိုဥပဒေအရ "နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း"ကို အပြစ်ချမှတ်နိုင်သည်။ ထိုဥပဒေကို စစ်အုပ်ချုပ်ရေးကာလအတွင်း အင်တာနက်လှုပ်ရှားမှုများကို ရာဇဝတ်မှုအဖြစ် ဖမ်းဆီးရန် ပုံမှန်အသုံးပြုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အစိုးရထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ဦးသောင်းတင်သည် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေနှင့် “fax-modem ကဒ်”ပါသော ကွန်ပျူတာကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းကို ရာဇဝတ်မှု သတ်မှတ်သည့် ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေ အစရှိသည့် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေများကို ကိုင်တွယ်ရန် လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့သည်။173 ၂၀၁၄ ခုနှစ်တွင် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ကို အစိုးရက ကြေညာခဲ့သော်လည်း မည်သည့်ဥပဒေမူကြမ်းကိုမျှ ထုတ်ပြန်ခြင်း မရှိသေးပါ။174

အင်တာနက်ပေါ်ရှိ အခွင့်အရေးများအပေါ် အကျိုးသက်ရောက်နိုင်သော ဥပဒေမူကြမ်းများစွာကို အစီရင်ခံစာ ကာလအတွင်း စဉ်းစားခဲ့ကြသည်။ 2019 ခုနှစ်တွင် အစိုးရသည် အတိုင်ပင်ခံများကို ဆိုက်ဘာလုံခြုံရေးဥပဒေအသစ် ပြုစုရာတွင် ကူညီရန် တာဝန်ပေးအပ်ခဲ့သည်။175 မူဘောင်၏ ကနဦး မူကြမ်းများကို အရပ်ဘက်လူမှုအဖွဲ့အစည်း အနည်းငယ်အချို့နှင့် လျှို့ဝှက်စွာ ဝေငှခဲ့သော်လည်း၊ အစီရင်ခံစာ ကာလအဆုံးထိပင် ထိုဥပဒေအား ပြုစုပြီးစီးမှုသည် အစောပိုင်းအဆင့်၌သာ ရှိသေးသည်။176 မူဘောင်အသစ်တွင် “တိုင်းပြည်နှင့် ပြည်သူကို စော်ကားသူများနှင့် မည်သည့်ဆက်သွယ်ရေးကွန်ယက်တစ်ခုခုမှ ရာဇဝတ်မှုကျူးလွန်သူများ”177 အား အပြစ်ပေးအရေးယူမည့် ပြဋ္ဌာန်းချက်များ ပါဝင်လိမ့်မည်ဟု အစိုးရက ပြောကြားထားသည်။ မကြာသေးမီနှစ်များက ချမှတ်ခဲ့သည့် အွန်လိုင်းလုပ်ဆောင်မှုများကို ထိန်းချုပ်သော အခြားတင်းကြပ်သော ဥပဒေများကဲ့သို့ပင် ဤမူဘောင်သည်လည်း မရှင်းလင်း၍ အလွန်ကျယ်ပြန့်ကာ အွန်လိုင်းအပြုအမူအမျိုးမျိုးကို အပြစ်ပေးရန်အတွက် အသုံးချ၍ ရနိုင်သည်ဟု လူ့အခွင့်အရေးကာကွယ်သူများက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။178

COVID-19 ဖြစ်ပွားမှုကို တုန့်ပြန်သောအနေဖြင့် အစိုးရသည် ၂၀၂၀ ဖေဖော်ဝါရီလတွင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။ ဤဥပဒေမူကြမ်းတွင် အချိန်ကာလတစ်ခုခုအတွင်း ကြောက်ရွံ့ ထိတ်လန့်မှု ဖြစ်စေနိုင်သော ကျန်းမာရေး အချက်အလက်များကို ဖြန့်ဝေသည့် ကျန်းမာရေးဝန်ထမ်းများအား ဒဏ်ငွေချမှတ်ခြင်းနှင့် ၆ လထောင်ဒဏ် ချမှတ်နိုင်သော ပြဋ္ဌာန်းချက်တစ်ခု ပါဝင်သည်။179 မူကြမ်းရေးဆွဲထားသော ဥပဒေသည် အများပြည်သူ အထိတ်တလန့်ဖြစ်စေခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ မှားယွင်းသော သတင်းအချက်အလက်များကို ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ရည်ရွယ်သည်ဟု အာဏာပိုင်များက ဆိုသည်။ ၂၀၂၀ သြဂုတ်လအထိ ဥပဒေသည် မူကြမ်းအဖြစ်သာ ဆက်လက်ရှိနေသေးသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့သော ကုန်အမှတ်တံဆိပ်ဆိုင်ရာဥပဒေသည် ကုန်အမှတ်တံဆိပ် ချိုးဖောက်ခြင်းနှင့် အတုအပ ပြုလုပ်ခြင်းအပေါ် ထောင်ဒဏ်သုံးနှစ်အထိနှင့် ကျပ် (၅) သန်းဒဏ်ရိုက်ခြင်းဖြင့် အပြစ်ပေးသည်။180 ၎င်းကို တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းဥပဒေတို့နှင့်အတူ ပြဋ္ဌာန်းခဲ့သည်။181 ၂၀၁၉ ခုနှစ် မေလတွင် ခွင့်ပြုချက်မရဘဲ စီးပွားဖြစ် ကူးယူခြင်းအပေါ် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ထားသော မူပိုင်ခွင့်ဥပဒေကို စတင်ကျင့်သုံးခဲ့သည်။182

ပေါက်ကြားလာသော “အမုန်းစကား”အား ရာဇဝတ်မှုပြုမည့် ဥပဒေမူကြမ်း တစ်ခုပြီးတစ်ခုကို အရပ်ဘက်အဖွဲ့အစည်းများက သိသိသာသာ ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုဥပဒေကို ရေးဆွဲခြင်း လုပ်ငန်းစဉ်ကို အများသောအားဖြင့် လျှို့ဝှက်စွာပြုလုပ်ခဲ့သလို မူကြမ်းတစ်ခုခုအား လွှတ်တော်သို့ ယခုထိ တင်သွင်းခြင်းမျိုး မရှိသေးပါ။183 အစိုးရသည် ဤဥပဒေမူကြမ်းနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့စည်းများနှင့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်184 ဟု ပြောကြားခဲ့သော်လည်း ထိုအရေးကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် လူသိများသော အရပ်ဘက်အဖွဲ့အစည်းများက ဤပြောကြားချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ လွှတ်တော်နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုများအပေါ် ပြန်လည်တုံပြန်မှုများ မရရှိခဲ့ ဟု ဆိုသည်။185 ၂၀၂၀ ဧပြီလတွင် အစိုးရဝန်ထမ်းများအတွက် အမုန်းစကား ပြဿနာကို ဖြေရှင်းရန် "အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်"ကို ထုတ်ပြန်ခဲ့သည်။186 ညွှန်ကြားချက်သည် နိုင်ငံတကာတရားရုံး (ICJ)မှ သတ်မှတ်ထားသည့် အစီရင်ခံရမည့်နောက်ဆုံးရက် မတိုင်မီ ကြိုတင်၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

C3: အွန်လိုင်းလုပ်ဆောင်မှုများအတွက် ပြည်သူများ အပြစ်ပေးခြင်း ခံရပါသလား။ (၀-၆ မှတ်) (၁ / ၆)

အင်တာနက်အသုံးပြုသူများသည် မြန်မာနိုင်ငံ၏ တင်းကျပ်သော အွန်လိုင်းပတ်ဝန်းကျင်တွင် မကြာခဏ တရားစွဲခံရလေ့ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေဖြင့် ပြစ်မှုပေါင်း ၄၉ ခုကျော်နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ187 ဖြင့် ပြစ်မှုပေါင်း ၃၇ ခု ချမှတ်ခဲ့ပြီး လူမှုမီဒီယာ အသုံးပြုသူများအား တရားစွဲဆိုထားမှုပေါင်း ရာချီရှိပါသည်။188 အမှုဖွင့်တိုင်ကြားသူ အများအပြားသည် အစိုးရနှင့် ပတ်သက်နေကြသူများ ဖြစ်သည်။ ၎င်းတို့တွင် အစိုးရအရာရှိများ၊ NLD ပါတီအရာရှိများနှင့် စစ်တပ်အရာရှိများ ပါဝင်သည်။ စွပ်စွဲခံရသူအများစုမှာ တက်ကြွလှုပ်ရှားသူများ၊ အွန်လိုင်းသတင်းထောက်များ သို့မဟုတ် အခြားအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ ဖြစ်ကြသည်။189 အမှုအများစုတွင် အပြစ်ရှိကြောင်း စီရင်ချက်များ ချခဲ့ပြီး ထောင်ဒဏ်ခြောက်လအထိ ချမှတ်ခဲ့သည်။190

၂၀၂၀ ဖေဖော်ဝါရီလတွင် ဒေါင်းတို့မျိုးဆက်သံချပ်အသင်းမှ ကေခိုင်ထွန်း၊ ပိုင်ဖြိုးမင်းနှင့် ဆုရတနာမြင့်တို့ကို စစ်တပ်အား လှောင်ပြောင်သရော်သော သံချပ်ကို လူမှုမီဒီယာပေါ်တွင် ထုတ်လွှင့်ခဲ့သောကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်လ ၆ လစီ ချမှတ်ခဲ့သည်။ 191 ၂၀၁၉ ဒီဇင်ဘာလတွင် ထိုအဖွဲ့မှ အဖွဲ့ဝင် လေးဦးကိုလည်း ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သေးသည်။192

၂၀၂၀ မတ်လတွင် ရန်ကုန်တရားရုံးတစ်ခုသည် လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သော ဧရာဝတီ၏ အယ်ဒီတာကို ပုဒ်မ ၆၆ (ဃ)ဖြင့် စစ်တပ်အား အသရေဖျက်မှု တိုင်ကြားချက်အတွက် ကြားနာရန် သဘောတူခဲ့သည်။ ၎င်းမှာ ရက္ခိုင့်တပ်တော်နှင့် စစ်တပ်အကြား ဖြစ်ပွားနေသော ပဋိပက္ခများကို သတင်းတင်ဆက်သောကြောင့်ဟု ရည်ညွှန်းပြောဆိုခဲ့သည်။193 ထိုတိုင်ကြားချက်သည် ၂၀၁၉ ဧပြီလကတည်းက စွဲဆိုထားခြင်းဖြစ်သည်။

ယခင်က ပုဒ်မ ၆၆ (ဃ)ဖြင့် Myanmar Now အယ်ဒီတာ ဆွေဝင်းအား ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့တစ်ဖွဲ့အား ထောက်ခံသူများက စွဲဆိုထားသော အမှု194 ကို ၂၀၁၉ ဇူလိုင်လတွင် ရုတ်သိမ်းခဲ့သည်။ သို့သော် တရားရုံးက ဤရုတ်သိမ်းမှုကို အယူခံဝင်မှုတစ်ခုကို ၂၀၁၉ သြဂုတ်လတွင် လက်ခံခဲ့ပြန်ရာ အများပြည်သူအား အလားတူ တရားစွဲဆိုခံရနိုင်များအပေါ် ကြောက်လန့်မှုများ ဖြစ်ပေါ်စေသည်။195 ၂၀၁၇ ဇူလိုင်လတွင် ဝီရသူအား ဝေဖန်သော ဖေ့စ်ဘွတ်ခ် ပိုစ့်တစ်ခု196 ကြောင့် ဆွေဝင်းကို ဖမ်းဆီးခဲ့ခြင်းမှ အစပြုပြီး ၎င်းအား သူ၏ နေအိမ်မှ မိုင် ၃၇၀ ဝေးသော တရားရုံးတွင် အများသောအားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်သော အမှုကိုနာကြားဖို့ ၅၅ ကြိမ်ထက်မနည်း တက်ရောက်ရန် တွန်းအားပေးခံခဲ့ရသည်။197

အစီရင်ခံစာ ကာလအတွင်း အင်တာနက်သုံးစွဲသူများကို ရာဇသတ်ကြီးဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၂၀ မေလတွင် အွန်လိုင်းသတင်းဌာန ဒဲ့ပြောမှ အယ်ဒီတာ ဇော်ရဲထက်အား ကရင်ပြည်နယ်တွင် အစိုးရမှ တရားဝင်ဖော်ပြထားသော COVID-19 ကြောင့် သေဆုံးသူ အရေအတွက်နဲ့ ကွဲလွဲနေသော သတင်းကို ဖော်ပြထားသောကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။198 ၂၀၁၉ သြဂုတ်လတွင် မြန်မာစစ်တပ်အား ဝေဖန်သော ဖေ့စ်ဘွတ်ခ်ပို့စ်များအတွက် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။199 သူသည် ၂၀၁၉ ဧပြီလကတည်းက ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၀ ဖေဖော်ဝါရီလတွင် ပြန်လွတ်လာခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် ဝေဖန်မှုများပြုလုပ်သည့် အတွက်ကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသူ အနည်းဆုံး (၃၃) ဦးရှိသည်ဟု မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများက ဖော်ထုတ်ခဲ့သည်။ ၎င်းတို့ထဲတွင် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ နိုင်ငံရေးသမားများနှင့် ပြည်သူများ ပါဝင်သည်။200 ဥပမာ ၂၀၁၉ နိုဝင်ဘာလတွင် အစိုးရအရာရှိ တစ်ဦးအား ဝေဖန်ပြောဆိုသော ထုတ်ပြန်ချက် တစ်စောင်တွင် လက်မှတ်ရေးထိုးခြင်းကြောင့် လူနည်းစုတိုင်းရင်းသား လှုပ်ရှားသူ ခြောက်ဦးအား ထိုဥပဒေ၏ အသရေဖျက်မှုဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ ၈(စ)ဖြင့် ၆ လစီ ထောင်ဒဏ်ချမှတ်ခဲ့သည်။201 ယခင်နှစ် အစီရင်ခံစာ ကာလအတွင်း၂၀၁၈ ခုနှစ် စက်တင်ဘာလတွင်လည်း ဖေ့စ်ဘွတ်အသုံးပြုသူ အောင်ကိုကိုလွင်အား ပုဒ်မ ၈(စ)အောက်တွင် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးအား ဝေဖန်သော ဖေ့စ်ဘွတ်ခ် ပို့စ် ရေးသားချက်များအတွက် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။202 သူ့အား အစက ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးခဲ့သည်။203

၂၀၂၀ မတ်လတွင် Voice of Myanmar အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား အစိုးရမှ မကြာသေးမီ ရက်အနည်းငယ်က ဥပဒေနှင့် မကိုက်ညီသော အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာထားသည့် ရခိုင်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံမေးမြန်းခြင်းပြုလုပ် ပြီးနောက် တိုင်းပြည်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ပြီး ဖမ်းဆီးခံခဲ့ရသည်။204 နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၄င်းအမှုအား ဆက်လက်ကိုင်တွယ်ခြင်းမပြုတော့ကြောင်း အတည်ပြုပြောကြားခဲ့သည်။205

ယခင်နှစ် အစီရင်ခံစာ ကာလအတွင်းတွင် ရိုဟင်ဂျာ အမျိုးသားနှင့် ကလေး ၁၀ ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ သတင်းတင်ဆက်ခဲ့သည့်အတွက် ၂၀၁၈ စက်တင်ဘာတွင် အပြစ်ဒါဏ်ချမှတ်ခံခဲ့ရသော ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးသည် ထောင်ထဲတွင် ရက် ၅၀၀ ကျော် နေခဲ့ရပြီးနောက် ၂၀၁၉ မေလတွင် လွှတ်ငြိမ်းခွင့်ရခဲ့သည်။206 အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ဖောက်ဖျက်သောကြောင့် သတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။207 ၎င်းတို့ကို အစပိုင်းတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၈ ဇွန်လနှင့် ဇူလိုင်လတွင် သတင်းထောက်များ၏ ရှေ့နေများက ၄င်းတို့ကို ဖမ်းဆီးထားစဉ်အတွင်း နှိပ်စက်ညှင်းပန်းခြင်းခံခဲ့ရကြောင်း တရားရုံးသို့ အကြောင်းကြားခဲ့သည် (C7ကို ကြည့်ပါ)။ ၂၀၂၀ မတ်လတွင် စစ်တပ်မှ Reuters အား ရိုဟင်ဂျာအမျိုးသမီးနှစ်ဦးအား သေစေခဲ့သည့် စစ်တပ်အမြောက်ပစ်ခတ်မှုအကြောင်း ပါဝင်ရေးသားထားသည့် ၂၀၂၀ ဇန်နဝါရီမှ သတင်းတစ်ပုဒ်အတွက် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ပြန်လည် ရုတ်သိမ်းခဲ့သည်။208

ယခင်နှစ် အစီရင်ခံစာ ကာလအတွင်းတွင်၂၀၁၈ ခုနှစ် စက်တင်ဘာလ၌ အစိုးရမီဒီယာ၏ သတင်းစာဆရာဟောင်း ငါးမင်းဆွေအား ဒေါ်အောင်ဆန်းစုကြည်ကို "ပုတ်ခတ်စော်ကား"သော ပိုစ့်များ ဖေ့စ်ဘွတ်ခ်ပေါ်တွင် တင်ခဲ့သောကြောင့် နိုင်ငံတော်အား အကြည်ညိုပျက်အောင် ပြုလုပ်မှုဖြင့် ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့သည်။209 သူ၏ ပိုစ့်များတွင် အမေရိကန်သမ္မတဟောင်း အိုဘားမား တိုင်းပြည်သို့ လာရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ပါးပြင်ပေါ် နမ်းရှုံ့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမျိုးသမီးများကို နှိမ့်ချသော ဝေဖန်မှတ်ချက်ပေးမှုများ ပါဝင်ခဲ့သည်။

C4: အမည်မသိ ဆက်သွယ်ရေး သို့မဟုတ် လျှို့ဝှက်ကုဒ်အသုံးပြုသော လုံခြုံသည့်စာပို့စနစ် (encryption)အပေါ် အစိုးရသည် ကန့်သတ်ချက်များ ချမှတ်ထားသလား။ (၀-၄ မှတ်) (၃ / ၄)

အစိုးရသည် SIM ကဒ်များအား မှတ်ပုံတင်ရန် လိုအပ်ချက်ဖြင့် ကြီးကြပ်မှုကြောင့် သုံးစွဲသူများအနေဖြင့် အမည်ဝှက် ဆက်သွယ်နိုင်မှုသည် ကန့်သတ်မှု ရှိနေသည်။210 ၂၀၁၇ ခုနှစ်မှစတင်၍ သုံးစွဲသူများသည် SIM ကဒ်အတွက် မှတ်ပုံတင်ရန် ၎င်းတို့၏ အမည်၊ နိုင်ငံသားမှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ နိုင်ငံသားနှင့် ကျား၊မ စသည်တို့ကို မဖြစ်မနေပေးရသည်၊211 နိုင်ငံသားမဟုတ်လျှင် နိုင်ငံကူးလက်မှတ် ပြရမည်ဖြစ်သည်။ လူမျိုးစု အချက်အလက်အပါအဝင် သတ်မှတ်ထားသော လိုအပ်ချက်များ၏ ပြင်ပမှ အခြား အချက်အလက်များကိုပါ ထည့်သွင်းရန် လိုအပ်သည်ဟု ဆက်သွယ်ရေးကုမ္ပဏီများက ပြုလုပ်ကြောင်း အချို့ဝယ်ယူသုံးစွဲသူများက အစီရင်ခံခဲ့သည်။212 Mytel သည် ဝယ်ယူသုံးစွဲသူများ၏ ၃၀ ရာခိုင်နှုန်းကသာ မှတ်ပုံတင်ထားကြောင်း ၂၀၂၀ ဖေဖော်ဝါရီလတွင် အစီရင်ခံခဲ့သည်။213 MoTC အမိန့်သည် ၂၀၂၀ ဖေဖော်ဝါရီလအထိ SIM ကတ် ၆ သန်းကျော်အား ဆိုင်းငံ့ (သို့) ပိတ်ပင်စေခဲ့သည်။214 COVID-19 ကာလ အကြားတွင် MoTC သည် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများကို၂၀၂၀ ဧပြီလမှ စတင်၍ မှတ်ပုံမတင်ထားသည့် SIM ကဒ်များ၏ အထွက်ဖုန်းခေါ်ဆိုမှုများကို တားမြစ်ရန် အမိန့်ပေးခဲ့သည်။215 အစီရင်ခံစာ ကာလပြီးနောက် ၂၀၂၀ ဇွန်လအကုန်တွင် မှတ်ပုံမတင်ထားသည့် ဆင်းမ်ကဒ်များကို ရပ်ဆိုင်းလိုက်ပြီး သက်ဆိုင်ရာ ဖုန်းနံပါတ်များကို ဖျက်ပစ်ကာ သုံးစွဲသူ၏ ပေးသွင်းပြီးသားငွေကို သိမ်းသွားမည်ဟု မှန်းဆရသည်။

၂၀၁၉ ခုနှစ် မတ်လတွင် အစိုးရသည် “ပုဂ္ဂိုလ်ရေးနှင့် အမျိုးသားလုံခြုံရေး”ကို ကာကွယ်ရန်အတွက် သုံးစွဲသူ တစ်ဦးချင်းစီအား SIM ကဒ် ၂ ခုသာ ကန့်သတ်ရန် မိုဘိုင်း ဝန်ဆောင်မှုပေးသူများကို တောင်းဆိုခဲ့သည်။216 ၎င်းကို ဝန်ဆောင်မှုပေးသူများက မည်သို့ အကောင်အထည်ဖော်နေသည်မှာ မရှင်းလင်းပါ။

အစီရင်ခံစာ ကာလအတွင်း အစိုးရသည် လူတစ်ဦးချင်းစီ၏ မတူညီသော ဇီဝလက္ခဏာ အချက်အလက်များ ပါဝင်သည့် SIM ကဒ် (သို့) လက်ဗွေနှင့် မှတ်ပုံတင်အချက်အလက် သိမ်းဆည်းထားသော SIM ကဒ် (biometric sim card)များကို မှတ်ပုံတင်ခြင်း လိုအပ်မှုအပေါ် ၄င်း၏ စိတ်ဝင်စားမှုကို ပြသခဲ့သည်။ ၂၀၁၉ နိုဝင်ဘာလတွင် အာဏာပိုင်များသည် မိုဘိုင်းဖုန်း မှတ်ပုံတင်ခြင်းမှ ရရှိသော ဇီဝလက္ခဏာ အချက်အလက် သန်း ၇၀ အထိ သိုလှောင်နိုင်သည့် ဒေတာဘေ့စ်(database)တစ်ခု တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့သည်။217 ၂၀၂၀ ဇွန်လတွင် အစိုးရသည် ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပြီး ဇီဝလက္ခဏာအချက်အလက် ဒေတာဘေ့စ်၏ ကုန်ကျစရိတ်အတွက် ဝေးလံခေါင်းဖျားပြီး ဘေးဖယ်ခံရသော ဒေသများတွင် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်မှုကို လက်လှမ်းမီရန် ရည်ရွယ်ထားသည့် Universal Service Fund ရန်ပုံငွေထဲမှ ယူသုံးရန် စီစဉ်ခဲ့သည်။218

ဝက်ဘ်ဆိုက်သီးသန့်သာ တင်ဆက်သော မီဒီယာများအတွက် ပြဋ္ဌာန်းချက်များကို အကောင်အထည် မဖော်ရသေးသော်လည်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ(၂၀၁၄)အား ပိုင်ရှင်အမည်ဝှက်ထားသော ဝက်ဘ်ဆိုဒ်များကို တားဆီးရန် အသုံးပြုလိုပါက ပြုနိုင်သည် (B6 ကို ကြည့်ပါ)။219

လျှို့ဝှက်ကုဒ်အသုံးပြုသော လုံခြုံသည့်စာပို့စနစ် (encryption)ကို ရှင်းရှင်းလင်းလင်း ကန့်သတ်ထားခြင်း မရှိပါ၊ သို့သော်လည်း ဆက်သွယ်ရေးဥပဒေနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေရှိ မရှင်းမလင်းသော ပြဋ္ဌာန်းချက်များကို ထိုအလေ့အကျင့်အား ကန့်သတ်ရန်အတွက် လုပ်ဆောင်ထားသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်သည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများကလည်း ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းသည် လျှို့ဝှက်ကုဒ်အသုံးပြုသော လုံခြုံသည့်စာပို့စနစ်ကို အကန့်အသတ်ပြုမည်ကို စိုးရိမ်နေကြသည်။ (C2 ကို ကြည့်ပါ)။220

C5: အင်တာနက် လုပ်ဆောင်မှုများအား အစိုးရမှ စောင့်ကြည့်ခြင်းသည် သုံးစွဲသူများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် အချက်အလက်လုံခြုံမှု (privacy)အခွင့်အရေးကို ချိုးဖောက်ပါသလား။ (၀-၆ မှတ်) (၂ / ၆)

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၇ တွင် တစ်ကိုယ်ရေလွတ်လပ်စွာ ဆက်သွယ်ခြင်းကို အကာအကွယ်ပေးထားသော်လည်း အစိုးရ၏ စောင့်ကြပ်ကြည့်ရှုခြင်းသည် စိုးရိမ်ဖွယ်ရာ ဖြစ်နေသေးသည်။ ခေတ်မီ အဆင့်မြင့် နည်းပညာများကို အသုံးပြု၍ အင်တာနက် လုပ်ဆောင်မှုများကို အစိုးရမှ စောင့်ကြည့်မှုသည် မြန်မာနိုင်ငံတွင် ကန​ဦးအဆင့်တွင်သာ ရှိနေသေးသည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရအာဏာပိုင်များသည် တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ချိုးဖောက်သည့် ပြောင်ပြောင်တင်းတင်းကျူးကျော်သော နည်းလမ်းများအား ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်။ ရဲများသည် အွန်လိုင်းရာဇဝတ်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များအား ရင်ဆိုင်နေရသူများ၏ မိုဘိုင်းဖုန်းများကို ဝရမ်းစာမပါဘဲ သိမ်းယူခြင်းများ မကြာခဏ ပြုလုပ်သည်။ ထိုကဲ့သို့ ပြုလုပ်ခံရသူများထဲတွင် အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်သူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ ပါဝင်သည်။221 ရဲများသည် သံသယရှိသူများထံမှ လူမှုမီဒီယာအကောင့်နှင့် အခြားအက်ပလီကေးရှင်းများ၏ စကားဝှက် (password)များ တောင်းဆိုခြင်းများ ပြုလုပ်သည်ဟု ပြောဆိုကြသည်။ စွပ်စွဲချက်များသည် လူမှုမီဒီယာအသုံးပြုခြင်းနှင့် မည်သို့မျှ မသက်ဆိုင်သော အမှုများတွင်ပင်လျှင် ထိုကဲ့သို့ တောင်းဆိုခြင်းများ ပြုလုပ်သည်ဟု ပြောဆိုကြသည်။222 ဥပမာအားဖြင့် ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့ အဖမ်းခံရပြီး မကြာမီ (C3 ကို ကြည့်ပါ) ရဲများက ဝလုံး၏ WhatsApp အကောင့်ဖြင့် စာများ ပေးပို့ရန် ၄င်းထံမှ သိမ်းယူထားသော ဖုန်းကို အသုံးပြုသည်ဟု စွပ်စွဲခံထားရသည်။223 ရဲများသည် သတင်းထောက်များ၏ စမတ်ဖုန်းများမှ အချက်အလက်များကို စုဆောင်းရန် Cellebrite ဟုခေါ်သော အစ္စရေး ဖုန်းဖောက်သည့် ပစ္စည်းတစ်မျိုးကို အသုံးပြုခဲ့သည်။224 Cellebrite နည်းပညာကို ၂၀၁၆ ခုနှစ်ကတည်းက ရဲများက အသုံးပြုခဲ့ပြီး ထိုကုမ္ပဏီသည် ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ၎င်း၏ ပစ္စည်းများ ရောင်းချခြင်းအား ရပ်စဲခဲ့သော်လည်း အာဏာပိုင်များက ထိုနည်းပညာကို ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်။ Cellebrite နှင့်ပတ်သက်သော အကြောင်းများ ဖွင့်ချလာပြီးနောက် ရဲများက သတင်းထောက်များ၏ လူမှုမီဒီယာအကောင့်များသို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။ ၂၀၁၉ ခုနှစ်တွင် ဂျာမန် Gamma Group မှ FinSpy ဟု ခေါ်သော malware သည် မြန်မာနိုင်ငံတွင် လည်ပတ်နေသည်ဟု သတင်းရရှိခဲ့သည်။225 ထို အချက်အလက် ခိုးယူသော ဆော့ဖ်ဝဲ (Spyware) ကို မည်သူက ဝယ်ယူခဲ့သည်ကို မသိရသေးပါ။

၂၀၁၈ ဖေဖော်ဝါရီလတွင် လွှတ်တော်သည် Social Media Monitoring Team (SMMT)ကို တည်ထောင်ရန် အတည်ပြုခဲ့သည်။ ၎င်းကို နောက်ပိုင်းတွင် MoTC အောက်တွင် တည်ထောင်ခဲ့သည်။226 အမုန်းစကားများနှင့် အသရေဖျက်မှုများမှတဆင့် အပါအဝင် အွန်လိုင်းပေါ်တွင် မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသော သူများအား တန်ပြန်ရန် SMMT သည် လိုအပ်ပါသည်ဟု အစိုးရသည် ခုခံပြောဆိုခဲ့သည်။227 ၂၀၁၈ ခုနှစ် မေလမှ အကြီးတန်းအစိုးရအရာရှိများ၏ ထုတ်ပြန်ချက်များ၌ SMMT ၏ လုပ်ပိုင်ခွင့်သည် တိုင်းပြည်အား ဝင်ရောက်စွက်ဖက်ခြင်းဖြင့် အချုပ်အခြာအာဏာကို ခြိမ်းခြောက်ပြီး ဆူပူစေသော နိုင်ငံခြားသားများနှင့် နိုင်ငံခြားအဖွဲ့အစည်းများကိုသာ ပစ်မှတ်ထားကာ အာရုံစိုက်ထားသည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။228 မြန်မာနိုင်ငံ၏ အလွန်ကျယ်ပြန့်သော နိုင်ငံရေး အခြေအနေများအရ SMMT သည် နိုင်ငံခြားမှ တက်ကြွလှုပ်ရှားသူများ (နိုင်ငံပြင်ပတွင် လှုပ်ရှားနေသော မြန်မာတက်ကြွလှုပ်ရှားသူများ (သို့) မြန်မာနိုင်ငံသား မဟုတ်သော မြန်မာများ အပါအဝင်)၊ ရိုဟင်ဂျာအရေးနှင့် မြန်မာနိုင်ငံရှိ အခြားပဋိပက္ခများအပေါ် အာရုံစိုက်နေသည့် နိုင်ငံခြားမီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုအတွက် တာဝန်ခံပေးရန် တွန်းအားပေးနေသော နိုင်ငံတကာရာဇဝတ်မှုခုံရုံးနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ စသည်တို့အားလုံးကို စောင့်ကြည့်ရန်လေ့လာရန် တည်ထောင်ခဲ့သည်ဟု အခြားလေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။

SMMT ကို အရပ်ဘက်အဖွဲ့စည်းများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြသည်။229 ဝေဖန်မှုများရှိသော်လည်း SMMT အတွက် ဒေါ်လာ ၄.၈ သန်းဝန်းကျင်230 ကို ကနဦး ထောက်ပံ့ငွေချပေးခဲ့ပြီး ထိုငွေအား စောင့်ကြည့်ရေး နည်းပညာကို ဝယ်ရန် အသုံးပြုခဲ့သည်ဟု ပြောကြသည်။231 ထိုနည်းပညာ၏ အတိုင်းအတာနှင့် ခေတ်မှီမှုအား ရှင်းလင်းစွာ မသိရသေးပါ။232 အစိုးရသည် လုံခြုံရေးအတွက် စိုးရိမ်မှုများကို ထောက်ပြကာ မည်သည့်နိုင်ငံမှ စက်ပစ္စည်းကိရိယာများအား ဝယ်ယူခဲ့သည်ကို ထုတ်ဖော်ရန် ငြင်းဆန်ခဲ့သည်။233 ၂၀၂၀ မေလအထိ SMMT ၏ အာဏာနှင့် တာဝန်ဝတ္တရားများ၊ ၎င်း၏ တရားရုံးနှင့် တရားဥပဒေစိုးမိုးရေး တို့နှင့်ပတ်သက်သည့် ဆက်ဆံရေး၊ သို့မဟုတ် လွတ်လပ်စွာတရားစီရင်ရေးအတွက် ကြီးကြပ်မှုကို အကာကွယ်ပေးနိုင်မည့် အလားအလာ ရှိ၊မရှိ စသည့် အချက်အလက်များအား ဝေမျှထားခြင်း မရှိသေးပါ။ ထိုအဖွဲ့အစည်း၏ လုပ်ငန်းလည်ပတ်မှုများအကြောင်း သို့မဟုတ် ကြီးကြပ်မှုရှိ၊မရှိနှင့် ပတ်သက်၍ အနည်းငယ်မျှ သိရှိရခြင်း မရှိသေးပါ။234

MoTC သည် နေပြည်တော်တွင် အစိုးရ၏ e-government ဝန်ဆောင်မှုများအတွက် လုံခြုံသော အခြေပြုစခန်းတစ်ခုအဖြစ် ဆောင်ရွက်ပေးမည့် ဒေတာစင်တာတစ်ခု တည်ဆောက်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ကြီးဌာနသည် တောင်ကိုရီးယားမှ ဒေါ်လာ ၉၅ သန်းကို စင်တာ၏ ဗဟိုရန်ပုံငွေအတွက် ချေးယူရန် အတည်ပြုဖို့ လွှတ်တော်ကို တောင်းဆိုခဲ့သည်။235 236 မန္တလေးတိုင်းဒေသကြီး အစိုးရသည် e-Government ဝန်ဆောင်မှုများပေးရန် ၎င်း၏ ဒေတာစင်တာကို ၂၀၁၉ ဇန်နဝါရီလတွင် စတင်ခဲ့သည်။237 ဒေတာစင်တာများတွင် လုံလောက်သော ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံရေး အကာအကွယ်များ ကင်းမဲ့လိမ့်မည်ဟု စိုးရိမ်မှုများ တင်ပြခဲ့ကြသည်။238

C6: ဝန်ဆောင်မှုပေးသော ကုမ္ပဏီများနှင့် အခြားနည်းပညာကုမ္ပဏီများသည် အစိုးရအား ၎င်းတို့ အသုံးပြုသူများ၏ ဆက်သွယ်ပြောဆိုမှုများကို စောင့်ကြည့်ရာတွင် အကူအညီပေးရန်လိုအပ်ပါသလား။ (၀-၆ မှတ်) (၁ / ၆)

အစိုးရအနေနှင့် သင့်လျော်သော ကြီးကြပ်မှု သို့မဟုတ် အယူခံဝင်ရန် ယန္တရားများ မပါဘဲ အသုံးပြုသူများ၏ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များကို ဝန်ဆောင်မှုပေးသူများထံမှ တောင်းခံရန် လွယ်ကူသောကြောင့် သုံးစွဲသူအချက်အလက်များကို ကာကွယ်ရန် ဝန်ဆောင်မှုပေးသူများသည် ပိုမိုပူပန်လာကြသည်။239 နိုင်ငံတကာ ကုမ္ပဏီများသည်လည်း ဖိအားပေးမှုခံရသည်။ ဥပမာအားဖြင့် လွှတ်တော်မှ လူသိများသော NLD အဖွဲ့ဝင်တစ်ဦးသည် WhatsApp အား အသုံးပြုသူများအကြား သံသယဖြစ်ဖွယ် စာများ၊ သတင်းများကို စောင့်ကြည့်ရန် တောင်းဆိုခဲ့သည်။240

၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးသည့် ဥပဒေသည် ဝရန်းမိန့်မပါပဲ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခြင်းမှ တားမြစ်ထားသည်။ သို့သော် သမ္မတ သို့မဟုတ် အစိုးရအဖွဲ့ တစ်ဖွဲ့ဖွဲ့က ခွင့်ပြုချက်ပေးထားပါက စောင့်ကြည့်ခြင်းကို ခွင့်ပြုသည့် ဝေဝါးသော ခြွင်းချက်တစ်ခု ပါရှိသည်။241 ဒေတာများကို စုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းမှ တားဆီးရန် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများကို ဤဥပဒေတွင် မဖော်ပြထားသလို တရားရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန်အတွက် ထောက်ပံ့ထားသည်လည်း မရှိပါ။ ဥပဒေသည် privacy (ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု) ဆိုသော ဝေါဟာရအားကို အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မပြည့်စုံပဲ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် မကိုက်ညီကြောင်း ဝေဖန်အကြံပြုသူများက ထောက်ပြခဲ့ကြသည်။242 ၂၀၂၀ အစောပိုင်းတွင် အချို့သော ပြစ်မှုများကို ဥပဒေအရ အာမခံဖြင့်လွှတ်နိုင်မည့် ပြင်ဆင်မှုကို အဆိုပြုထားသော်လည်း ၎င်းကို အတည်ပြုခြင်း မပြုလုပ်ရသေးပါ။243 ခိုင်မာသော အချက်အလက်ကာကွယ်ရေး ဥပဒေ အပါအဝင် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့စည်းများမှ တောင်းဆိုထားသော အခြား ပုဂ္ဂိုလ်ရေးလွတ်လပ်မှုဆိုင်ရာ ဥပဒေများအတွက် အဆိုပြုခြင်း မရှိသေးပါ။244

ဆက်သွယ်ရေးဥပဒေတွင် မည်သူ့အပေါ်ကိုမဆို “နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော မည်သည့်သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကို မဆို ရရှိနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းသို့ လိုအပ်သလို ညွှန်ကြားဆောင်ရွက်နိုင်သည်"ဟု အစိုးရကို အာဏာပေးထားသည်။245 မည်သည့် ကြားဖြတ်ရယူမှုကမှ “နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေဘဲ”ဟု ဖော်ပြထားသော ပြဋ္ဌာန်းချက်သည်လည်း အလွဲသုံးစားလုပ်ခြင်းမှ လုံ့လောက်သော ကာကွယ်မှု မဟုတ်ပါ။246 ဆက်သွယ်ရေးဥပဒေသည် ပြည်သူများ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုနှင့် အခြားလူ့အခွင့်အရေးများအတွက် ကာကွယ်မှုမထားရှိဘဲ အစိုးရအား ဆက်သွယ်ရေးလိုင်စင် ရရှိထားသူများ၏ အဆောက်အအုံများကို စစ်ဆေးရန်နှင့် “နိုင်ငံတော်လုံခြုံရေး သို့မဟုတ် ပြည်သူလူထု အကျိုးစီးပွား”ကို ကာကွယ်ရန် ကဲ့သို့သော အနက်မပြတ်သားသော ရည်ရွယ်ချက်များအတွက် စာရွက်စာတမ်းများကို အစိုးရအား လွှဲပြောင်းပေးရန် စသဖြင့် အာဏာပေးထားသည်။247 မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၏ ၂၀၁၈ ပြင်ဆင်ချက်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများက မျှတသောဥပဒေကာကွယ်မှုလုပ်ငန်းစဉ် မပါပေမဲ့လည်း အသုံးပြုသူများ၏ သတင်းအချက်အလက်များကို ထုတ်ဖော်ရန် လိုအပ်သည့် ပြဋ္ဌာန်းချက် အသစ်တစ်ခု ပါဝင်လာသည်။248 တရားစီရင်ရေးကို ပြန်လည်သုံးသပ်ရန် လိုအပ်ခြင်းများလည်း မရှိပါ။

အစိုးရပိုင် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အာဏာပိုင်များထံမှ ရရှိသော အချက်အလက်(ဒေတာ)အတွက် တောင်းဆိုမှု အကြိမ်အရေအတွက်ကို လူသိရှင်ကြားထုတ်ပြန်ခြင်း မရှိသေးပါ။ တယ်လီနောသည် ၂၀၁၉ ခုနှစ်တွင် ဆက်သွယ်ရေးဒေတာ တောင်းဆိုမှု ၁၈၈ ခုရရှိခဲ့ပြီး ၂၀၁၈ နှင့် ယှဉ်လျှင် ၃ ဆ ဝန်းကျင် များပြားသည်။ ၎င်းတို့ထဲမှ ၈၈ ခုကို လိုက်နာခဲ့ကြောင်း ကြေညာခဲ့သည်။249 Mytel သည် ၂၀၁၉ အတွင်း ရဲဘက်မှ တောင်းဆိုမှု ၁၀၀ ကျော် ရရှိခဲ့သည်ဟု ပြောဆိုခဲ့သည်။250 တောင်းဆိုမှု အများစုသည် လူကုန်ကူးမှု၊ လူပျောက်မှုနှင့် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည်ဟု Mytel ကော တယ်လီနောကပါ ထွက်ဆိုခဲ့သည်။251 ထိုတောင်းဆိုမှုများထဲမှ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မသိရပါ။ ဝန်ဆောင်မှုပေးသူ ကုမ္ပဏီကြီး တစ်ခု၏ အဆိုအရ သတင်းအချက်အလက် မထုတ်ဖော်ခင် စာရွက်စာတမ်းသုံးခု လိုအပ်ပြီး ၎င်းတို့တွင် အကြီးတန်းရဲအရာရှိ တစ်ဦးဦး၏စာနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှစာ ပါဝင်သော်လည်း လက်တွေ့တွင် တရားရုံး၏ခွင့်ပြုချက် လိုအပ်မှုကိုတော့ ဖယ်ထုတ်ထားသည်။252

C7: လူပုဂ္ဂိုလ်များ၏ အွန်လိုင်းလုပ်ဆောင်မှုများကို ပြန်လည်လက်စားချေရန်အတွက် အစိုးရအာဏာပိုင်များမှ သို့မဟုတ် အခြား သက်ဆိုင်သူများမှ ဥပဒေပြင်ပတွင် ခြိမ်းခြောက်ခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းများ ပြလုပ်ပါသလား။ (၀-၅ မှတ်) (၂ / ၅)

အမှတ်ပြောင်းလဲရခြင်း - အွန်လိုင်းလှုပ်ရှားမှုများအတွက် လက်တုန့်ပြန်ရာတွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းများ ပိုနည်းသွားသောကြောင့် ရမှတ် ၁ မှတ် မှ ၂ မှတ် အထိ တိုးတက်ပါသည်။

အွန်လိုင်း သတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများနှင့် ခြောက်လှန့်မှုများ ရရှိကြောင်း ဆက်လက် အစီရင်ခံကြသည်။ ၂၀၂၀ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သော ထင်မြင်ချက် စစ်တမ်းတစ်ခုတွင် သတင်းထောက်အများစုသည် သတင်းမီဒီယာများ လုပ်ကိုင်သူများအပေါ် အကြမ်းဖက်မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားသည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။253 အကြမ်းဖက်မှုနှင့် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သတင်းပို့နေသော သို့မဟုတ် ရိုဟင်ဂျာ အရေးကိစ္စကဲ့သို့သော ထိရှလွယ်သော နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ အွန်လိုင်းမှဆက်သွယ်နေကြသော သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများအတွက် အထူးသဖြင့် အဖြစ်များသည်။254

ရိုဟင်ဂျာ အရေးအခင်းအကြောင်းကို သတင်းတင်ဆက်နေသော သတင်းထောက်များ (သို့) ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ပဋိပက္ခများကို တင်ဆက်နေသော သတင်းထောက်များသည် အထူးသဖြင့် ပစ်မှတ်ထားခံနေရသည်ဟု ခံစားရသည်။255 ရိုက်တာ သတင်းထောက် ဝလုံးနှင့် ကျော်စိုးဦး တို့သည် ဖမ်းဆီးထိန်းသိမ်းထားခံရစဉ် ကာလအတွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း ရုံးတင်စစ်ဆေးချိန်တွင် ရှေ့နေများက တရားရုံးသို့ ပြောကြားခဲ့သည်။256 ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျော်စိုးဦးက သူသည် အိပ်မရအောင်ပြုလုပ်ခြင်း ခံခဲ့ပြီး နာရီပေါင်းများစွာ ဒူးထောက်စစ်မေးခံခဲ့ရကြောင်း တရားရုံးသို့ ပြောကြားခဲ့သည်။257 အာဏာပိုင်များက သူ၏ခေါင်းကို အနက်ရောင်အဝတ်ဖြင့် အုပ်ထားသည်ဟု ပြောခဲ့ပါသည်။ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) တွင် သတင်းရေးလေ့ရှိပြီး ဒေသသတင်းဌာန ROMA Time ၏ အယ်ဒီတာချုပ်ဖြစ်သူ ရခိုင်ပြည်နယ်မှ သတင်းထောက် ကျော်လင်းသည် ၂၀၁၇ ခုနှစ်တွင် ဆိုင်ကယ်ပေါ်မှ လူနှစ်ဦး ဓားဖြင့်ထိုးခြင်း ခံခဲ့ရသည်။258

လူ့အခွင့်အရေးကာကွယ်သူများသည်လည်း ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ရသည်။ စည်းရုံးလှုံ့ဆော်မှုအတွက် အင်တာနက်အား အဓိက အသုံးချသည့် လူ့အခွင့်အရေးကာကွယ်သူများအတွက် ခြိမ်းခြောက်မှု ပမာဏနှင့် အရေအတွက်သည် ၄င်းတို့ အာရုံစိုက်လုပ်ဆောင်သော အရေးကိစ္စ၏ “ထိရှလွယ်မှု အတိုင်းအတာ” အပေါ်တွင် မူတည်သည်။ ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများသည် အွန်လိုင်းမှ တိုက်ရိုက်နှင့် သွယ်ဝိုက်သော စာပို့ခြင်းများနှင့် ကော်မန့်များမှတဆင့် များပြားသော ခြိမ်းချောက်မှုများ ရရှိသည်ဟု ပြောကြသည်။259 ကျောင်းသားတက်ကြွလှုပ်ရှားသူများ260 ၊ ဘုန်းကြီးများ261 နှင့် အခြားသူများ262 ကို ရဲ၊ ထောင်အစောင့်များနှင့် နယ်ခြားစောင့်တပ်များက နှိပ်စက်ညှင်းပန်းခြင်းများ ပြုလုပ်သည်ဟုလည်း ၎င်းတို့က စွပ်စွဲချက်များ လုပ်ခဲ့သည်။ အစိုးရအနေဖြင့် ခြိမ်းခြောက်မှုများကို ကိုယ်တိုင်ကျူးလွန်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂနှင့် ပူးပေါင်း၍ တိုင်းပြည်၏ “ဂုဏ်သိက္ခာကို ထိခိုက်"စေသူများအား ဥပဒေအရ အရေးယူမည်ဟု လွှတ်တော်အဖွဲ့ဝင်တစ်ဦးသည် ခြိမ်းခြောက်ခဲ့သည်။263 မြန်မာနိုင်ငံတွင် လူသိများသော အမျိုးသမီးများနှင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများသည် ပုံမှန်အားဖြင့် ကျား၊မ အခြေပြု အကြမ်းဖက်ရန် ခြိမ်းခြောက်မှုနှင့် ခြောက်လှန့်မှုတို့ကို ခံရကြောင်း ပြောကြသည်။264 အပြုလုပ်များသော အနှောင့်အယှက်ပေးသည့် နည်းဗျူဟာများတွင် အွန်လိုင်းပေါ်၌ နောက်ယောင်ခံလိုက်ခြင်း (cyberstalking)၊ အချက်အလက်လိမ်တောင်းခြင်း (phishing)၊ အကောင့်ခိုးခြင်း(hacking)နှင့် အမျိုးသမီးများ၏ အများယုံကြည်လက်ခံနိုင်မှု၊ ဂုဏ်သိက္ခာနှင့် လက္ခဏာအရည်အချင်းတို့ကို သံသယဖြစ်အောင် ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။ အမျိုးသမီးအများစုသည် ခြယ်လှယ်ပြင်ဆင်ထားသော လိင်ပိုင်းဆိုင်ရာ သို့မဟုတ် အတွင်းရေး ဓာတ်ပုံများဖြင့် ခြိမ်းခြောက်ခံရပြီး တစ်ခါတစ်ရံတွင် ၎င်းတို့ကို အမျိုးသမီးများအား အကျပ်ကိုင်ရန် သုံးကြသည်။

အင်တာနက်ပေါ်တွင် လူအများသည် ဆိုက်ဘာအနိုင်ကျင့်ခံရကြောင်းကို တင်ပြကြသည်။ အထူးသဖြင့် ၎င်းတို့ထဲတွင် အမျိုးသမီးငယ်များ၊ ဘာသာရေးလူနည်းစုများနှင့် LGBT+ အသိုင်းအဝိုင်းများ အပါအဝင် အပယ်ခံအုပ်စုများမှသူများ ပါဝင်သည်။265

C8: ဝက်ဘ်ဆိုဒ်များ၊ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဝန်ဆောင်မှုပေးသူများ သို့မဟုတ် အသုံးပြုသူ တစ်ဦးချင်းစီသည် ဟက်ကင်း(hacking)များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခံရခြင်းနှင့် အခြား ဆိုက်ဘာတိုက်ခိုက်မှု(cyberattack)ပုံစံများ ကြုံတွေ့ရပါသလား။ (၀-၃ မှတ်) (၁ / ၃)

မြန်မာနိုင်ငံတွင် ဝက်ဘ်ဆိုက်များ၊ ဖေ့စ်ဘွတ်ခ်အကောင့်များနှင့် အီးမေးလ်များသည် အခါအားလျော်စွာ နည်းပညာသုံးတိုက်ခိုက်မှုများ ခံရသည်။ ၂၀၁၇ ခုနှစ်တွင် ပုဂ္ဂလိကဝက်ဘ်စာမျက်နှာအချို့နှင့်အတူ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဗဟိုဘဏ်နှင့် မအူပင်တက္ကသိုလ်တို့၏ ဝက်ဘ်ဆိုက်များသည် “Stop Killing Muslims” ဟူသော စာသားများနှင့် အတူ ဟက်ခ်လုပ်၍ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။266 တူရကီ တက်ကြွလှုပ်ရှားသူများမှ ရိုဟင်ဂျာများအား ဆက်ဆံမှုအပေါ် သူတို့၏ စိုးရိမ်မှုများကို ထုတ်ဖော်ရန် ဟက်ကင်းများကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကြသည်။267

လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းထောက်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက သူတို့၏ အီးမေးလ်များနှင့် ဖေ့စ်ဘွတ်အကောင့်များကို ပုံမှန် သို့မဟုတ် အပတ်စဉ် အဝေးမှ ဟက်ခ်လုပ်ရန် ကြိုးပမ်းမှုများရှိကြောင်း ပြောကြသည်။268 မြန်မာပြည်မှ ဒစ်ဂျစ်တယ်တက်ကြွလှုပ်ရှားသူများသည် ဂူးဂဲလ်(Google)မှ “government-backed attackers” (အစိုးရ အထောက်အပံ့ပေးသော တိုက်ခိုက်သူ)များသည်​ ၎င်းတို့၏ ဂူးဂဲလ် အကောင့်များအား တိုက်ခိုက်ခိုးယူရန် ကြိုးစားနေသည်ဟု ၎င်းတို့အား ပုံမှန်သတိပေးလေ့ရှိကြောင်းကို ပြောကြသည်။​269 ဟက်ကင်းပြုလုပ်ရန် ကြိုးပမ်းမှုများကို မကြာခဏခံရသူများထဲတွင် ရိုဟင်ဂျာ အရေးဆောင်ရွက်သူနှင့် မွတ်စလင် တက်ကြွလှုပ်ရှားသူများ ပါဝင်သည်။270 သတင်းထောက်များ၏ စက်များကို ဟက်ခ်လုပ်ရန် ရဲများက ခေတ်မီဆန်းပြားသည့် နည်းပညာကို အသုံးပြုခဲ့သည်၊ ထိုထဲတွင် ၂၀၁၇ ခုနှစ်က ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့လည်း အပါအဝင် ဖြစ်သည်။271 အဆင့်မြင့် spyware များကို မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ပြီး272 လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းထောက်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက သူတို့၏လက်ကိုင်ဖုန်းများတွင် spyware ထည့်သွင်း အသုံးပြုထားခြင်းကို ကြုံရကြောင်း ပြောဆိုကြသည် (C5 ကို ကြည့်ပါ)။273

မိုက်ကရိုဆော့ဖ် (Microsoft)သည် မြန်မာနိုင်ငံရှိ ကွန်ပျူတာနှင့် စက်ပစ္စည်းအမြောက်အများသည် ဗိုင်းရပ်စ်နှင့် malware များ ကူးစက်ခံထားရကြောင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ပြောကြားခဲ့သည်။274 မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ဝင်သောနှုန်း အများဆုံးတွင် စတုတ္ထနေရာတွင် ရှိသည်ဟု ၂၀၁၉ ခုနှစ်တွင် Kaspersky က အစီရင်ခံခဲ့သည်။ ကွန်ပျူတာများနှင့် ဖြုတ်တပ်၍ရသော စက်များ၏ ၆၀ ရာခိုင်နှုန်းမှာ ကူးစက်ခံနေရသည်ဟု အစီရင်ခံခဲ့သည်။275 ဘရောင်ဇာတွင် ခိုးဝင် ပြုပြင်သော ဆော့ဖ်ဝဲ(Browser modifiers)များသည် ကမ္ဘာပေါ်ရှိ ပျမ်းမျှနှုန်းထက် မြန်မာနိုင်ငံတွင် နှစ်ဆပိုများပြီး မလိုအပ်ပဲ အပိုသွင်းပေးသော ဆော့ဖ်ဝဲအတွဲ(software bundlers)များသည် သုံးဆနီးပါး ပိုတွေ့ရများသည်။ ထို့အပြင် မိုက်ကရိုဆော့ဖ်သည် မြန်မာပြည်တွင် အလွန်တွေ့ရများလေ့ရှိသည့် USB drive များအတွင်း ကူးဆက်ပျံ့နှံ့နေတတ်ကာ ထိုdriveထဲရှိ အကြောင်းအရာများကို အဝေးတစ်နေရာမှ hostသို့ ပေးပို့တတ်သော Win/Macoute(ဝင်း/မာကူတီ) worm များ ကူးစက်မှု အရေအတွက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။276

On Myanmar

See all data, scores & information on this country or territory.

See More
  • Global Freedom Score

    9 100 not free
  • Internet Freedom Score

    10 100 not free
  • Freedom in the World Status

    Not Free
  • Networks Restricted

    Yes
  • Websites Blocked

    Yes
  • Pro-government Commentators

    Yes
  • Users Arrested

    Yes