Myanmar
| A Obstacles to Access | 2 25 |
| B Limits on Content | 6 35 |
| C Violations of User Rights | 4 40 |
ခြုံငုံသုံးသပ်ချက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနှင့်အတူ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုများ၊ နိုင်ငံရေး အတိုက်အခံများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်သည် အင်တာနက်လွတ်လပ်ခွင့်အပေါ် ဆက်လက်ဖိနှိပ်မှုများ ပြုလုပ်လာခဲ့သည်။ စစ်တပ်သည် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကာလရှည် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုနည်းလမ်းအစား အတိုက်အခံများကို စစ်ရေးအရ ထိုးစစ်ဆင်မှုများ မပြုလုပ်မီ သတ်မှတ်နယ်မြေတစ်ခုစာ ကန့်သတ်ဖြတ်တောက်မှုများ ပြုလုပ်သည့် နည်းလမ်းကို အသုံးပြုလာခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ အင်တာနက် အသုံးပြုသူအများစုသည် အစိုးရခွင့်ပြု ထားသော ဝဘ်ဆိုက် (၁,၂၀၀) ကိုသာ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့သည်။ စစ်တပ်သည် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု နှစ်ခုကို တိုက်ရိုက်ထိန်းချုပ်ထားပြီး အခြားနှစ်ခုကိုလည်း ၎င်းတို့နှင့်ဆက်နွယ်သော ကုမ္ပဏီများထံသို့ အတင်းအကျပ် ပြန်လည်ရောင်းချစေခဲ့ရာ မြန်မာပြည်သူများသည် ဆင်ဆာဖြတ်တောက်မှုများနှင့် ထောက်လှမ်းမှု ခံရနိုင်သည့် အန္တရာယ်မှ ပိုမိုအကာအကွယ် မဲ့လာခဲ့သည်။ မြန်မာပြည်သူများသည် ဤသို့သော အခြေအနေများနှင့် ရင်ဆိုင်ရရုံ သာမက ဖမ်းဆီးထိန်းသိမ်းခြင်းများ၊ ကမ်းကုန်အောင်ဆိုးရွားသော ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများနှင့် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ကွပ်မျက်ခြင်းအပါအဝင် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဒစ်ဂျစ်နယ် နည်းပညာကိုအသုံးပြု၍ သတင်းအချက်အလက်မျှဝေကာ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်လက်စီစဉ်ဆောင်ရွက်လာခဲ့ကြသည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အစိုးရကိုထိန်းချုပ်လိုက်ပြီး ဒါဇင်နှင့်ချီသော ထိပ်ပိုင်းအစိုးရအရာရှိ များကို ဖမ်းဆီးထိမ်းသိမ်းခဲ့ကာ ပူပူနွေးနွေး ရွေးကောက်တင်မြောက်ထားသော လွှတ်တော်သစ် မစတင်နိုင်အောင် ကြိုတင်ပိတ်ပင်လိုက်သည့်အတွက် မြန်မာနိုင်ငံ၏ အရှိန်သေနေပြီးသား အသွင်ကူးပြောင်းမှုဖြစ်စဉ်သည် လုံးဝ လမ်းကြောင်းလွဲသွားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲတွင် တစ်ခဲနက်အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အာဏာသိမ်းမှုဆန့်ကျင်ရေး ကျယ်ပြန့်သောလှုပ်ရှားမှုတစ်ခုကို ဦးဆောင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ဖော်ဆောင်ခဲ့သည်။ ဆန္ဒထုတ်ဖော်သူများ သည် စစ်တပ်တပ်ဖွဲ့ဝင်များ၏ ရမ်းကားအကြမ်းဖက်ခြင်း ခံခဲ့ရပြီး သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သာမန်ပြည်သူများသည်လည်း စစ်တပ်ကိုဆန့်ကျင်ပြောဆိုမှုများ ပြုလုပ်သောအခါ ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရနိုင်သည့် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည်။ စစ်တပ်နှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များ ကြား လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်လာခဲ့သလို မွတ်စလင်အများစုပါဝင်သော ရိုဟင်ဂျာ လူနည်းစု လူမျိုးစု သိန်းပေါင်းများစွာသည်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်သည်။
အဓိကကျသောဖြစ်ပေါ်တိုးတက်မှုများ - ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁) ရက်မှ မေလ၊ (၃၁) ရက်နေ့ထိ
- စစ်တပ်သည် မိုဘိုင်းဖုန်းဒေတာစျေးနှုန်းများ အဆမတန်တိုးမြှင့်သတ်မှတ်ရန်နှင့် ဖုန်းနှင့်ပတ်သက်သည့် အခွန်သစ်များကောက်ခံရန် ညွှန်ကြားခဲ့သောကြောင့် အင်တာနက်အသုံးပြုမှုအတွက် ဝယ်ယူနိုင်စွမ်းအပေါ် သိသိသာသာ ကန့်သတ်မှုများဖြစ်စေခဲ့ကာ အထူးသဖြင့် တိုင်းပြည်စီးပွားရေးကျဆင်းမှုဒဏ်ခံနေရသော ဆင်းရဲသားပြည်သူများအပေါ် သက်ရောက်မှု ပိုမိုကြီးမားခဲ့သည်။ (A-2 ကိုကြည့်ရန်)
- အာဏာပိုင်များသည် နယ်မြေဒေသအလိုက် ကာလတိုအင်တာနက်ဖြတ်တောက်မှုများ မကြာခဏပြုလုပ်ကာ အတိုက်အခံများက အင်တာနက်အသုံးပြု၍ စီစဉ်ဆောင်ရွက်မှုများပြုလုပ်ခြင်း သို့မဟုတ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအကြောင်း သတင်းအချက်အလက်ဖလှယ်ခြင်း မပြုလုပ်နိုင်အောင် တားဆီးမှုများ ပြုလုပ်ခဲ့သဖြင့် သန်းနှင့်ချီသောပြည်သူများ၏ အင်တာနက်အသုံးပြုမှုအပေါ် အကန့်အသတ်များ ဖြစ်စေခဲ့သည်။ (က-၃ ကိုကြည့်ရန်)
- နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီက ၎င်း၏ မြန်မာနိုင်ငံဆက်သွယ်ရေးလုပ်ငန်းအား ရောင်းချတော့ မည်ဖြစ်အကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လိုင်လတွင် ကြေညာခဲ့ပြီးနောက် စစ်တပ်က ၎င်းတို့နှင့်ဆက်နွယ်သော ကုမ္ပဏီထံတစ်ခုထံသို့ ရောင်းချရန် အတင်းအကျပ် စေခိုင်းခဲ့သောကြောင့် Telenor အသုံးပြုသူများ၏ အချက်အလက်များကို စစ်တပ်က လက်လှမ်းမှီလာခဲ့သည်။ (က-၄ နှင့် ဂ-၆ ကိုကြည့်ရန်)
- အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အွန်လိုင်းလူမှုအသိုင်းအဝိုင်းများကို စည်းရုံးသူများသည် ကိုယ်ထိလက် ရောက်တိုက်ခိုက်မှုများ၊ အွန်လိုင်းထိပါးနှောက်ယှက်မှုများနှင့် ဖမ်းဆီးထောင်ချခြင်းများ အမြဲကြုံတွေ့ခဲ့ရ သောကြောင့် အဆိုပါအဖွဲ့အစည်းအများအပြားသည် ပြည်ပသို့ထွက်ခွာခြင်း သို့မဟုတ် မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်ခြင်းများ ပြုလုပ်ရန် ဖိအားဖြစ်စေခဲ့သည်။ (ခ-၄ နှင့် ခ-၈ ကိုကြည့်ရန်)
- ဤသုတေသနကာလအတွင်းတွင် အွန်လိုင်းလုပ်ဆောင်မှုများကြောင့် အင်တာနက် အသုံးပြုသူအများအပြား ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်၊ စစ်တပ်တရားရုံးများသည် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ကာ ကွပ်မျက်မှုများ ပြုလုပ်ခဲ့သည်။ (ဂ-၃ နှင့် ဂ-၇ ကိုကြည့်ရန်)
- စစ်တပ်သည် လျှို့ဝှက်ကွန်ရက်ချိတ်ဆက်မှုစနစ် (VPN) အသုံးပြုခြင်းအား အရေးယူရန် ကြိုးပမ်းခြင်း၊ မိုဘိုင်းဖုန်းများမဖြစ်မနေမှတ်ပုံတင်ရန် သတ်မှတ်ခြင်း၊ လူမှုကွန်ရက်များမှ တစ်ဆင့်ဖြစ်စေ၊ ဆက်သွယ်ရေး ကုမ္ပဏီများမှတစ်ဆင့်ဖြစ်စေ နည်းလမ်းနှစ်မျိုးလုံးအသုံးပြုကာ စောင့်ကြည့်ထောက်လှမ်းမှုများတိုးမြှင့် လုပ်ဆောင်ခြင်းများ ပြုလုပ်ခြင်းဖြင့် အွန်လိုင်းပေါ်တွင် အမည်မဖော်သည့် ဆန့်ကျင်တော်လှန်မှုများကို ထိုးနက်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည်။ (C4 နှင့် C6 ကိုကြည့်ရန်)
(က) အင်တာနက်အသုံးပြုမှုအတွက်အတားအဆီးများ
(က-၁) အခြေခံအဆောက်အအုံမပြည့်စုံမှုက အင်တာနက် အသုံးပြုမှု သို့မဟုတ် အင်တာနက် မြန်နှုန်းနှင့် အရည်အသွေး အပေါ် ကန့်သတ်မှုများ ဖြစ်စေပါသလား။ (၀-၆ မှတ်) - ၂
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှု ပိုမိုတွင်ကျယ်လာခဲ့သော်လည်း ဤသုတေသနကာလအတွင်းတွင် အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှုများ၊ အင်တာနက်ဖြတ်တောက်မှုများ (A3 ကိုကြည့်ရန်) နှင့် စစ်တပ်၏ညွှန်ကြားချက်အရ ကုန်ကျစရိတ် တိုးမြှင့်ကောက်ခြင်းခြင်းများကြောင့် (A2 ကိုကြည့်ရန်) အင်တာနက်အသုံးပြုမှုအပေါ် ဆိုးရွားစွာထိခိုက်စေခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ (၄၅.၉) ရာခိုင်နှုန်း ရှိခဲ့သည်ဟု Digital 2022 အစီရင်ခံစာတွင် ဖော်ပြထားပြီး ဤအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင်ရှိခဲ့သော (၄၃) ရာခိုင်နှုန်းထက် ပိုမိုတိုးများလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဆက်သွယ်ရေးသမဂ္ဂ (ITU) ကလည်း ၂၀၂၀ ခုနှစ်တွင် အင်တာနက်အသုံးပြုမှုနှုန်း (၃၅) ရာခိုင်နှုန်းသာရှိခဲ့သည်ဟုဆိုသည်။ ၂၀၂၂ ခုနှစ်တွင် အင်တာနက်အသုံးပြုမှုနှုန်း (၉၉) ရာခိုင်နှုန်းအထိရှိအောင် ဆောင်ရွက်မည်ဟု ပို့ဆောင်ရးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (MoTC) က ၂၀၁၈ ခုနှစ်တွင် ပစ်မှတ်ထားခဲ့သော်လည်း သတ်မှတ်ချက်အောက်များစွာ လျော့နည်းမည့် အလားအလာများနေသည်။
ပြည်သူအများစုမှာ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုအပေါ် အမှီအခိုခိုပြုကြပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အထိ မိုဘိုင်းအင်တာနက်ချိတ်ဆက်မှု (၇၃) သန်းအထိရှိခဲ့သည်။ အသုံးပြုသူများသည် ဆင်းမ်ကဒ်တစ်ခုမက ရှိကြသောကြောင့် အင်တာနက်အသုံးပြုမှုနှုန်းသည်လည်း အလားတူမြင့်တက်နေသည်ကို တွေ့ရသည်။ ဤအလေ့အထသည် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ထောက်လှမ်းမှု မခံရအောင်ရှောင်ရှားရန်နှင့် စစ်တပ်ထိန်းချုပ်ထားသော ဝန်ဆောင်မှုကို သပိတ်မှောက်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူများက ဆင်းမ်ကဒ် ပြောင်းလဲအသုံးပြုခဲ့ကြသောကြောင့် ပို၍ပင်တွင်ကျယ်လာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ကြိုးသွယ်စနစ်နှင့် ကြိုးမဲ့ broadband စနစ်ဖြင့် အသုံးပြုမှုသည် အင်တာနက်ချိတ်ဆက်မှုအားလုံး၏ (၀.၅) ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ဤအရေအတွက်သည် နှစ်အတန်ကြာအောင် အပြောင်းအလဲမရှိခဲ့သော်လည်း ကိုဗစ် - ၁၉ ကပ်ဘေး ကာလအတွင်း အချို့သောမြို့ပြဒေသများတွင် ချိတ်ဆက်မှုအရေအတွက် ပိုမိုတိုးများသွားခဲ့နိုင်ခြေရှိသည်။
စစ်တပ်နှင့် အတိုက်အခံအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်လာခဲ့ရာ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့်အပြင် လုံခြုံရေးအခြေအနေကြောင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်မှုများလည်း လျော့နည်းသွားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ ကာလကြားတွင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း (၄၀၀) ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု နိုင်ငံပိုင်သတင်းစာများက ထုတ်ပြန်ခဲ့သည်။ စစ်တပ်သည် တာဝါတိုင်အနီးတစ်ဝိုက် ခြေနင်းမိုင်းများထောင်ထားရာ အမှတ်အသား မလုပ်ထားသည့် မြေမြှုပ်မိုင်း နင်းမိသောကြောင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း အင်ဂျင်နီယာ အနည်းဆုံး(၄)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးသည့်နောက်ပိုင်း ဆက်သွယ်ရေးကုမ္ပဏီများသည် တာဝါတိုင်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ်ကြခြင်း မရှိတော့ပေ။
ရေကြီးရေလျှံမှု၊ လျှပ်စစ်မီးမလုံလောက်မှု၊ အလုပ်မတွင်သော ဗျူရိုကရေစီစနစ်နှင့် ပုဂ္ဂလိကကဏ္ဍနှင့်အစိုးရ အကျင့်ပျက်ခြစားမှုများက အခြေခံအဆောက်အုံ ဖွံ့ဖြိုးမှုအပေါ် နှောက်နှေးမှုများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိသည်။ သုတေသနကာလအတွင်းတွင် ၅ နာရီမှ ၁၆ နာရီကြာအထိ နေစဉ်နှင့်အမျှ လျှပ်စစ်မီး ပြတ်တောက်မှု ကြောင့် ဆက်သွယ်ဆောင်ရွက်နိုင်စွမ်းအပေါ် သက်ရောက်မှုများရှိခဲ့သည်။ အခြေခံအဆောက်အုံ ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်နေရသောကြောင့်ဟုဆိုကာ မြန်မာနိုင်ငံဒေသတချို့တွင် (၂၄) နာရီကြာ လျှပ်စစ်မီးပြတ် တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကြေညာခဲ့သည်။ အချို့သတင်း အရင်းအမြစ်များကမူ ထိုမတိုင်ခင်ကတည်းက ရန်ကုန်တွင် တစ်နေ့တာလုံး လျှပ်စစ်မီးပြတ်တောက် မှုများ ရှိနေခဲ့ပြီးဖြစ်သည်ဟု ဆိုကြသည်။
က(၂) - နေရာဒေသ၊ လူမှုရေး သို့မဟုတ် အခြားအကြောင်း များကြောင့် တချို့ပြည်သူများအတွက် အင်တာနက်အသုံး ပြုရန် ကုန်ကျစရိတ် အဆမတန် ကြီးမြင့်နေပါသလား သို့မဟုတ် လက်လှမ်းမမှီ ဖြစ်နေသလား။ - ၀
ရမှတ်အပြောင်းအလဲ - ဖုန်းအင်တာနက်ဒေတာစျေးနှုန်းများ နှစ်ဆမြင့်တက်သွားခြင်းနှင့် ဆင်းမ်ကဒ် ဝယ်ယူမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းများကြောင့် အင်တာနက်ဝယ်ယူအသုံးပြုနိုင်စွမ်းအပေါ် ဆိုးရွားစွာ အကန့်အသတ် ဖြစ်သွားစေသည့်အတွက် ရမှတ် (၁) မှတ်မှ (၀) မှတ်သို့ ကျဆင်းသွားခဲ့သည်။
အင်တာနက်အသုံးပြုမှု ကုန်ကျစရိတ်သည် ဤသုတေသနကာလအတွင်းတွင် သုံးစွဲသူအများစုအတွက် သိသိသာသာ မြင့်တက်သွားခဲ့ကြောင်း တွေ့ရသည်။ စစ်တပ်၏ သတ်မှတ်ချက်အရ စျေးနှုန်းမြှင့်တက်သွားသည့်အပြင် ငွေကြေး ဖောင်းပွမှု တစ်ရှိန်ထိုးဖြစ်ပေါ်လာခြင်း၊ နိုင်ငံ့စီးပွားရေး (၁၈) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းနှင့် အာဏာ သိမ်းမှုအလွန် အလုပ်လက်မဲ့ဦးရေ အလွန်များပြားလာခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပိုမိုဆင်းရဲသော ပြည်သူများသည် အင်တာနက် လုံးဝအသုံးမပြုနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အချို့မှာ အခြေခံ လိုအပ်ချက်များဝယ်ယူရန် ၎င်းတို့၏လက်ကိုင်ဖုန်းများကို ပြန်လည်ရောင်းချခဲ့ကြသည်။
စစ်တပ်ထိန်းချုပ်မှုအောက်ရှိ MoTC သည် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများအားလုံးကို ဖုန်းဒေတာ စျေးနှုန်း (၂) ဆမြှင့်တင်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့သည်။ ထို့ပြင် MoTC သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း ဆင်းမ်ကဒ်ဝယ်ယူမှုအပေါ် အခွန် (၂၀,၀၀၀) ကျပ် (၁၁ ဒေါ်လာ) ကောက်ခံရန် သတ်မှတ်ခဲ့သလို ဆက်သွယ်ရေးကုမ္ပဏီများ၏ လုပ်ငန်းခွန်နှုန်းထားကို (၃) ဆတိုးက (၁၅) ရာခိုင်နှုန်းအထိ ပြောင်းလဲသတ်မှတ်ခဲ့ပြီး မိုဘိုင်းဖုန်းကိုယ်ပိုင်အမှတ် (IMEM) များကို မဖြစ်မနေမှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်မှုအတွက် အခွန် (၆,၀၀၀) ကျပ်ပေးသွင်းရန် သတ်မှတ်ခဲ့သည်။ “အင်တာနက်အလွန်အကျွံ အလွဲသုံးမှုများကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို ထိခိုက်မှုများနှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ” ကိုလျှော့ချရန်လိုအပ်သောကြောင့် စျေးနှုန်းမြှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်ကဆိုသည်။ ထိုအချိန်က သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့သော မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများကမူ ၎င်းတို့ဘက်က တိုးမြှင့်ကောက်ခံရန် တောင်းဆိုခဲ့ခြင်းမဟုတ်ဟု ဆိုကြသည်။
၂၀၁၈ နှင့် ၂၀၂၁ ခုနှစ် ကြား ကာလအတွင်းတွင် မြို့ကြီးပြကြီးပေါ်ရှိ အင်တာနက်အသုံးပြုသူများသည် ကုန်ကျစရိတ် ထက်ဝက်မျှလျော့၍ ကြိုးသွယ်စနစ်နှင့် ကြိုးမဲ့ broadband စနစ်ကို အသုံးပြုနိုင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကြိုးသွယ်စနစ်ဖြင့် ချိတ်ဆက်အသုံးပြုမှုအတွက် ပျှမ်းမျှလစဉ်ဝန်ဆောင်မှု ကုန်ကျစရိတ်သည် (၄၇,၀၀၀) ကျပ် (၂၅.၉၆ ဒေါ်လာ) ရှိခဲ့ပြီး စျေးအသက်သာဆုံး ဝန်ဆောင်မှုမှာ (၂၅,၀၀၀) ကျပ် (၁၃.၈၀ ဒေါ်လာ) ရှိခဲ့သည်။ broadband အသုံးပြုနိုင်မှုအတိုင်းအတာ ကွာခြားချက်အရ (က-၁ နှင့် က-၂ ကိုကြည့်ရန်) ပိုမိုဆင်းရဲချို့တဲ့သည့် ကျေးလက်နေ ပြည်သူများသည် မူလကတည်းက ကွန်ပြူတာမရှိကြသည့်အပြင် အာဏာသိမ်းမှုအလွန်ကာလတွင် အချိန်တိုအတွင်း စီးပွားရေး ယိုယွင်းလာမှုများကြောင့် ရုန်းကန်နေရသဖြင့် မြို့ပြနေ အင်တာနက်အသုံးပြုသူများထက်စာလျှင် အင်တာနက် ကုန်ကျစရိတ် ကြီးမြင့်လာမှုဒဏ်ကို များစွာပိုခံကြရလိမ့်မည်ဖြစ်သည်။
အာဏာသိမ်းမှုမတိုင်ခင် ၂၀၁၈ ခုနှစ်တွင် MoTC သည် ဆက်သွယ်ရေးကုမ္ပဏီများအပေါ် (၂) ရာခိုင်နှုန်း ကောက်ခံ ထားသော အခွန်ငွေဖြင့် နိုင်ငံတကာဝန်ဆောင်မှုရန်ပုံငွေ (USF) ကိုတည်ထောင်ခဲ့သည်။ USF သည် တိုင်းပြည် အတွင်း ဒေသတစ်ခုနှစ်တစ်ခုကြား အခြေခံအဆောက်အုံတည်ဆောက်ထားမှု ကွာဟချက်ကို ဖြေရှင်းရန်နှင့် ၂၀၂၂ ခုနှစ်တွင် လူဦးရေ (၉၉) ရာခိုင်နှုန်းကို ဆက်သွယ်ရေးဝန်ဆောင်မှု လက်ခံရရှိနိုင်အောင် ဆောင်ရွက်ရန် ရည်ရွည်ခဲ့ခြင်း ဖြစ်သည်။ USF ၏ လုပ်ငန်းပထမအဆင့်ကို ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုကြောင့် ရပ်ဆိုင်းခဲ့ရသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် အရပ်သားအစိုးရသည် USF ရန်ပုံငွေကို မိုဘိုင်းဖုန်း အသုံးပြုသူများ၏ ဇီဝကြင်အင်လက္ခဏာဆိုင်ရာအချက်အလက်များ (ဘိုင်အိုမက်ထရစ်) ကောက်ယူမှုအတွက် ပြောင်းလဲအသုံးပြုခဲ့ပြီး (ဂ-၄ ကိုကြည့်ရန်) လက်ရှိအချိန်တွင် USF ကို စစ်ရေးလိုအပ် ချက်များအတွက် အသုံးပြုလျက်ရှိသည်။
ကျားမအခြေပြု ဒစ်ဂျစ်တယ်ဆိုင်ရာကွဲပြားမှုများ ဆက်ရှိနေသည်။ ITU ကနောက်ဆုံးထုတ်ပြန်ခဲ့သော ခန့်မှန်းချက်များ အရ ၂၀၁၇ ခုနှစ်တွင် အမျိုးသမီး (၁၉) ရာခိုင်နှုန်းသာ အင်တာနက်အသုံးပြုနိုင်ကြပြီး အမျိုးသားအသုံးပြုသူမှာ (၂၉) ရာခိုင်နှုန်း ရှိခဲ့သည်။ အင်တာနက်သည် အမျိုးသမီးများနှင့် အပ်စပ်မှုမရှိဟုရှုမြင်ခြင်း၊ စရိတ်ကြီးမြင့်ခြင်းနှင့် အသုံးပြုရန်လိုအပ်သော ကျွမ်းကျင်မှုမရှိခြင်းတို့သည် အင်တာနက်အသုံးပြုမှုအတွက် အမျိုးသမီးများ မိုဘိုင်းဖုန်း လက်ဝယ်ပိုင်ဆိုင်ရန်နှင့် အသုံးပြုရန် အဟန့်အတားဖြစ်စေသော အရာများဖြစ်သည်။
က(၃): အာဏာပိုင်များသည် ဆက်သွယ်ဆာင်ရွက်နိုင်စွမ်းအပေါ် ကန့်သတ်မှုများ ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်တာနက် အခြေခံအဆောက်အအုံများကို နည်းပညာအရ သို့မဟုတ် ဥပဒေအရ ထိန်းချုပ်မှုပြုလုပ်ထားပါသလား။ (၀-၆ မှတ်) - ၀
စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အကြိမ်ကြိမ် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက်နေ့ နံနက်အစောပိုင်းတွင် လက်နက်ကိုင်ဆောင်ထားသော စစ်သားများသည် ဆက်သွယ်ရေးကုမ္ပဏီများ၏ ရုံးခန်းတွင်းသို့ ဝင်ရောက်လာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြတ်တောက်မှုပြုလုပ်ရန် အတင်းအကျပ်စေခိုင်းခဲ့သည်။ ထို့အချိန်မှစ၍ စစ်တပ်သည် ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများကို ညွှန်ကြားချက်များလိုက်နာရန် ခြိမ်းခြောက်မှုများပြုလုပ်လာခဲ့ပြီး အင်တာနက် ဖြတ်တောက်မှုများ၊ မြန်နှုန်းလျှော့ချမှုများနှင့် ပိတ်ပင်မှုများ ပြုလုပ်ရန် ညွှန်ကြားချက်များပေး၍ ဆက်သွယ်ဆောင် ရွက်နိုင်စွမ်းအပေါ် ကန့်သတ်ပိတ်ပင်မှုများ အကြိမ်ကြိမ်ပြုလုပ်လာခဲ့သည်။
ဤသုတေသနကာလအတွင်း မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို နယ်မြေအဆင့်တွင် အကြိမ်ကြိမ် ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကုန်၊ မန္တလေး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဖြတ်တောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး သန်းနှင့်ချီသော အသုံးပြုသူများအပေါ် သက်ရောက်မှုရှိခဲ့သည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် ကာလရှည် ပြတ်တောက်မှု များပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လမှစ၍ ကာလအကန့်အသတ်မရှိ ဝန်ဆောင်မှုဖြတ်တောက်ခြင်း ပြုလုပ်လာခဲ့သည်။ စစ်တပ်ဆန့်ကျင်ရေးအင်အားစုများ အဓိကလှုပ်ရှားမှုရှိသောနေရာများတွင် ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း အပေါ် ကန့်သတ်မှုများပြုလုပ်ထားပြီး အွန်လိုင်းဖြတ်တောက်မှုများသည် မြေပြင်ဖြိုခွင်းမှုများ ဆိုးဆိုးရွားရွား ပြုလုပ်သောအချိန်တွင် ဖြစ်ပေါ်လေ့ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု စတင်ပြီးနောက် စစ်တပ်သည် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် မှုများကို အဟန့်အတားဖြစ်စေရန် အချိန်ကိုက် တနေကုန် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ အင်တာနက်ကန့်သတ်မှုများကို အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှစ၍ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ စစ်တပ်သည် ဖေဖော်ဝါရီလ၊ (၁၅) ရက်နေ့မှ ဧပြီလ၊ (၂၈) ရက်နေ့အထိ ဒစ်ဂျစ်တယ်အသုံးပြုမှုကန့်သတ်မိန့်ကို ထုတ်ပြန် ဆောင်ရွက်ခဲ့ပြီး ညဘက်အသုံးပြုမှုကန့်သတ်ခြင်း၊ နေ့ဘက် ပုံမှန်မဟုတ်သော ဖြတ်တောက်ခြင်းနှင့် မြန်နှုန်းလျှော့ချ ခြင်းများ ပြုလုပ်ခဲ့သည်။ မတ်လ၊ (၁၅) ရက်နေ့တွင် စစ်တပ်သည် မိုဘိုင်းဖုန်းဆက်သွယ်မှုအားလုံးကို ဖြတ်တောက် လိုက်ပြီး မတ်လ၊ (၁၈) ရပ်နေ့တွင် အများပြည်သူသုံး Wi-Fi များကို ပိတ်ပင်လိုက်ကာ ဧပြီလ၊ (၁) ရက်နေ့တွင် ကြိုးမဲ့ broadband ဝန်ဆောင်မှုများကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ရှားပါးသော ကြိုးသွယ်စနစ်ဖြင့် အသုံးပြုသည့် broadband ဝန်ဆောင်မှုများသာ (က-၁ ကိုကြည့်ရန်) လပေါင်းများစွာတိုင်အောင် အင်တာနက် အသုံးပြုနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နေခဲ့သည်။ တယ်လီနော၏ ထုတ်ဖော်ပြောကြားချက်အရ MoTC သည် စစ်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ ကနဦး အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။ စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဧပြီလ နှောင်းပိုင်းတွင် ဆက်သွယ် ဆောင်ရွက်နိုင်စွမ်းအပေါ် တစ်နိုင်ငံလုံးအတိုင်းအတာ တစ်ပြေးညီ ကန့်သတ်ထားခြင်းများကို စတင်ဖြေလျှော့မှုများ ပြုလုပ်လာခဲ့သည်။
စစ်တပ်သည် သက်ရောက်မှုကျယ်ပြန့်သော ဖြတ်တောက်မှုများ ပြုလုပ်သည့်အပြင် ဆက်သွယ်ရေးကုမ္ပဏီများကို သတ်မှတ်ထားသော ပစ်မှတ်တစ်ခုစီအလိုက်လည်း ကန့်သတ်မှုအမြောက်အများ ပြုလုပ်ရန် ညွှန်ကြား၍ ဝက်ဆိုက်များ၊ application များနှင့် လူမှုကွန်ယက်များ အသုံးမပြုနိုင်အောင် ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။ (ခ-၁ ကိုကြည့်ရန်)
စစ်တပ်သည် အာဏာသိမ်းမှုမတိုင်ခင်ကာလတွင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်စွမ်းအပေါ် ကန့်သတ်မှုများ ပြုလုပ်သည့် အရပ်သားအစိုးရ၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် NLD အစိုးရသည် ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် အနေဖြင့် မိုဘိုင်းဆက်သွယ်ရေးဖြတ်တောက်မှု ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိ ပြည်သူ (၁.၄) သန်းအပေါ် သက်ရောက်မှုများရှိခဲ့သည်။ စစ်တပ်၏ တောင်းဆိုမှုအရ “တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်ရန်” ဆက်သွယ်ဆောက်ရွက်နိုင်စွမ်းအပေါ် ကန့်သတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “လုံခြုံရေးအခြေအနေ” ပိုမိုကောင်းမွန်လာမှသာ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ ထိုဒေသများတွင် ဖြတ်တောက်ထားမှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခဏတာ ပြန်ဖွင့်ပေးခဲ့သည်။
MoTC သည် နိုင်ငံတော်ပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကုမ္ပဏီမှတစ်ဆင့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ အများအပြားကို ချုပ်ကိုင်ထားသောကြောင့် ဆက်သွယ်ဆောင်ရွက်နိုင်စွမ်းအပေါ်ကို အထိန်းအကွပ်မရှိဘဲ သို့မဟုတ် ကာကွယ်ရေးအစီအမံမရှိဘဲ အနှောက်အယှက်ပေးနိုင်သည့် ကြီးမားသောအာဏာ ရှိနေသည်။ အာဏာသိမ်းမှုမတိုင်ခင်တွင် ပုဂ္ဂလိကဆက်သွယ်ရေးကုမ္ပဏီများသည် မိုဘိုင်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံပိုင်ဆိုင်သူနှင့် အင်တာနက်ကျောရိုး ပိုမိုများပြားစုံလင်လာအောင် တဖြေးဖြေး ဆောင်ရွက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှုအတွက် ရေအောက်ကွန်ရက်ဆုံမှတ် (underwater gateways) (၃) ခုနှင့် မြေပေါ်ကွန်ရက်ဆုံမှတ် (overland gateways) (၄) ခုရှိကာ ဒေတာသယ်ယူနိုင်မှုပမာဏ (bandwidth) လိုအပ်ချက် (၇၀) ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းရသောကြောင့် ဂြိုလ်တုဆက်သွယ်မှု အသစ် တစ်ခုအပါအဝင် နောက်ထပ် gateways များ ထပ်မံတိုးများလာရန်လည်း ရှိနေခဲ့သည်။ သို့သော် စစ်တပ်သည် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံများကို ပိုမိုထိန်းချုပ်နိုင်အောင် ကြိုးပမ်းလျက်ရှိသောကြောင့် ဤသို့ ပိုမိုစုံလင်များပြားလာအောင် ဆောင်ရွက်သည့်အစီအစဉ်သည် အကောင်အထည်ပေါ်လာရန် မသေချာတော့ပေ။
က(၄)။ ဝန်ဆောင်မှုပေးသူများ စုံလင်ကွဲပြားခြင်းကို အကန့် အသတ်ဖြစ်စေသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် စီးပွားရေးဆိုင်ရာ အတားအဆီးများရှိပါသလား။ (၀-၆ မှတ်) - ၀
ရမှတ်အပြောင်းအလဲ - စစ်တပ်သည် Telenor အား စစ်တပ်နှင့်ဆက်နွယ်သော ကုမ္ပဏီထံသို့ အတင်းအကျပ် ရောင်းချစေခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းစျေးကွက်အပေါ် ထိန်းချုပ်မှု ပိုမိုခိုင်မာလာသောကြောင့် ရမှတ် (၁) မှတ်မှ (၀) မှတ်သို့ ကျဆင်းသွားခဲ့သည်။
စစ်တပ်သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများ (၄) ခုအနက် (၂) ခုကို တိုက်ရိုက်ထိန်းချုပ် ထားသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် စစ်တပ်သည် Telenor ၏ ရှယ်ယာအများစုကို အစဉ်အလာအရ ၎င်းတို့နှင့် ရင်းနီးသည့် ဆက်နွယ်မှုရှိသော ရွှေဗျိုင်းဖြူကုမ္ပဏီထံသို့ အတင်းအကျပ် ရောင်းချစေခဲ့သည်။ Ooredoo သည် ၎င်း၏ဆက်သွယ်ရေးလုပ်ငန်းကို စစ်တပ်နှင့်ဆက်နွယ်သော ကုမ္ပဏီတစ်ခုထံသို့ သုတေသနကာလနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ရောင်းချခဲ့သည်။
ဗီယက်နမ်နိုင်ငံစစ်တပ်က တစ်စိတ်တစ်ပိုင်း တိုက်ရိုက်ပိုင်ဆိုင်သော မြန်မာစစ်တပ်၏ Mytel ဆက်သွယ်ရေး ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီး သပိတ်မှောက်ခြင်းမခံရမီ ၂၀၂၀ ခုနှစ်၊ ဇွန်လအထိ ခန့်မှန်းခြေအသုံးပြုသူပေါင်း (၁၀) သန်းခန့် ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်သည် အစိုးရပိုင် MPT ကုမ္ပဏီကို ကိုတိုက်ရိုက်ထိန်းချုပ်မှု ပိုမိုပြုလုပ်လာခဲ့သည်။ နောက်ဆုံးထုတ်ပြန်ထားသော မှတ်တမ်းများ အရ MPT သည် ၂၀၂၀ ခုနှစ်အစောပိုင်းအထိ အသုံးပြုသူပေါင်း (၂၄) သန်းရှိခဲ့သည်။
ဥပရောပသမဂ္ဂ၏ဒဏ်ခတ်အရေးယူမှုကြောင့် ပိတ်ပင်ခံထားသော (ဂ-၅ ကိုကြည့်ရန်) ထောက်လှမ်းရေး နည်းပညာကိုအသုံးပြုရန် စစ်တပ်ထံမှအမိန်ညွှန်ကြားချက် လက်ခံရရှိပြီးနောက် Telenor သည် ၎င်း၏မြန်မာပြည် ဆက်သွယ်ရေးလုပ်ငန်းများကို ရောင်းချသွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။ Telenor သည် မြန်မာပြည်လုပ်ငန်းများကို လစ်ဘနွန်ကုမ္ပဏီ M1 Group ထံသို့ ဒေါ်လာ (၁၀၅) သန်းဖြင့် ရောင်းချရန် စီစဉ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် စစ်တပ်သည် ရွှေဗျိုင်းဖြူကုမ္ပဏီက (၈၀) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှု ရှိရမည်ဟူသော သတ်မှတ်ချက်ဖြင့် ရောင်းချမှုကိုအတည်ပြုခဲ့သည်။ ထိုကိစ္စအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ပါဝင်ခဲ့ပြီး ၎င်း၏သမီးဖြစ်သူကလည်း Telenor ၏ မြန်မာပြည်လုပ်ငန်း အစုရှယ်ယာတချို့ကို ဝယ်ယူခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ရွှေဗျိုင်းဖြူကုမ္ပဏီက Telenor ၏မြန်မာပြည်လုပ်ငန်းကို ATOM ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။
Telenor အား ရွှေဗျိုင်းဖြူထံသို့ ရောင်းချလိုက်ခြင်းကို အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ကာ စစ်တပ်က Telenor ၏ကွန်ရက်များနှင့် အချက်အလက်များကို အသုံးပြု၍ အတိုက်အခံများအား ဖော်ထုတ်မည်ကို ၎င်းတို့အနေဖြင့် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
သုတေသနကာလ နောက်ဆုံးအချိန်အထိ သီးခြားလွတ်သည့် တစ်ခုတည်းသော မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီမှာ ကာတာနိုင်ငံသားပိုင် Ooredoo ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအထိ သုံးစွဲသူပေါင်း (၁၃) သန်း ရှိသည်ဟုသိရသည်။ Ooredoo သည် အာဏာသိမ်းမှုဖြစ်ပြီးနောက် သိုသိပ်စွာနေလာခဲ့ပြီး Mytel ကို အသုံးပြုသူ များက သပိတ်မှောက်မှုကြောင့် ၎င်းအတွက်အကျိုးဖြစ်ခဲ့သော်လည်း ၎င်းသည် စစ်တပ်၏ ထောက်လှမ်းရေး နည်းပညာကို တပ်ဆင်အသုံးပြုခဲ့နိုင်ခြေများသည်။
သုတေသနကာလအလွန် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် Ooredoo သည် ၎င်း၏မြန်မာပြည်လုပ်ငန်းကို စင်ကာပူ အခြေစိုက် Nine Communications ထံသို့ရောင်းချရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါကုမ္ပဏီ သည် ၎င်း၏မိခင်ကုမ္ပဏီများမှတစ်ဆင့် စစ်တပ်နှင့်ဆက်နွယ်နေသည်။
စစ်တပ်သည် ကြိုးသွယ်စနစ်သုံး broadband ကုမ္ပဏီများကို ထိန်းချုပ်ရန် အထူးအားစိုက်လုပ်ဆောင်ခြင်း မရှိသော်လည်း Mytel broadband ဝန်ဆောင်မှုကို စျေးကွက်တင်ရန် ရင်းနှီးမြှုပ်နှံမှု အများပြားပြုလုပ်ခဲ့သည်။
အာဏာသိမ်းမှုမဖြစ်ခင်တွင် လုပ်ငန်းလိုင်စင် စီမံခန့်ခွဲမှုသည် မျှတပြီး ပွင့်လင်းမြင်သာမှုရှိသည်ဟု ယေဘုယျ သတ်မှတ်နိုင်ပြီး ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် ပြင်ပမှ လွှမ်းမိုးရန်ကြိုးစားမှုများသည် အများအားဖြင့် ငြင်းပယ် ခံခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများ (ISP) နှင့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများ ဝင်ရောက်လာအောင် ဖြေလျော့မှုများပြုလုပ်ကာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အတားအဆီးအများအပြားကို ပယ်ဖျက်ခဲ့သောကြောင့် လုပ်ငန်းလိုင်စင် လက်ခံရရှိသည့်အရေအတွက် တရှိန်ထိုး တိုးများသွားခဲ့သည်။ ၂၀၂၀ ခုနှစ်အထိ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် အနည်းဆုံး (၂၀၇) ခုထုတ်ပေးခဲ့သည်။
က-၅ ဝန်ဆောင်မှုကုမ္ပဏီများနှင့် ဒစ်ဂျစ်တယ်နည်းပညာကို ကွပ်ကဲသည့် ပြည်တွင်းကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့များသည် လွတ်လပ်သော၊ မျှတသော၊ အမှီအခိုကင်းသော ပုံစံဖြင့် ဆောင်ရွက်ရန် ပျက်ကွက်နေပါသလား။ - ၀
မြန်မာနိုင်ငံ ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့များသည် စစ်တပ်၏ ညွှန်ကြားမှုအောက်သို့ ရောက်ရှိသွားခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်ကတည်းကဖြစ်သည်။ MoTC ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) သည် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသည်။ ဝန်ကြီးဌာနလက်အောက်ဌာနခွဲတစ်ခုဖြစ်သော PTD သည် ၎င်း၏ ကြီးကြပ်အုပ်ချုပ်မှုနှင့်လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လွတ်လပ်အမှီအခိုကင်းမှုအတွက် ဥပဒေအရ ဖြစ်စေ လက်တွေ့ကျင့်သုံးမှုအရဖြစ်စေ အကာအကွယ်ပေးရေးအစီအမံများ မရှိသောကြောင့် နိုင်ငံရေးအရ ဝင်ရောက် နှောင့်ယှက်မှုများကို အတားအဆီးမရှိ ပြုလုပ်ခံရနိုင်သည်။
စစ်တပ်သည် အာဏာသိမ်းပြီးကတည်းက ဆက်သွယ်ရေးကုမ္ပဏီများအပေါ် PTD ၏ကြီးကြပ်အုပ်ချုပ်မှုနှင့် လိုင်စင်ထုတ်ပေးမှုကို ထိန်းချုပ်မှုပြုလုပ်လာခဲ့သည်။ သုတေသနကာလအတွင်း PTD ၏ ဆုံးဖြတ်ချက်များကို ကြည့်လျှင် လွတ်လပ်အမှီအခိုကင်းမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသည်ကို တွေ့ရသည်။ ဥပမာ Mytel သည် သပိတ်မှောက် ခံရပြီးနောက်ပိုင်း (က-၄ ကိုကြည့်ရန်) ၎င်း၏ ဝန်ဆောင်မှုအသုံးပြုသူ ပိုမိုများပြားလာအောင် ဆောင်ရွက်ရန် ကြိုးပမ်း လာခဲ့ပြီး Facebook ပိတ်ပင်ရန်ညွှန်ကြားချက်အပါအဝင် ဖြတ်တောက်မှုများ၊ ပိတ်ဆို့မှုများ၊ စျေးကွက်အတွင်း ယှဉ်ပြိုင်မှုများ၊ လောင်းကစားများ နှင့်ပတ်သက်သည့် PTD ၏ ညွှန်ကြားချက်များကို လစ်လျူရှုခဲ့သည်။ သို့သော် PTD သည်၎င်းအား စည်းကမ်းထိန်းသိမ်းရေး ဖိအားပေး ဆောင်ရွက်ခဲ့ခြင်း မရှိပေ။ Telenor ကိုရောင်းချရန် တောင်းဆို မှုတွင် PTD ကကြားဝင်ဆောင်ရွက်မှု ရှိခဲ့ခြင်းကလည်း PTD သည် စစ်တပ်၏အကျိုးစီးပွားကို ဦးစားပေးနေကြောင်း ဖော်ပြသည့်အချက်ဖြစ်သည်။ (က-၄ ကိုကြည့်ရန်) PTD သည် ၎င်း၏ဝန်ထမ်းများကို အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခြင်းကြောင့် လူသိရှင်ကြား အကြိမ်ကြိမ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၈၆) တွင် မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် (MCRC) ၏တာဝန်များကို ဖော်ပြထားသော်လည်း ဤကော်မရှင်ကို ဖွဲ့စည်းထားခြင်းမရှိသေးပါ။ MCRC လုပ်ပိုင်ခွင့် တာဝန်များတွင် ၎င်း၏လွတ်လပ်အမှီအခိုကင်းမှုကို အကာအကွယ်ပေးရေးအစီအမံများ လုံလောက်စွာ မပါဝင် သော်လည်း ဥပဒေထဲတွင် MCRC အနေဖြင့် PTD ၏ကြီးကြပ်ကွပ်ကဲရေးတာဝန်ကို လွှဲပြောင်းရယူရန် ဖော်ပြထား သည်။ ထို့ပြင် MCRC အနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ အငြင်းပွားမှုမှန်သမျှကို စီရင်ဆုံးဖြတ်မှုပေးရမည် ဖြစ်သည်။ NLD အစိုးရသည် PTD မှတစ်ဆင့် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍအပေါ် ပိုမိုတိုက်ရိုက်ထိန်းချုပ်နိုင်မှု ရှိနေခြင်းကို မစွန့်လွတ်လိုသောကြောင့် MCRC ကိုဖွဲ့စည်းတည်ထောင်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်သူ တချို့က ထောက်ပြကြသည်။
(ခ) အချက်အလက်အကြောင်းအရာအပေါ်ကန့်သတ်မှုများ
ခ-၁။ အစိုးရသည် အင်တာနက်အချက်အလက်များကို ပိတ် ပင်ခြင်းသို့မဟုတ်ဖယ်ထုတ်ခြင်း သို့မဟုတ် ဝန်ဆောင်မှု ကုမ္ပဏီများအား ပိတ်ပင်ခြင်းသို့မဟုတ်ဖယ်ထုတ်ခြင်း ပြုလုပ်ရန်ခိုင်းစေခြင်း ပြုလုပ်ပါသလား။ (၀-၆ မှတ်) - ၁
စစ်တပ်သည် မတူညီသော ပိတ်ပင်ရေးအစီအစဉ်နှစ်ခုကို အသုံးပြုခဲ့သည်။ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများသည် စစ်တပ်ကအတည်ပြုထားသော အင်တာနက်လိပ်စာအရေအတွက် (၁,၂၀၀) မှလွဲ၍ ကျန်အားလုံးကို ပိတ်ပင်ထားရသည်။ သုံးစွဲသူအနည်းငယ်ကိုသာ ဝန်ဆောင်မှုပေးနေသော ကြိုးသွယ်စနစ်နှင့် ကြိုးမဲ့စနစ်သုံး broadband ကုမ္ပဏီများအားလုံးသည် ပုံမှန်အင်တာနက်အသုံးပြုမှုကို ဖွင့်ပေးထားသော်လည်း အင်တာနက် လိပ်စာအများအပြားကို ပိတ်ပင်ထားသည်။ သုတေသနကာလအတွင်းတွင် ဤပိတ်ပင်မှု အစီအစဉ်နှစ်ခုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူထံ ထုတ်ပြန်ထားခြင်းမရှိပါ။
အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ MoTC သည် ဝန်ဆောင်မှုကုမ္ပဏီများထံသို့ ပိတ်ပင်မှုဆိုင်ရာလျှို့ဝှက်ညွှန်ကြားချက်များ ပုံမှန်ထုတ်ပြန်လာခဲ့ပြီး အကြမ်းဖက်မှုအလွန်မြင့်မားသည့် ကာလများတွင် တစ်ပတ်အတွင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သည်။ စစ်တပ်၏ ပထမဆုံးသော အမိန့်ညွှန်ကြားချက်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၃) ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Facebook နှင့် WhatsApp ကိုပိတ်ပင်ရန် ညွှန်ကြားခဲ့ ခြင်းဖြစ်သည်။ Twitter နှင့် Instagram တို့ကိုပိတ်ပင်ရန် ညွှန်ကြားချက်ကို ဖေဖော်ဝါရီလ၊ (၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ထို့နောက်တွင် လွတ်လပ်သောသတင်းဌာနအများစုနှင့် ဝီကီပီးဒီးယားကဲ့သို့ နိုင်ငံတကာ သတင်းအရင်းအမြစ်များကို ဆက်လက်ပိတ်ပင်လာခဲ့သည်။ (ခ-၆ ကိုကြည့်ရန်) တချို့ပိတ်ပင်မှုဆိုင်ရာ ညွှန်ကြားချက်များကို ၂၀၂၁ ခုနှစ်၊ မေလတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ပိတ်ပင်သည့်ညွှန်ကြားချက်များကို ဖုံးကွယ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် သတင်းမီဒီယာဝက်ဆိုက်များအပါအဝင် ဝက်ဆိုက်များကို ထပ်မံပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။
မေလ၊ (၂၅) ရက်နေ့တွင် စစ်တပ်သည် ဘဏ်နှင့်ငွေကြေးလုပ်ငန်းဝက်ဆိုက်အများအပြားပါဝင်ပြီး YouTube နှင့် Netflix ကဲ့သို့ ဖျော်ဖြေရေးဝက်ဆိုက်တချို့၊ New York Times နှင့် အမေရိကန်အခြေစိုက် တီဗီသတင်းကွန်ယက် CNN တို့ကဲ့သို့ သတင်းဌာနဝက်ဆိုက်များနှင့် ဂိမ်းပလက်ဖောင်းများ အပါအဝင် ၎င်းတို့အတည်ပြုထားသော အင်တာနက်လိပ်စာ (၁,၂၀၀) မှလွဲ၍ ကျန်ဝက်ဆိုက်များနှင့် IP Address များအားလုံးကိုပိတ်ပင်ရန် မိုဘိုင်းဆက်သွယ် ရေးဝန်ဆောင်မှုကုမ္ပဏီများအား ညွှန်ကြားခဲ့သည်။ အတည်ပြုဝက်ဆိုက်စာရင်းကို အလျှင်းသင့်သလို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်လာခဲ့ပြီး ထိုသို့ဖြည့်စွက်ရာတွင် ပြည်တွင်းစီးရေးလုပ်ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်းများ၏ application များ ကိုထပ်မံပေါင်းထည့်ခဲ့ခြင်းသာဖြစ်သည်။ Facebook ၊ Twitter နှင့် လွတ်လပ်အမှီအခိုကင်းသော မြန်မာဘာသာ သတင်းဌာနအများစုကို ထည့်သွင်းထားခြင်း မရှိသောကြောင့် ၎င်းဝက်ဆိုက်များသည် ပိတ်ပင်ခံထားရဆဲဖြစ်သည်။ Instagram, YouTube, WhatsApp, LinkedIn, Viber နှင့် Zoom တို့မှာမူ အသုံးပြု၍ရနေသေးကြောင်း တွေ့ရသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၇၇) အရ URL များနှင့် IP Address များကို ပိတ်ပင်ရန် MoTC ကဆက်သွယ်ရေး ကုမ္ပဏီများအား ၂၀၂၁ ခုနှစ်တွင် ညွှန်ကြားစာထုတ်ပြန်ခဲ့ကြောင်း Telenor ကထုတ်ဖော်ပြောကြားလာခဲ့သည်။ ဆက်သွယ်ရေးဥပဒေတွင် ‘အရေးပေါ်အခြေအနေများတွင်’ လုပ်ငန်းလိုင်စင်ရရှိထားသူများအား လိုအပ်သော ပိတ်ပင်မှုများပြုလုပ်ရန်စေခိုင်းသည့် ညွှန်ကြားချက်များထုတ်ပြန်ရန် အာဏာပိုင်များကို ခွင့်ပြုထားသည်။ စစ်တပ်သည် ၎င်းတို့၏လုပ်ဆောင်ချက်များအတွက် ‘တည်ငြိမ်ရေးအတွက်ထိန်းသိမ်းဆောင်ရွက်ခြင်း’ နှင့် ‘အထင်မြင် လွဲမှားမှုများကိုဖြစ်ပေါ်စေသော’ ‘သတင်းတုများ’ ကိုကာကွယ်တားဆီးခြင်း စသည့်အကြောင်းပြချက်များပေးခဲ့သည်။
ဝန်ဆောင်မှုကုမ္ပဏီများသည် ပိတ်ပင်ရန်ညွှန်ကြားချက်များကို တစ်သမတ်တည်း အကောင်အထည်ဖော်လာခဲ့ခြင်း မရှိပေ။ တချို့အင်တာနက်လိပ်စာများကို တချို့ကုမ္ပဏီများက ပိတ်ထားသော်လည်း တချို့က ပိတ်ပင် ထားခြင်းမရှိပေ။ ဥပမာ Facebook သည် ညွှန်ကြားချက်အရ ပိတ်ပင်ရမည့်စာရင်းတွင်ပါဝင်ခဲ့သော်လည်း Facebook ကိုဝင်ရောက်ခွင့် ပြုထားသည့် broadband ဝန်ဆောင်မှု အနည်းဆုံး (၁) ရှိခဲ့ပြီး၊ အချို့သော Mytel အသုံးပြုသူများကလည်း ခွင့်ပြုထားသည့် ဝက်ဆိုက်စာရင်းတွင် Facebook ပါဝင်ခြင်းမရှိသည့်တိုင် ဝင်ရောက် အသုံးပြုနိုင်သည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှုပ်ထွေးမှုကြောင့်လော၊ နည်းပညာအခက်အခဲကြောင့်လော သို့မဟုတ် တမင်ရည်ရွယ်ဆောင်ရွက်ခြင်းလော ရှင်းရှင်းလင်းလင်း မသိရပေ။ ဝန်ဆောင်မှုကုမ္ပဏီမှ အချို့ဝန်ထမ်း များသည် စစ်တပ်၏ညွှန်ကြားချက်များအား အကျဉ်းချုပ်သာအဓိပ္ပါယ်ဖွင့်ဆိုခြင်း သို့မဟုတ် ၎င်းတို့၏ application များကို မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် ထိုညွှန်ကြားချက်များ၏ သက်ရောက်မှုကို ကန့်သတ်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်ဟုသိရသည်။
အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ်တွင် NLD အစိုးရသည် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများကို ဝက်ဆိုက် လိပ်စာပေါင်း (2,100) ကျော်ကို ပိတ်ပင်ရန် ညွှန်ကြားခဲ့ပြီး အများစုမှာ အင်တာပိုက စာရင်းပြုစုထားသည့် ကလေး သူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် ပတ်သက်သော ဝက်ဆိုက်များဖြစ်သည်။ NLD အစိုးရသည် လွတ်လပ်သောနာမည်ကြီးသတင်းဌာနများနှင့် စစ်တပ်ကိုဝေဖန်သည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ ဝက်ဆိုက်များအပါအဝင် ဝက်ဆိုက် (၆၇) ခုကိုလည်း ‘သတင်းတုများ’ ဖြန့်ဝေနေသည် ဟုဆိုကာ ပိတ်ပင်ရန် အငြင်းပွားဖွယ်ရာညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ Telenor သည် ကနဦးတွင် သတင်းဌာနများကို ပိတ်ပင်ရန် ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံရမည်ကို စိုးရိမ်သောကြောင့် လိုက်နာဆောင်ရွက်ခဲ့သည်။
VPN ကဲ့သို့ ဆင်ဆာဖြတ်တောက်မှုရှောင်ရှားရေး နည်းလမ်းများကိုလည်း ပိတ်ပင်ရန် စစ်တပ်၏ကြိုးပမ်းမှုသည် ရမ်းကားသည့်သဘောဆန်ပြီး Google နှင့် Amazon တို့ကဲ့သို့ အချက်အလက် တစ်ဆင့်ခံဖြန့်ဝေမှုကွန်ရက် များကို အနှောင့်အယှက်ဖြစ်စေခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေခဲ့သည်။ ပိတ်ပင်မှုများကြောင့် ဘဏ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသာမက ကိုဗစ်-၁၉ ကပ်ဘေး အဆိုးရွားဆုံး ကာလတွင် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တို့အပေါ် ထိခိုက်နှောက်ယှက်မှုများ ဖြစ်စေခဲ့သည်။ အချို့စည်းပွားရေးလုပ်ငန်းများနှင့် ဘဏ်များက ၎င်းတို့၏ လုပ်ငန်းလည်ပတ်နိုင်စွမ်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို တင်ပြလာခဲ့ကြသည်။ ပိတ်ပင်မှုများကြောင့် တိုင်းပြည်ပြင်ပ ကွန်ရက်များကိုလည်း ထိခိုက်မှုများခဲ့သည်။
(ခ-၂) အစိုးရသို့မဟုတ်အစိုးရမဟုတ်သောအစုအဖွဲ့များသည် ထုတ်ဝေသူများ၊ အချက်အလက်လက်ခံဖော်ပြသူများ သို့မဟုတ် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို ဥပဒေအရ၊ အုပ်ချုပ်ရေးအရ၊ သို့မဟုတ် အခြားနည်းလမ်းများအရ အချက်အလက်များ အထူးသဖြင့် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများအရ အကာအကွယ်ပေးထားသော အချက်အလက် များကို ဖယ်ရှားရန် အတင်းအကျပ်စေခိုင်းမှုရှိပါသလား။ (၀-၄ မှတ်) - ၁
သုတေသနကာလအတွင်းတွင် မြန်မာနိုင်ငံအတွင်းရှိ အစိုးရသို့မဟုတ်အစိုးရမဟုတ်သော အစုအဖွဲ့များထံမှသာမက မြန်မာနိုင်ငံပြင်ပမှလည်း အချက်အလက်ဖယ်ရှားရန် ဖိအားပေးခိုင်းစေမှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ ဝေဖန် ရေးသားမှုများ ရပ်တန့်ရန် တောင်းဆိုခြင်းများအပါအဝင် စစ်တပ်၏ဖိအားပေးမှုများကြောင့် လွတ်လပ်သော သတင်းဌာနအများစုသည် ပိတ်သိမ်းခြင်း၊ ပုန်းခိုခြင်း၊ ပြည်ပသို့ထွက်ခွာခြင်း ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အတွင်းရှိ စစ်တပ်ထိန်းချုပ်နယ်မြေများတွင် လွတ်လပ်အမှီအခိုကင်းသော ထုတ်ဝေသူအနည်းငယ်သာ ကျန်ရှိခဲ့သည်။ ယခင်က လွတ်လပ်အမှီအခိုကင်းသော သတင်းဌာနတစ်ခုဖြစ်ခဲ့သည့် Eleven Media ကဲ့သို့ ကျန်ရှိသော သတင်းဌာန များသည်လည်း စစ်တပ်အပေါ် ဝေဖန်ရေးသားမှုများကို လက်ရှောင်လာခဲ့သည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး မကြာမီ အချက်အလက်များကို ဖယ်ရှားရန် ထုတ်ဝေသူများကို စတင်ဖိအားပေးလာခဲ့သည်။ စစ်တပ်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဝေဖန်ရေးသားဖော်ပြမှုများ မပြုလုပ်ရန်၊ ‘စစ်အစိုးရ’ နှင့် ‘စစ်အုပ်စု’ ဟု ရည်ညွှန်းသည့် အသုံးအနှုန်းများကို ဖယ်ရှားရန်နှင့် ‘ဘက်လိုက်’ ဖော်ပြမှုများ မပြုလုပ်ရန် သတင်းဌာနများကို တောင်းဆိုခဲ့သည်။ (ခ-၅ ကိုကြည့်ရန်) မတ်လတွင် မြန်မာနိုင်ငံထုတ် နေ့စဉ်သတင်းစာ (၅) ခုပိတ်သိမ်းခဲ့ပြီး ၎င်းတို့၏ အွန်လိုင်းထုတ်ဝေမှုနှင့် ပုံထုတ်ဝေမှု လုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။ အကြီးဆုံးသတင်းဌာနများထဲက တစ်ခုဖြစ်သော 7DaysDaily သည် အခြေအနေများ ပိုမိုဆိုးရွားလာသည့်အလျောက် ၎င်းတို့၏ ဝက်ဆိုက်တစ်ခုလုံးကို ဖျက်သိမ်းခဲ့သည်။ သုတေသနကာလအတွင်းတွင် စစ်တပ်သည် 'အာဏာသိမ်းမှု’ သို့မဟုတ် ‘ရိုဟင်ဂျာ’ စသည့်စကားလုံးများ ပြောဆိုသုံးစွဲသည့် ထုတ်ဝေသူများကို ဆက်လက်ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့သည်။
စစ်တပ်သည် အသုံးပြုသူများကို အချက်အလက်များဖျက်ရန် အတင်းအကျပ်စေခိုင်းခဲ့ပြီး ဖမ်းဆီးခံထားရချိန်တွင် လည်း ထိုသို့စေခိုင်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အဆိုပြုခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းတွင် အာဏာပိုင် များသည် လက်ခံဖော်ပြသူများနှင့် ပလက်ဖောင်းများကို ၎င်းတို့၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်အောင် အတင်းအဓ္ဓမစေခိုင်းခဲ့ပြီး မလိုက်နာပါက ၎င်းတို့အား ပိတ်ပင်ခြင်းနှင့် ရာဇဝတ်ကြောင်းအရအရေးယူခြင်း ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။ (ဂ-၂ ကိုကြည့်ရန်)
အာဏာသိမ်းမှုမဖြစ်ခင်တွင် NLD အစိုးရသည် ရန်လိုမှု၊ သတင်းမှားဖြန့်ဝေမှု၊ သွေးထိုးလှုံ့ဆော်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် သတင်းအချက်အလက်လက်ခံဖော်ပြသူများနှင့် ပလက်ဖောင်းများအား တောင်းဆိုခဲ့သည်။ သို့သော် ND အစိုးရကိုယ်တိုင်က ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေခဲ့ပြီး NLD တာဝန်ရှိပုဂ္ဂုလ်များ ကိုယ်တိုင်က ထိုကဲ့သို့အပြုအမူများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက်များရှိခဲ့သည်။ NLD အစိုးရ၏ ဆိုက်ဘာ လုံခြုံရေးဥပဒေကြမ်းသည် တိကျစွာအဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိသည့် တားမြစ်ထားသောအချက်အလက် အများ အပြားနှင့် ပတ်သက်၍ ပလက်ဖောင်းများကို ရာဇဝတ်ကြောင်းအရအရေးယူနိုင်အောင် စီစဉ်ရေးဆွဲထားသည့် ဥပဒေတစ်ခုဖြစ်သည်။
ရိုဟင်ဂျာပြည်သူများအပေါ် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ တုန့်ပြန်သည့်အနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်ပနိုင်ငံအစိုးရများက ၂၀၁၈ ခုနှစ်မှစ၍ အချက်အလက်စီစစ်မှု တိုးမြှင့်လုပ်ဆောင်ရန်နှင့် ထိုအတွက်အရင်းအမြစ်တိုးမြှင့်သုံးစွဲရန် Facebook အပေါ် ဝိုင်းဝန်းဖိအားပေးခဲ့ရာ သက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့သည်။ ဤသုတေသနကာလအတွင်းတွင်လည်း ဒစ်ဂျစ်တယ်ပလက်ဖောင်း များသည် စစ်တပ်၏ ဝါဒဖြန့်မှုများ၊ သတင်းမှားဖြန့်ဝေမှုများနှင့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အချက်အလက် စီစစ်မှုလုပ်ငန်းကို စတင်ဆောင်ရွက်ရန်၊ တိုးချဲ့လုပ်ဆောင်ရန်နှင့် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် ဖိအားများနှင့် ဆက်လက်ကြုံတွေ့ခဲ့ရသည်။ Facebook, YouTube နှင့် TikTok ကဲ့သို့ ကုမ္ပဏီများက အချက်အလက်စီစစ်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ရာ စစ်တပ်ဆန့်ကျင်ရေးအင်အားစုများက ဖန်တီးထားသည့် အချက်အလက်များ အပါအဝင် အချက်အလက်အမြောက်အများ ဖယ်ရှားခြင်း ခံခဲ့ရသည်။ (ခ-၃ ကိုကြည့်ရန်)
ခ-၃။ အင်တာနက်နှင့် ဒစ်ဂျစ်တယ်အချက်အလက် ကန့်သတ် မှုများသည် ပွင့်လင်းမြင်သာမှု၊ ရည်ရွယ်ချက်နှင့်အညီ အချိုး အစားမျှတမှု သို့မဟုတ် လွတ်လပ်သောအယူခံဝင်မှုဖြစ်စဉ် ကင်းမဲ့နေပါသလား။ (၀-၄ မှတ်) - ၀
အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ပြုလုပ်လာခဲ့သည့် ဒစ်ဂျစ်တယ်အချက်အလက်အပေါ် ကျယ်ပြန့်သောကန့်သတ် ပိတ်ပင်မှုများသည် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် အဆမတန်များပြားလွန်းနေသည်။ စစ်တပ်က ထိန်းချုပ်ထားသော PTD သည် စစ်တပ်၏ညွှန်ကြားချက်များနှင့် ပတ်သက်၍ ညွှန်ကြားသည့် အကြောင်းအရာ၊ အကြောင်းရင်း၊ အချိန်နှင့် မည်သူက မည်သို့မည်ပုံ ဆုံးဖြတ်ခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိဘဲ ကြီးကြပ်အကောင်အထည်ဖော်လာ ခဲ့သည်။
ဝန်ကြီးများ၏ မီဒီယာဖြေကြားချက်များ၊ ဆက်သွယ်ရေးကုမ္ပဏီများ၏ကြေညာချက်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ စသည်တို့ကသာ ကန့်သတ်ပိတ်ပင်မှုများနှင့်ပတ်သက်သည့် အချက်အလက်များ ရရှိနိုင်သော သတင်းအရင်းအမြစ်များ ဖြစ်လာခဲ့သည်။ PTD ထံမှလက်ခံရရှိသော ညွှန်ကြားချက်များကို မှတ်တမ်းတင်မှုများ ပြုလုပ်လာခဲ့သည့် တစ်ခုတည်းသောဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် Telenor သည်လည်း ၎င်းတို့ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိသည်ဟူသည့် အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလလယ်တွင် ထိုသို့ မှတ်တမ်းတင်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက်ပိုင်းတွင် Telenor သည် အလျှဥ်းသင့်သလို နောက်ဆုံး အခြေအနေ အသိပေးချက်များ ထုတ်ပြန်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဧပြီလလယ်မှစ၍ ထိုသို့ထုန်ပြန်ခြင်းကို လုံးဝရပ်ဆိုင်း လိုက်သည်။ ဤသုတေသနကာလအဆုံးအထိ စစ်တပ်၏ညွှန်ကြားချက်များနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ပြန်ထားသောမှတ်တမ်းများမရှိဘဲ ထိုသတင်းအချက်အလက်များကို အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် သတင်းမီဒီယာများထံမှသာ ရရှိခဲ့ကြသည်။
ဆက်သွယ်ရေးဥပဒေအရ PTD သည် ဆက်သွယ်ရေးကုမ္ပဏီများအား ‘အများပြည်သူအကျိုးအတွက်’ အချက်အလက် များ ယာယီပိတ်ပင်ရန်နှင့် စီစစ်ဖယ်ထုတ်ရန် ညွှန်ကြားနိုင်ပြီး ထို့အတွက် အယူခံဝင်၍မရပေ။ အာဏာသိမ်းမှု မတိုင်ခင်နှင့် အာဏာသိမ်းပြီး ကာလနှစ်ခုလုံးတွင် ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခြင်းအပေါ် ဥပဒေအ ကန့်ကွက်နိုင် သည့် လမ်းကြောင်းများမရှိပေ။ NLD အစိုးရသည် ၎င်းတို့လုပ်ရပ်အတွက် တိကျမှုမရှိသော ရည်ရွယ်ချက်များကို ရံဖန်ရံခါ ထုတ်ပြန်ခဲ့ပြီး၊ စစ်တပ်သည်လည်း အကျိုးအကြောင်းရှင်းပြချက် ပေးသောအခါများတွင် ‘သတင်းတုများ’ သို့မဟုတ် နိုင်ငံတော်လုံခြုံရေးကိုကာကွယ်ရန်နှင့် အများပြည်သူလုံခြုံရေးဆောင်ရွက်ရန်ဟူသည့် ဝေဝါးသော အကြောင်းပြချက်များသာ ပါဝင်သည်ကိုတွေ့ရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် မိတ်ဆက်ခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအရ ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် အွန်လိုင်းပေါ်ရှိ ဝေဖန်ပြောဆိုမှုများအပါအဝင် အချက်အလက်အများအပြားကို ဖယ်ရှားရန်လိုအပ်ပြီး ‘တည်ဆဲဥပဒေ ပါတားမြစ်ချက်တစ်ခုခုကို ဆန့်ကျင်သည့်ပြောဆိုမှုများ’၊ ‘လူပုဂ္ဂိုလ်တစ်ဦး၏ လူမှုရေး၊ စီးပွားရေးကို ထိခိုက်စေသော ထုတ်ဖော်ပြောဆိုမှုများ’ နှင့် ‘စည်းလုံးညီညွှတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော’ အချက်အလက်များကို ဖယ်ရှားရမည်ဟု ဖော်ပြထားသည်။ ဥပဒေကြမ်းတွင် ပွင့်လင်းမြင်သာမှု သို့မဟုတ် အယူခံဝင်မှုနှင့်ဆိုင်သော ယန္တရားများ ပါဝင်ခြင်းမရှိပေ။ ပြစ်ဒဏ်များအနေဖြင့် ထောင်ဒဏ် (၃) နှစ်အထိ အပါအဝင် ကုမ္ပဏီကိုယ်စားလှယ်များ အပေါ် တားမြစ်မိန့်များချမှတ်ခြင်းနှင့် ရာဇဝတ်ပြစ်ဏ်ချမှတ်ခြင်းများ ပါဝင်သည်။
လူမှုကွန်ယက်ကုမ္ပဏီများသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် တစ်ကမ္ဘာလုံးအတိုင်းအတာ အချက်အလက် စီစစ်မှုစနစ်နှင့် ကြီးကြပ်အုပ်ချုပ်မှုပုံစံအသစ်များ စတင်အသုံးပြုလာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Facebook သည် ၎င်း၏ အချက်အလက်စီစစ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကာ အယူခံဝင်သည့် လုပ်ငန်းစဉ်ကိုလည်း တိုးချဲ့ခဲ့ပြီး ကိုယ်တိုင်ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ Facebook ၏မိခင်ကုမ္ပဏီဖြစ်သော Meta သည် တစ်ကမ္ဘာလုံးအတိုင်းအတာ အချက်အလက်ဖယ်ရှားမှုများအကြောင်း ပွင့်လင်းမြင်သာမှုရှိစေရေးပုံမှန်ထုတ်ပြန်ချက် များမှလွဲ၍ ၎င်းတို့၏အချက်အလက်စီစစ်မှုလုပ်ငန်းနှင့် ပတ်သက်လျှင် လူသိရှင်ကြားထုတ်ပြန်ခြင်း အလွန်နည်းသည်။ Facebook သည် ကိုဗစ်-၁၉ ကိုအကြောင်းပြု၍ ၎င်း၏အယူခံတင်သည့်လုပ်ငန်း အများအပြားကို ၂၀၂၀ ခုနှစ်တွင် ယာယီရပ်ဆိုင်းထားခဲ့သည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အမုန်းစကားမြောက်သည်ဟု သတ်မှတ်ထားသော မြန်မာနိုင်ငံမှပို့စ်တစ်ခုကို ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ အဆိုပါပို့စ်သည် စစ်တပ်၏ ဝင်ငွေရလမ်းများကို ပိတ်ပင်နိုင်သည့် ဖြစ်နိုင်ခြေနည်းလမ်းများအကြောင်းကို ဆွေးနွေးထားသည့် ပို့စ်တစ်ခုဖြစ်သည်။ သို့သော် ဤဆုံးဖြတ်ချက်က စီစစ်ရေးလုပ်ငန်းအပေါ် မည်သို့ယေဘုယျသက်ရောက်မှုရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ Facebook ၏ဖယ်ရှားမှုတချို့ကြောင့် ပြည်တွင်းရှိအရေးကြီးသောသက်ဆိုင်ပါဝင်သူများ အကြောင်း အများပြည်သူ၏သိရှိခွင့်ကို ထိခိုက်စေကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဆွေးနွေးမှုများနှင့် မှတ်တမ်းတင်မှုများအပါအဝင် စစ်မှန်သောအချက်အလက်အများအပြား ဖယ်ရှားခံလိုက်ရကြောင်း တက်ကြွလှုပ်ရှား သူများက ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ဆက်လက်ထုတ်ဖော်လာခဲ့ကြသည်။
ဤသို့ဖြစ်ရခြင်းမှာ ဝန်ထမ်းများအား စနစ်တကျလေ့ကျင့်ထားမှုမရှိခြင်း၊ ပြဿနာများသော အလိုအလျောက် အချက်အလက်စီစစ်ရေးစနစ်များအသုံးပြုခြင်း၊ အဖွဲ့အစည်းတွင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ အရင်းအမြစ် သုံးစွဲမှုမရှိခြင်းနှင့် ဘက်လိုက်ဆုံးဖြတ်ဆောင်ရွက်ခြင်း စသည့်အဖွဲ့အစည်းတွင်းပြဿနာများကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံအရပ်ဘက်လူမှုအဖွဲ့အစည်းများထဲမှ တချို့ကထင်ကြေးပေးကြသည်။ ဥပမာ - အချက် အလက်ဖယ်ရှားမှုပုံစံများကို ကြည့်ခြင်းအားဖြင့် စီစစ်သူများအကြား ရိုဟင်ဂျာဆန့်ကျင်ရေး ခွဲခြားသောအမြင်များ ရှိနေကြောင်း ဖော်ပြနေသည်ဟု အချို့ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများက ယုံကြည်ထားကြသည်။
အခြားပလက်ဖောင်းများသည်လည်း အချက်အလက်ဖယ်ရှားရေးအလေ့အထများ၏ ပွင့်လင်းမြင်သာမှုနှင့် အချိုးကျမှု နှင့်ပတ်သက်၍ ဝေဖန်မှုများခံခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် YouTube သည် နိုင်ငံပိုင် MRTV နှင့် စစ်တပ်ပိုင် Myawaddy Media, MWD Variety နှင့် MWD Myanmar အပါအဝင် အချို့သော YouTube channel များကို ကနဦးဖယ်ရှားခဲ့သော်လည်း ထို့နောက်ပိုင်းတွင် ဆောင်ရွက်ချက်များ သိပ်မရှိ တော့ကြောင်း တွေ့ရသည်။
နိုင်ငံတကာသတင်းဌာနများကရေးသားဖော်ပြမှုများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် TikTok သည် စစ်သားများက ၎င်းပလက်ဖောင်းပေါ်တွင် တင်ထားသော အချို့ဗီဒီယိုများကို ဖယ်ရှားခဲ့သည်။ ထိုဗီဒီယိုအများအပြားမှာ စစ်သားများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို လက်နက်အမျိုးမျိုး ထုတ်ပြ၍ ခြိမ်းခြောက်နေခြင်းကို ရိုက်ပြထားသော ဗီဒီယိုများဖြစ်သည်။ TikTok ၏ ပွင့်လင်းမြင်သာမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံသီးသန့် ထုန်ပြန်ဖော်ပြချက်များ ပါဝင်ခြင်းမရှိပါ။ ဤသုတေသနကာလအတွင်းတွင် ဆန္ဒပြသူများနှင့် လူ့အခွင့်အရေးကာကွယ်သူများ (HRD) ၏ အတွင်းရေးကိစ္စများ ဖော်ထုတ်ဖွင့်ချခြင်းအပါအဝင် ဆိုးရွားသောချိုးဖောက်မှုများနှင့်ပတ်သက်၍ Telegram ကအရေးယူတုန့်ပြန်မှု မရှိသည့်ကိစ္စအပေါ် အရပ်ဘက်လူမှုအသိုင်းအဝိုင်းအစုအဖွဲ့များက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆို ခဲ့ကြသည်။
ခြိမ်းခြောက်ခံရနိုင်သည့်အန္တရာယ်ကြီးမားခြင်းနှင့် ဥပဒေအရအကာအကွယ်ပေးရေးအစီအမံများ အားနည်းခြင်း တို့ကြောင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက မြန်မာနိုင်ငံအတွင်း အခြေစိုက်ရန် အများအားဖြင့် လက်ရှောင်ခဲ့ကြသည်။ (ဂ-၂ ကိုကြည့်ရန်) မြန်မာနိုင်ငံအတွင်း ဝန်ထမ်းခန့်အပ်ထားသည့် ကုမ္ပဏီမှ အချို့ အတိုင်ပင်ခံများမှာ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း အာဏာသိမ်းပြီးနောက် အဆိုပါဝန်ထမ်းများကို အလျှင်အမြန် ကယ်ထုတ်သွားခဲ့ကြသည်။
ခ(၄): အွန်လိုင်းသတင်းထောက်များ၊ သုံးသပ်သူများနှင့် သာမန် အသုံးပြုသူများသည် မိမိကိုယ်ကိုဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်ကြပါသလား။ (၀-၄ မှတ်) - ၁
အာဏာသိမ်းမှု ဖြစ်ပြီးချိန်မှစ၍ အွန်လိုင်းပေါ်တွင် မိမိကိုယ်ကိုဆင်ဆာဖြတ်တောက်မှုများ အလွန်များပြားလာခဲ့သည်။ သတင်းထောက်များ၊ သုံးသပ်သူများနှင့် အခြားသာမန်အသုံးပြုသူ အများအပြားသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် စစ်တပ်နှင့်စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ စစ်အုပ်ချုပ်မှုအောက်တွင် နေသူများသည် ၎င်းတို့၏လုံခြုံရေးအတွက် မိမိကိုယ်ကိုဆင်ဆာဖြတ်တောက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြသည်။ (ခ-၈၊ ဂ-၃ နှင့် ဂ-၇ ကိုကြည့်ရန်). တချို့မှာ အွန်လိုင်းပေါ်တွင် ဖြန့်ဝေမှုများ ရပ်ဆိုင်းလိုက်ပြီး တချို့မှာ နိုင်ငံရေးအရ ထိရှလွယ်သောအကြောင်းအရာများကို လက်ရှောင်လာခဲ့ကြသည်။ လူမှုကွန်ရက် အသုံးပြုသူ အများအပြားသည် ယခင်အကြောင်းအရာများကို ပြင်ဆင်မှုများပြုလုပ်ကာ ဆန္ဒပြသောဓတ်ပုံများ အပါအဝင် ထိရှလွယ်သော အချက်အလက်များကို ဖယ်ရှားခြင်း၊ ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရန် ပရိုဖိုင် ဓတ်ပုံများ ပြောင်းလဲခြင်း သို့မဟုတ် Facebook နှင့် အခြားလူမှုကွန်ယက် ပလက်ဖောင်းများက ပိတ်ပင်ထားသော အလေ့အထတစ်ခုဖြစ်
သည့် ပုဂ္ဂိုလ်ရေးအချက်အလက်အတုများသုံး၍ အကောင့်အသစ်ဖွင့်ခြင်း စသည်တို့ ဆောင်ရွက်ခဲ့ကြသည်။
လူမှုကွန်ယက်ပလက်ဖောင်းများပေါ်တွင် စီစစ်မှုများပိုမိုများပြားလာခြင်းကြောင့်လည်း မိမိကိုယ်ကိုဆင်ဆာဖြတ် တောက်မှုများ ပိုမိုများပြားလာခဲ့သည်။ (ခ-၃ ကိုကြည့်ရန်) အသုံးပြုသူများသည် အလိုအလျှောက်သတိပေးမှု နှင့်ဖယ်ရှားမှုစနစ်နှင့် ငြိစွန်းနိုင်သော စကားလုံးများနှင့်စကားစုများကို ရှောင်ရှားရန် သဘောပေါက်လာကြသည်။
မိမိကိုယ်ကိုဆင်ဆာဖြတ်တောက်မှုသည် အာဏာသိမ်းမှုမတိုင်ခင်ကလည်း ဖြစ်ပေါ်လေ့ရှိသည်။ သတင်းထောက်များ၊ သုံးသပ်သူများနှင့် သာမန်အင်တာနက်အသုံးပြုသူများသည် စစ်တပ်၊ စီးပွားရေး၊ လက်နက်ကိုင်ပဋိပက္ခ၊ ရိုဟင်ဂျာအရေး၊ ဘာသာရေး၊ လိင်မှုကိစ္စနှင့်ကျားမရေးရာနှင့် အခြားနိုင်ငံရေးအရ ထိရှလွယ်သောကိစ္စများနှင့် ပတ်သတ်လျှင် အစိုးရ၏ပြောဆိုချက်များနှင့် လူများစု၏ယုံကြည်ချက်များအတိုင်း လိုက်ပါသဘောတူရန် ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ ဥပမာ - လွတ်လပ်သောသတင်းဌာနအများစုသည် အများပြည်သူ၏ တုန့်ပြန်တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့်သတင်း ဖော်ပြရာတွင် မိမိကိုယ်ကိုဆင်ဆာဖြတ်တောက်မှုများ လိုလိုလားလား လုပ်ဆောင်ခဲ့ကြပြီး ထိုသို့ပြုလုပ်သောအခါ ၎င်းတို့ကို ‘မွတ်စလင်များ’ သို့မဟုတ် ‘ဘင်္ဂလီများ’ ဟုခေါ်ဆိုသုံးနှုန်းခဲ့ကြသည်။ အမျိုးသမီးနှင့် မိန်းကလေး ငယ်များသည် အကြောင်းအရာအများအပြားနှင့် ပတ်သက်ပြီး မိမိကိုယ်ကိုဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြပြီး အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများနှင့် ထိပါးနှောက်ယှက်မှုများ ကြုံတွေ့မည်ကို စိုးရိမ်သော ကြောင့် လိင်မှုရေးရာနှင့်ကျားမကိစ္စများနှင့် ပတ်သက်၍ ထိုသို့ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ခ-၅။ အွန်လိုင်းသတင်းအရင်းအမြစ်များကို အစိုးရ သို့မဟုတ် အခြားအင်အားကြီးအုပ်စုများက တစ်စုံတစ်ရာ နိုင်ငံရေးအကျိုးအမြတ်အတွက် ထိန်းချုပ်ခြင်း သို့မဟုတ် ခြယ်လှယ်ခြင်း ပြုလုပ်ပါသလား။ (၀-၄ မှတ်) - ၁
စစ်တပ်က ၎င်းတို့သည် မသမာမှုများဖြင့် ပြည့်နေသော ရွေးကောက်ပွဲဖြစ်ပေါ်ပြီးနောက် ဒီမိုကရေစီပြန်လည် ထူထောင်ရန်နှင့် ငြိမ်းဝတ်ပိပြားမှု ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်နေသည်ဟူသော ရှုထောင့် ပိုမိုပျံ့နှံ့စေရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းသတင်းအချက်အလက်များကို ထိန်းချုပ်ရန် ဦးစားပေးလုပ်ဆောင်လာခဲ့သည်။ စစ်တပ်သည် အာဏာသိမ်းသည့် ပထမဆုံးနေ့တွင်ပင် ရေဒီယိုနှင့် တီဗီလိုင်းများအားလုံးကိုသာမက ၎င်းတို့နှင့် ဆက်စပ်သော Twitter အကောင့်များ၊ YouTube channels များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ အပါအဝင် နိုင်ငံပိုင် မီဒီယာများနှင့်ဆက်သွယ်ရေး ဝန်ဆောင်မှုများအားလုံးကို ထိန်းချုပ်လိုက်ကာ ထိုမှတစ်ဆင့် စစ်တပ်၏ သဘောထားအမြင်များသာ ဖြန့်ဝေလာခဲ့သည်။ ထို့နောက်တွင် စစ်တပ်သည် အစားထိုးသတင်းအရင်းအမြစ် များဖြစ်သော လွတ်လပ်သောသတင်းဌာနများကို စတင်ပိတ်ပင်မှုများ ပြုလုပ်လာခဲ့သည်။ (ခ-၆ ကိုကြည့်ရန်) ယခင်ကလွတ်လပ်စွာရပ်တည်လာခဲ့သော သတင်းဌာနအချို့ကို ဆက်လက်လည်ပတ်ခွင့် ပြုခဲ့သော်လည်း စစ်တပ်၏ သဘောထားအမြင်များအတိုင်း လိုက်ပါပြောဆိုမှသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ (ခ-၂ ကိုကြည့်ရန်)
ဤသုတေသနကာလအတွင်း ထွက်ရှိခဲ့သောအစီရင်ခံစာများက စစ်တပ်သည် ၎င်းတို့၏ သဘောထားအမြင်များကို အွန်လိုင်းပေါ် ဖြန့်ဝေရာတွင် သုံးသည့်နည်းစနစ်များကို အပြောင်းအလဲပြုလုပ်လာခဲ့ကြောင်း ရည်ညွှန်းဖော်ပြနေသည်။ အာဏာသိမ်းပြီးနောက် စစ်တပ်သည် စစ်သားများအား လူမှုကွန်ယက်အကောင့်များ ဖန်တီးခိုင်းကာ စစ်တပ်၏ပြောကြားချက်များကို အွန်လိုင်းတွင် ပြန်လည်ဖြန့်ဝေရန်နှင့် အစားထိုးသတင်းအရင်းအမြစ်များကို လှောင်ပြောင်ရန် ခိုင်းစေခဲ့သည်။ ထို့နောက် အမျိုးသားရေးအုပ်စုများအပါအဝင် စစ်တပ်ထောက်ခံသူများကို အဆိုပါအကြောင်းအရာများအား ထပ်ဆင့်ဖြန့်ဝေရန် အားပေးတိုက်တွန်းခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော ရိုက်တာ၏ စုံစမ်းစစ်ဆေးမှုတစ်ခုတွင် လူမှုကွန်ရက် အကောင့်များကို ကိုင်တွယ်အသုံးပြုနေသည့် စစ်သား (၂၀၀) ကျော်ရှိကြောင်း ဖော်ထုတ်ခဲ့သည်။ ၎င်းတို့တင်သော ပို့စ်များသည် အွန်လိုင်းတွင် မိနစ်ပိုင်းအတွင်း ပြန့်နှံ့လေ့ရှိပြီး အများအားဖြင့် စစ်တပ်အတွင်းရှိအထူးတပ်ဖွဲ့များက ဖန်တီးထားသောအွန်လိုင်းဂရုများနှင့် ကျော်ကြားသူများနှင့်အားကစားအသင်းများ၏ ပရိတ်သတ်စာမျက်နှာများ မှတစ်ဆင့် ဖြန့်ဝေလေ့ရှိသည်။
စစ်တပ်က အွန်လိုင်းပေါ်တွင် ၎င်းတို့၏သဘောထားအမြင်များဖြန့်ဝေခြင်းကို အချို့လူမှုကွန်ရက်ပလတ်ဖောင်များက တားဆီးရန် ကြိုးစားခဲ့ကြသည်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း Facebook, Twitter, YouTube, Vkontake နှင့် TikTok တို့သည် စစ်တပ် သို့မဟုတ် စစ်တပ်ကိုယ်စားလှယ်များက ၎င်းတို့ဝန်ဆောင်မှုများအသုံးပြုခြင်းကို အလုံးစုံ သို့မဟုတ် အတိုင်းအတာတစ်ခုအထိ ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။ ဥပမာ Facebook သည် ၂၀၂၁ ခုနှစ်တွင် ‘တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့’ နှင့် နိုင်ငံပိုင်မီဒီယာများ အပါအဝင် စစ်တပ် သို့မဟုတ် စစ်တပ် ကိုယ်စားလှယ်များက ကိုင်တွယ်အသုံးပြုနေသော စာမျက်နှာအများအပြားနှင့် ထိုစာမျက်နှာများက ဖြန့်ဝေသော အချက်အလက်များကို ဖယ်ရှားခြင်း သို့မဟုတ် လျှော့ချခြင်း ပြုလုပ်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့အများပြား ကိုလည်း ‘အန္တရာယ်ရှိသောအဖွဲ့အစည်းများ’ ဟုသတ်မှတ်ကာ ၎င်းတို့၏ စာမျက်နှာများနှင့် အကောင့်များကိုလည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ဖယ်ရှားခဲ့သည်။ အာဏာသိမ်းမှုမဖြစ်ခင်တွင် Facebook သည် ရိုဟင်ဂျာများ အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သော စစ်တပ်အဖွဲ့အစည်းများ၏အကောင့်များကို ဖယ်ရှားခဲ့ပြီး စစ်တပ်ကိုယ်ပွားများကို ကန့်သတ်မှုများပြုလုပ်ရန် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်းတွင် Facebook စာမျက်နှာနှင့် အကောင့်တချို့ကို ‘ပူးပေါင်းကြံစည်ထားသောစစ်မှန်မှုမရှိသည့်အပြုအမူများ’ ဆောင်ရွက်သည်ဟု သတ်မှတ်ကာ ပိတ်ပင်ခဲ့သည်။
Facebook ၏စီစစ်မှုများသည် စစ်တပ်အားပေးကွန်ရက်များ၏ပြန့်နှံ့မှုကို ကန့်သတ်ရန်ဆောင်ရွက်သောအခါ တစ်ခါတစ်ရံတွင် အောင်မြင်မှုမရှိကြောင်း သုတေသနကာလအတွင်း ဖော်ပြချက်များက ညွှန်ပြနေသည်။ Global Witness အဖွဲ့က ပြုလုပ်ခဲ့သော ၂၀၂၁ ခုနှစ်၊ ဇွန်လ စုံစမ်းဖော်ထုတ်မှုတစ်ခုတွင် Facebook ၏ စာမျက်နှာအလို အလျောက် အကြံပြုချက်စနစ်သည် Facebook ကိုယ်တိုင်၏ အကြမ်းဖက်မှုနှင့်သတင်းမှားဖြန့်ဝေမှုဆိုင်ရာမူဝါဒ အများအပြားကို ချိုးဖောက်ထားသည့် စစ်တပ်၏စာမျက်နှာအချက်အလက်များကို အားပေးဖော်ပြနေကြောင်း တွေ့ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပေါက်ကြားခဲ့သော Facebook စာရွက်စာတမ်းများတွင် Facebook သည် စစ်တပ်အားပေးအကောင့်များက မျှဝေသောအချက်အလက်များပြန့်နှံ့နေမှုကို ကန့်သတ်ရန် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။
အချို့သော စစ်တပ်အားပေး သတင်းတုဖြန့်ဝေသည့်ကွန်ရက်များသည် ကန့်သတ်ပိတ်ပင်မှုနည်းသော Telegram သို့ကူးပြောင်းသွားခဲ့ကြသည်။ စစ်တပ်အားပေး Telegram အကောင့်များအကြောင်း Frontier Myanmar ကပြုလုပ် ခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ စုံစမ်းဖော်ထုတ်မှုတစ်ခုတွင် ထိုအကောင့်များသည် ပြည်သူ့လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များကို နှိမ့်ချလှောင်ပြောင်ထားသည့် အချက်အလက်များ ဖြန့်ဝေနေကြောင်း တွေ့ရှိခဲ့ရသည်။ ၂၀၂၂ ခုနှစ်၊ မတ်လအထိ Telegram သည် အချို့သော စစ်တပ်အားပေး အကောင့်များကို အကြမ်းဖက်သွေးထိုးလှုံ့ဆော်မှုဖြင့် ဖယ်ရှားခဲ့သော်လည်း အများအပြားကျန်ရှိနေဆဲဖြစ်သည်။
NLD အစိုးရသည် မီဒီယာလွတ်လပ်ခွင့်အကြောင်း တစ်ဖွဖွပြောဆိုလာခဲ့သော်လည်း ၎င်း၏အစိုးရသက်တမ်းကာလ အတွင်းတွင် နိုင်ငံပိုင်မီဒီယများအပေါ် ဆက်လက်ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် NLD ဦးဆောင်သောအစိုးရနှင့် စစ်တပ်တို့သည် ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့်တိုက်ရိုက်ဖြစ်စေ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနှင့်ဖက်စပ်ဆာင်ရွက်ခြင်း မှတစ်ဆင့်ဖြစ်စေ ရေဒီယိုနှင့်ရုပ်မြင်သံကြားကဏ္ဍနှင့် ပုံနှိပ်မီဒီယာများ၏ ကြီးမားသောအစိတ်အပိုင်းတစ်ခုနှင့် ၎င်းတို့၏အွန်လိုင်းထုတ်ဝေမှုအပေါ် ကြီးစိုးထားခဲ့သည်။
ခ-၆။ အသုံးပြုသူများ အွန်လိုင်းပေါ်သို့ အချက်အလက်များ တင်ရာတွင် စီးပွားရေးဆိုင်ရာ သို့မဟုတ် စည်းကမ်းထိန်း သိမ်းရေးဆိုင်ရာ သို့မဟုတ် အခြားအကန့်အသတ်များ ရှိပါသလား။ (၀-၃ မှတ်) - ၀
စစ်တပ်သည် အာဏာသိမ်းပြီးနောက် လွတ်လပ်သောသတင်းဌာနအများစုကို လုပ်ငန်းလိုင်စင်ပြန်လည်ရုပ်သိမ်းခဲ့ပြီး ၎င်းတို့၏ ဝက်ဆိုက်များကိုပိတ်ပင်ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။ (ခ-၁ ကိုကြည့်ရန်) ထို့ကြောင့် အဆိုပါသတင်းဌာနများသည် ထုတ်ဝေခွင့်ပိတ်ပင်ခံလိုက်ရပြီး ၎င်းတို့၏ ပရိတ်သတ်များသည်လည်း ဖတ်ရှု၍မရတော့ အောင် ပိတ်ပင်ခံလိုက်ရသည်။ ပထမတစ်ကြိမ် လိုင်စင်ပိတ်သိမ်းမှုကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး ဝေဖန်မှုရေးသားမှုအများဆုံးပြုလုပ်ကြသည့် မီဒီများအနက် (၅) ခုဖြစ်သော Myanmar Now, ခေတ်သစ်မီဒီယာ၊ DVB, မစ္ဇျိမ၊ 7Day News တို့ကို ‘မည်သည့်မီဒီယာ ပလက်ဖောင်း သို့မဟုတ် နည်းပညာကိုမဆို အသုံးပြု၍ သတင်းအချက်အလက်များ ထုတ်လွှင့်ခြင်း သို့မဟုတ် ရေးသားခြင်း သို့မဟုတ် ပေးပို့ခြင်း ပြုလုပ်ခွင့်မရှိတော့ကြောင်း’ ကြေညာခဲ့သည်။ စစ်တပ်သည် အာဏာသိမ်းပြီးနောက်တွင် သတင်းထောက်များကိုဖမ်းဆီးထိန်းသိမ်းခြင်းနှင့် သတင်းဌာနရုံးခန်းများကိုဝင်ရောက်စီနင်းခြင်းတို့ ပြုလုပ်ခဲ့သည်။ အာဏာသိမ်းပြီးချိန်မှစ၍ လွတ်လပ်သောသတင်းဌာနတစ်ခုကိုမျှ လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ခြင်းမရှိပါ။
သုတေသနကာလအတွင်းတွင် စစ်တပ်သည် အွန်လိုင်းသတင်းဌာနများအပေါ် ထိန်းချုပ်မှု ပိုမိုလုပ်ဆောင်လာခဲ့သည်။ အာဏာပိုင်များသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ၎င်းတို့တစ်ဖွဲ့တည်း၏သဘောဖြင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ ကိုပြင်ဆင်ခဲ့ပြီး အွန်လိုင်းမီဒီယာများအတွက်ပါ လုပ်ငန်းလိုင်စင်လိုအပ်ချက် တိုးချဲ့သတ်မှတ်ခဲ့သည်။ ထိုပြင်ဆင်ချက်အရ ဗီဒီယိုထုတ်ဝေသောသတင်းဝက်ဆိုက်များနှင့် လူမှုကွန်ယက်ပေါ်တွင် သတင်းဗီဒီယိုတင်သည့်သူတိုင်း ပြန်ကြားရေးဝန်ကြီးဌာနထံတွင် လိုင်စင်လျှောက်ထားရန် လိုအပ်သည်။ လိုင်စင်မရှိဘဲ ထုတ်လွှင့်ပါက အဆိုပါပြင်ဆင်ထားသည့် ဥပဒေအရ ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။ (ဂ-၂ ကိုကြည့်ရန်)
၂၀၂၁ ခုနှစ်၊ မတ်လတွင် စစ်တပ်သည် သတင်းမီဒီယာဥပဒေနှင့် ၂၀၁၄ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတို့အရ အရေးယူဆောင်ရွက်ရန် လိုအပ်သောကိစ္စများကို သေဒဏ်အထိချမှတ်နိုင်သော စစ်ဘက်တရားရုံးများတွင် ပြောင်းလဲ ကြားနာစစ်ဆေးသွားမည်ဟု ကြေညာခဲ့သည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေသည် ပုံနှိပ်တိုက်များ၊ သတင်းအေဂျင်စီများနှင့် ဝက်ဆိုက်များအတွက် လိုင်စင်ထုတ်ပေးရေးအာဏာပိုင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အွန်လိုင်း ထုတ်ဝေခြင်းအပါအဝင် ထုတ်ဝေမှုများမပြုလုပ်ခင် မဖြစ်မနေ ကြိုတင်မှတ်ပုံတင်ရန် သတ်မှတ်ထားသည်။ ဥပဒေထဲတွင် လိုင်စင်မရှိဘဲ ဝက်ဆိုက်ထောင်ခြင်းကဲ့သို့ ချိုးဖောက်မှုများအတွက် ဝေဝါးပြီး အဓိပ္ပါယ် အလွန်ကျယ်ပြန့်သည့် အုပ်ချုပ်ရေးဆိုင်ရာနှင့် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်အမျိုးမျိုးချမှတ်နိုင်သော ပြဌာန်းချက်များပါဝင်သည်။
ဆက်သွယ်ရေးဥပဒေထဲတွင် အင်တာနက်ဆိုင်ရာဘက်မလိုက်မှု၊ application ထုတ်လုပ်သူများ သို့မဟုတ် ဆက်သွယ်ရေး ကုမ္ပဏီများထံမှ အင်တာနက်ဒေတာအခမဲ့အသုံးပြုခွင့် သို့မဟုတ် ပွင့်လင်းအင်တာနက်မူဝါဒ စသည်တို့နှင့်ပတ်သက်၍ တိကျသောပြဌာန်းချက်များ ပါဝင်ခြင်းမရှိပေ။
ခ-၇။ အွန်လိုင်းသတင်းအချက်အလက် အခင်းအကျင်းသည် ကွဲပြားစုံလင်မှုနှင့် ယုံကြည်စိတ်ချရမှု ကင်းမဲ့နေပါသလား။ (၀-၄ မှတ်) - ၁
မြန်မာနိုင်ငံ၏ အွန်လိုင်းပတ်ဝန်းကျင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် ကွဲပြားစုံလင်မှုနှင့် ယုံကြည်စိတ်ချရမှု လျော့နည်းသွားခဲ့သည်။
လွတ်လပ်သော မြန်မာဘာသာသတင်းဌာနအများစုကို အချက်အလက်ကန့်သတ်ပိတ်ပင်မှု ပြုလုပ်ထားသောကြောင့် မြန်မာနိုင်ငံအတွင်းမှ တိုက်ရိုက်ကြည့်ရှု၍မရနိုင်ပါ။ (ခ-၁ ကိုကြည့်ရန်) မြန်မာနိုင်ငံအတွင်းရှိ သတင်းဌာနများသည် ပိတ်ပင်ခြင်းနှင့် နှင်ထုတ်ခြင်း ခံခဲ့ရသောကြောင့် ၎င်းတို့၏လုပ်ငန်းများကို လျှော့ချခဲ့ရသည်။ အချို့သော သတင်းဌာနအသစ်များ ပေါ်ထွက်လာခဲ့ပြီး အများစုမှာ ရပ်ရွာဒေသလူမှုအသိုင်းအဝိုင်းငယ်များအတွက် ဒေသန္တရသတင်းများ ဖြန့်ဝေပေးခြင်းကို လုပ်ဆောင်ကြပြီး ပိတ်သိမ်းခံခဲ့ရသောသတင်းဌာနများ သို့မဟုတ် ပြည်ပအခြေစိုက်သတင်းဌာနများ၏ ဝန်ထမ်းဟောင်းများ ဝင်ရောက်လုပ်ကိုင်နေကြသည်။ သတင်းထောက်များ အလွယ်တကူသွားလာနိုင်မှုမရှိခြင်း အာဏာပိုင်များ၏တရားဝင်ဖြေကြားချက်များ မရရှိနိုင်ခြင်းတို့ကြောင့် သတင်းဌာနအားလုံးအတွက် အချက်အလက်စီစစ်ခြင်းနှင့်အတည်ပြုခြင်း ပြုလုပ်ရန် ပိုမိုခက်ခဲလာခဲ့သည်။
မြန်မာနိုင်ငံအတွင်း Facebook ၏ကြီးစိုးမှုကြောင့် မြန်မာ့အွန်လိုင်းရပ်ဝန်းတွင် ကွဲပြားစုံလင်မှုလျော့နည်းလာခဲ့ပြီး အင်တာနက်ပိတ်ဆို့မှုများက အခြေအနေကိုပိုမိုဆိုးရွားစေခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် မိုဘိုင်းဖုန်းအသုံးပြုသူ (၇၈) ရာခိုင်နှုန်းသည် internet browser သို့မဟုတ် app store ကိုတစ်ကြိမ်မျှ အသုံးပြုခဲ့ဖူးခြင်း မရှိပေ။ အများစုမှာ ၎င်းတို့၏ မိုဘိုင်းဖုန်းများထဲရှိ Facebook မှတစ်ဆင့် အင်တာနက် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့သော Global Witness အဖွဲ့၏ သုတေသနတစ်ခုတွင် Facebook ၏စာမျက်နှာ အလိုအလျှောက်အကြံပြုချက်စနစ်သည် Facebook ကိုယ်တိုင်၏ မူဝါဒအများအပြားကို ချိုးဖောက်နေသည့် စစ်တပ်စာမျက်နှာများကို အားပေးဖော်ပြနေကြောင်း တွေ့ရှိခဲ့သည်။ (ခ-၅ ကိုကြည့်ရန်)
အချို့သတင်းဌာနများသည် လွန်ခဲ့သောနှစ်များအတွင်းတွင် YouTube နှင့် Facebook တို့၏ မူဝါဒများနှင့် အာဏာသိမ်းမှုအပေါ် တုန့်ပြန်ဆောင်ရွက်မှုများကြောင့် ၎င်းတို့ထံမှ ဝင်ငွေမရရှိကြတော့ပေ။ ဥပမာ -သက်ဆိုင်ရာကိုယ်စားပြုနိုင်ငံအတွင်း ရှိရန်လိုအပ်သည်ဟူသော ကန့်သတ်ချက်အရ ပြည်ပအခြေစိုက် သတင်းဌာနများသည် Facebook မှတစ်ဆင့် ဝင်ငွေရှာဖွေခြင်း မဆောင်ရွက်နိုင်ကြတော့ပေ။
ယုံကြည်ရသော သတင်းအချက်အလက်များမရှိခြင်းက မှားယွင်းပြီးအထင်အမြင်လွဲမှားမှု ဖြစ်စေနိုင်သော အကြောင်းအရာများ ပိုမိုပျံ့နှံ့အောင် အထောက်အကူဖြစ်စေခဲ့သည်။ အာဏာသိမ်းမှုမတိုင်ခင်တွင် လူမျိုးစုနှင့် ဘာသာရေးလူနည်းစုများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ကိုဗစ်-၁၉ ကပ်ဘေး စသည်တို့နှင့်ပတ်သက်သည့် ကောလဟာလများ အလွန်ပြန့်နှံ့နေခဲ့သည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏အခြေအနေ၊ အင်တာနက်ဖြတ်တောက်ရေးအစီအစဉ်များ၊ ဘဏ်လုပ်ငန်းလိမ်လည်မှုများ၊ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုပြုလုပ်မည့်အလားအလာများ၊ ရုပ်သံအတုဖန်တီးမှုနည်းပညာများနှင့် အာဏာသိမ်းမှုထောက်ခံသောတရုတ်အစိုးရ၏အခန်းကဏ္ဍများ စသည့်ကိစ္စများနှင့် ပတ်သက်သည့် ကောလဟာလများသည် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းတွင် အဓိကပြန့်နှံ့လာခဲ့သည်။
အာဏာသိမ်းမှုမတိုင်ခင်တွင် NLD အစိုးရသည် အများပြည်သူရရှိနိုင်သော သတင်းအချက်အလက်များ၏ ကွဲပြား စုံလင်မှုကို ကန့်သတ်ရန်ကြိုးစားခဲ့ပြီး အစိုးရ၏တရားဝင်ရှုထောင့်များကို ဝေဖန်သည့် သတင်းဌာနများအား ဖယ်ကြဉ်ရန်ကြိုးပမ်းမှုများကို ကြီးကြပ်ခြင်းနှင့် တချို့သောဖြစ်စဉ်များတွင် ဦးစီးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့သည်။ ဥပမာ - ၂၀၁၉ ခုနှစ်တွင် စစ်တပ်သည် မြန်မာနိုင်ငံပြည်တွင်းပဋိပက္ခများကို ရည်ညွှန်းရာတွင် ‘ပြည်တွင်းစစ်’ ဟူသော အသုံးအနှုံးသုံးစွဲခြင်းမပြုရန် မီဒီယာများကို တောင်းဆိုခဲ့သည်။ ထိုလုပ်ရပ်များကို NLD အစိုးရက တစ်စုံတစ်ရာ တားဆီးခဲ့ခြင်းမရှိဘဲ အားပေးထောက်ခံခဲ့ပြီး ထိုသို့ဖိအားပေးမှုများက BBC နှင့် RFA တို့အား ၎င်းတို့၏ သတင်း အာဘော်လွတ်လပ်မှုကို ထိန်းသိမ်းရန်အတွက် ပြည်တွင်းအခြေစိုက်တွဲဖက်လုပ်ငန်းများကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် အသီးသီး ပြန်လည်ရုပ်သိမ်းသွားအောင် တွန်းပို့ခဲ့သည်။
ခ-၈။ အခြေအနေများသည် အွန်လိုင်းအသုံးပြုသူများကို အထူးသဖြင့် နိုင်ငံရေးနှင့် လူမှုရေးကိစ္စများနှင့် ပတ်သက်၍ စည်းရုံးသိမ်းသွင်းမှု၊ အသိုင်းအဝိုင်းစုဖွဲ့မှု၊ ကန်ပိန်းလှုပ်ရှားမှု စသည်တို့ ပြုလုပ်ရာတွင် အဟန့်အတားဖြစ်စေပါသလား။ (၀-၆ မှတ်) - ၁
ရမှတ်အပြောင်းအလဲ - အသေးစားဒစ်ဂျစ်တယ်တက်ကြွလှုပ်ရှားမှုများ ဆက်ရှိနေသော်လည်း စစ်တပ်၏ ဖိနှိပ်မှုများကြောင့် အွန်လိုင်းပေါ်တွင် စီစဉ်ဆောင်ရွက်မှုများ သိသိသာသာကျဆင်းသွားခဲ့ပြီး မြန်မာနိုင်ငံအတွင်း စည်းရုံးလှုပ်ရှားမှုများအပေါ် အဟန့်အတားများ ဖြစ်စေခဲ့သည့်အတွက် ရမှတ် (၂) မှတ်မှ (၁) မှတ်သို့ ကျဆင်းသွားခဲ့သည်။
စစ်တပ်သည် ဤသုတေသနကာလတစ်လျှောက် အွန်လိုင်းပေါ်တွင် ပြည်သူများ သင်းပင်းဖွဲ့စည်းခြင်းနှင့်စုဝေးခြင်း မပြုလုပ်နိုင်အောင် ဟန့်တားမှုများ ဆက်လက်ပြုလုပ်လာခဲ့သည်။ စစ်တပ်သည် အင်တာနက်ကန့်သတ်မှုများ ပြုလုပ်ခြင်းနှင့် (က-၃ ကိုကြည့်ရန်) Facebook နှင့် WhatsApp ကဲ့သို့ ဝန်ဆောင်မှုများ အသုံးမပြုနိုင်အောင် ပိတ်ပင်ခြင်းကဲ့သို့ ဗြောင်ကျကျနည်းလည်းများကို အကြိမ်ကြိမ်အသုံးပြုကာ စည်းရုံးလှုပ်ရှားမှုများနှင့် လက်နက်ကိုင် တော်လှန်မှုများကို တားဆီးရန်ကြိုးပမ်းလာခဲ့သည်။ စစ်တပ်သည် ကြားဖြတ်ဖမ်းယူခြင်းနှင့် လူမှုကွန်ရက် ပေါ်တွင်ထောက်လှမ်းခြင်း နည်းလမ်းများအသုံးပြုကာ နိုင်ငံရေးခေါင်းဆောင်များနှင့် ရပ်ရွာလူထုခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့် တည်နေရာရှာဖွေခြင်း ပြုလုပ်လာခဲ့သည်။ (ဂ-၅ ကိုကြည့်ရန်) ပြင်ပတွင်ဖြစ်စေ အွန်လိုင်းပေါ်တွင် ဖြစ်စေ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သူများ သို့မဟုတ် CDM သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့ အုပ်စုများနှင့် ဆက်နွယ်သူများသည် ဖော်ထုတ်ခံရပါက သို့မဟုတ် ဖမ်းဆီးခံရပါက ဥပဒေမဲ့ အကြမ်းဖက်ခံရခြင်းနှင့် ထောင်ဒဏ်ချမှတ်ခံရခြင်း ကြုံတွေ့နိုင်သည့် ကြီမားသောအန္တရာယ်ရှိနေသည်။ (ဂ-၃ နှင့် ဂ-၇ ကိုကြည့်ရန်) စစ်တပ်က ၎င်းတို့သည် အခြားသောအရပ်ဘက်လူမှုအဖွဲ့အစည်းများကိုလည်း ‘စနစ်တကျ စောင့်ကြည့်စီစစ်မှုများ’ ပြုလုပ်နေကြောင်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကြေညာခဲ့သောကြောင့် လူမှုအသိုင်းအဝိုင်းများ စုစည်းနိုင်သည့်နေရာ ပိုမိုကျဉ်းမြောင်းသွားခဲ့သည်။
စစ်တပ်သည် အရပ်ဘက်လူမှုအဖွဲ့အစည်းအများအပြားကို တိမ်းရှောင်စေခြင်း၊ ပြည်ပထွက်ခွာစေခြင်း၊ နိုင်ငံရေး အကဲဆက်မှုနည်းသော အကြောင်းအရာများကို ပြောင်းလဲလုပ်ဆောင်စေခြင်း၊ ပိတ်သိမ်းစေခြင်း သို့မဟုတ် အာဏာသိမ်းမှုကို လူသိရှင်ကြား တရားဝင်အသိအမှတ်ပြုလက်ခံခြင်း ပြုလုပ်လာအောင် အတင်းအကျပ်ဆောင်ရွက်လာခဲ့သည်။ ဥပမာ - အရပ်ဘက်လူမှုအဖွဲ့အစည်း၊ စီးပွားရေးနှင့် နည်းပညာကဏ္ဍများမှ သက်ဆိုင်ပါဝင်သူအုပ်စုများကြား နှစ်စဉ် ဆွေးနွေးမှုပြုလုပ်သောနေရာဖြစ်သည့် မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ်၏ ဦးဆောင်အဖွဲ့အစည်း (၄) ဖွဲ့ အနက် အနည်းဆုံးတစ်ဖွဲ့ပိတ်သိမ်းခဲ့ရပြီး ဒုတိယတစ်ဖွဲ့သည် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းများကိုရပ်ဆိုင်းခဲ့ကာ တတိယတစ်ဖွဲ့၏ ဒါရိုက်တာ ဗစ်ကီဘောင်းမန်းသည် သုတေသနကာလအလွန် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။ စစ်တပ်၏တုန့်ပြန်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ကြသော ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စီစဉ်ဆောင်ရွက်သော အွန်လိုင်းအခမ်းအနားများ အလွန်နည်းပါးသွား ခဲ့သည်။ စစ်တပ်သည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့်ရန်ပုံငွေများ လျော့နည်းသွား အောင် ဆောင်ရွက်ရန်လည်း ကြိုးပမ်းခဲ့သည်။
ဤသို့ကန့်သတ်ပိတ်ပင်မှုများ ရှိလာခဲ့သော်လည်း ပြည်သူများသည် စီစဉ်ဆောင်ရွက်မှုများနှင့် သတင်းအချက်အလက် ဖြန့်ဝေမှုများပြုလုပ်ရန် အွန်လိုင်းနည်းစနစ်များကို အခွင့်သာတိုင်း ဆက်လက်အသုံးပြုလာခဲ့သည်။ အာဏာသိမ်းပြီး နောက်တစ်နေ့တွင် CDM လှုပ်ရှားမှုကို Facebook ပေါ်တွင်စတင်ခဲ့ကြပြီး ပူးပေါင်းပါဝင်သူများသည် စည်းရုံးလှုပ်ရှားမှုများကို ဤသုတေသနကာလအတွင်းတွင်လည်း ဆက်လက်ပြုလုပ်လာခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် စတင်စုဖွဲ့ခဲ့ကြသော စစ်တပ်၏ နိုင်ငံရေး အတိုက်အခံများသည် NUG အဖြစ်ပြန်လည်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြသည်။ သုတေသနကာလအတွင်းတွင် ၎င်းတို့သည် အွန်လိုင်းလုပ်ငန်းများအပေါ် များစွာအမှီအခိုပြုခဲ့ကြောင်း တွေ့ရသည်။ တချို့သော ဆန္ဒပြပွဲငယ်များလည်း ဆက်ရှိနေခဲ့သည်။ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဆိုင်ပိုင်ရှင်တချို့သည် အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်တွင် ပါဝင်သည့်အနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားခဲ့ကြပြီး ၎င်းတို့ကို ထောက်ခံမှုပြသရန် အွန်လိုင်း ပေါ်တွင်လည်း စည်းရုံးလှုပ်ရှားမှုများ ရှိခဲ့သည်။ ထို့နောက်တွင် သပိတ်လှုပ်ရှားမှုကို လူမှုကွန်ယက်ပေါ်တွင် ထောက်ခံ ခဲ့သူများ အပါအဝင် ပြည်သူအနည်းဆုံး (၁၉၃) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ (ဂ-၃ ကိုကြည့်ရန်)
အသုံးပြုသူများသည် နည်းစနစ်အမျိုးမျိုးသုံး၍ စစ်တပ်၏ပိတ်ဆို့ရေးကြိုပမ်းမှုများကို ရှောင်ကွင်းရန် ကြိုးစားလာ ခဲ့သည့်အလျောက် VPN နှင့် လုံခြုံရေးစနစ်သုံး ဆက်သွယ်ရေးနည်လမ်းများ အသုံးပြုမှုတွင်ကျယ်လာခဲ့သည်။ လုံခြုံရေးစနစ်သုံး ဆက်သွယ်ရေး application တစ်ခုဖြစ်သည့် Bridgify ကို အာဏာသိမ်းမှုဖြစ်ပြီး နှစ်ရက်အတွင်း မြန်မာနိုင်ငံအတွင်းမှ ဒေါင်းလုပ်ခဲ့သည့်အကြိမ်ရေ (၁) သန်းကျော်ရှိခဲ့သည်။
ပိတ်ဆို့မှုရှောင်ကွင်းရာတွင်သုံးသည့် application တစ်ခုဖြစ်သော Phisphon ကို အလားတူနှစ်ရက်တာအတွင်း ဒေါင်းလုပ်သည့်အကြိမ်ရေ (၂) သန်းနီးပါး ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၄) ရက်နေ့တွင် VPN အသုံးပြုမှုအရေအတွက်သည် လွန်ခဲ့သော တစ်ပတ်မတိုင်ခင် အချိန်ကထက် (၇,၂၀၀) ရာခိုင်နှုန်း ပိုများလာခဲ့သည်ဟု VPN စောင့်ကြည့်ရေးအဖွဲ့ Top10VPN ကဆိုသည်။ သုတေသနကာလအတွင်းတွင်လည်း VPN အသုံးပြုမှုများ ဆက်လက်မြင့်တက်လာခဲ့သည်။
NLD အစိုးရသည် အာဏာသိမ်းမှုမဖြစ်ခင်တွင် စုဝေးခွင့်နှင့်သင်းပင်းဖွဲ့စည်းခွင့်အပေါ်လည်း ပစ်မှတ်ထားမှုများပြုလုပ် ခဲ့ပြီး ဆန္ဒပြသူများလည်း ပုံမှန်ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်မှုများကို ကန့်ကွက်သည့် မြေပြင်ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် ဒါဇင်နှင့်ချီသောပြည်သူများ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၎င်းတို့သည် နောက်ပိုင်းတွင် ထောင်ဒဏ်များချမှတ်ခံခဲ့ရသည်။ ခေတ်နောက်ကျနေသော ဥပဒေမူဘောင်များအား ပြင်ဆင်ရေး အဆိုပြုချက်များသည် လုံလောက်မှုမရှိပေ။
(ဂ) အသုံးပြုသူအခွင့်အရေးချိုးဖောက်မှု
၃-၁ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် အခြားဥပဒေများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရယူခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကဲ့သို့ အခွင့်အရေးများကို အင်တာနက်ပေါ်တွင်အပါအဝင် အကာအကွယ်ပေးရန် ပျက်ကွက်နေပါသလား၊ ၎င်းတို့ကို အကောင်အထည်ဖော် သည့် တရားရေးစနစ်သည် လွတ်လပ်အမှီအခိုကင်းမှုမရှိ ဖြစ်နေပါသလား။ (၀-၆ မှတ်) - ၀
စစ်တပ်၏အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်သွားခဲ့ပြီး ၎င်းကပေးအပ်ထားသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် အနည်းငယ်မျှသောအကာအကွယ်သည်လည်း ဆုံးရှုံးသွားခဲ့သည်။ အာဏာသိမ်းမှုသည် ၂၀၂၀ ရွေးကောက်ပွဲအတွင်း အတည်မပြုနိုင်သော မဲလိမ်လည်မှုများကိုဖြေရှင်းရန် လိုအပ်ချက်အရ နိုင်ငံတော် အရေးပေါ် အခြေအနေတစ်ရပ်အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်ကအခိုင်အမာဆိုခဲ့သည်။ သို့သော် တကယ်တမ်းတွင် အဆိုပါဖြေရှင်းချက် သာမက အကောင်အထည်ဖော်သည့်ဖြစ်စဉ်သည်လည်း တရားဝင်မှုမရှိပေ။ စစ်တပ်ကို အရေးယူမှုပြုလုပ် နိုင်လောက်သည့် တစ်ခုတည်းသော နိုင်ငံတော်အဖွဲ့အစည်းဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဖွဲ့ဝင်များ အားလုံးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၉) ရက်နေ့တွင် စစ်တပ်က အစားထိုးခန့်အပ်မှု ပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စစ်တပ်လက်မှ လွတ်မြောက်လာခဲ့သော လွှတ်တော်အမတ်များသည် ၂၀၀၈ ဖွဲ့စည်ပုံအခြေခံ ဥပဒေ ပျက်ပြယ်ကြောင်းကြေညာခဲ့ပြီး ၎င်းကို NUG ၏ ကြားကာလပဋိညာဉ်စာတမ်းဖြင့် အစားထိုးလိုက်သည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများသည် အွန်လိုင်းလူ့အခွင့်အရေးများကို အများအားဖြင့် ကာကွယ်ပေးနိုင်ခြင်း မရှိကြပေ။ ယခင်စစ်အစိုးရက ရေးဆွဲခဲ့ပြီး ပြဿနာများသည့် ၂၀၀၈ ခုနှစ် လူထုဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် “တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး” သည် နိုင်ငံတော်၏အခြေခံမူ (၆) ခုအနက်တစ်ခုဖြစ်သည်ဟု ဖော်ပြထား သည်။ ထို့ပြင် အခြေခံဥပဒေထဲတွင် နိုင်ငံသားများအနေဖြင့် မိမိ၏ “ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်“ ရှိကြောင်းနှင့် “စာပေ၊ ယဉ်ကျေးမှု၊ နုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာပြုစုပျိုးထောင်ပိုင်ခွင့်ရှိကြောင်း” အာမခံထားသည့် တိကျသောပြဌန်းချက် များပါဝင်သော်လည်း အလွန်အကန့်အသတ်များပြီး ထိုအခွင့်အရေးများကို ကျင့်သုံးရာတွင် “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထား သည့် ဥပဒေများနှင့် ဆန့်ကျင်ခြင်းမရှိစေရ” ဟုဆိုထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အင်တာနက် သို့မဟုတ် သတင်းအချက်အလက်ရယူခွင့်နှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြဌာန်းချက်များ ပါဝင်ခြင်းမရှိသော်လည်း ပုဒ်မ (၉၆) နှင့် ဇယား - (၁) (၈-ဍ) တွင် အင်တာနက်နှင့်ပတ်သက်၍ ကြီးကြပ်မှုများ ပြုလုပ်ရန် လွှတ်တော်ကို အာဏာအပ်နှင်းထားသည်။
မီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသော ဥပဒေအချို့ရှိသည်။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေသည် စစ်မှန်သော ထုတ်ဖော်ပြောဆိုမှုများကို ပြစ်မှုမြောက်စေပြီး အွန်လိုင်းကန့်သတ်ပိတ် ပင်မှုများ ပြုလုပ်ခွင့်ပေးထားသည်။ အွန်လိုင်းထုတ်ဖော်ပြောဆိုမှုများအပေါ် အဟန့်အတားများ ပိုမိုဖြစ်စေသော အခြားဥပဒေများလည်းရှိပြီး ထိုထဲတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (ဂ-၂ ကိုကြည့်ရန်) ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ (ခ-၆ ကိုကြည့်ရန်) တို့ပါဝင်သည်။
တရားဥပဒေစိုးမိုးရေးပြိုလဲသွားခဲ့ပြီဟု ဆိုနိုင်သည်။ အာဏာသိုင်းမှုမတိုင်ခင်တွင် တရားရေးလွတ်လပ်မှုသည် အနိမ့်ဆုံးသို့ရောက်နေခဲ့ပြီး တရားရုံးများသည် အထူးသဖြင့် နိုင်ငံရေးနွယ်သောအမှုများကို စီရင်ဆုံးဖြတ်ရာတွင် ယေဘုယျအားဖြင့် အစိုးရ၏သဘောဆန္ဒအတိုင်းသာ ဆောင်ရွက်ခဲ့ကြသည်။ အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်သည် ရှေ့တော်သွင်းစာချွှန်တော် (ဝါ) ရုံးထုတ်မိန့် လျှောက်ထားခွင့်နှင့် အခြားတရားရေးဆိုင်ရာ အခွင့်အရေး များကို ရပ်ဆိုင်းလိုက်ပြီး အရပ်သားများကို စစ်ခုံရုံးများတွင်စစ်ဆေးခြင်း၊ တက်ရောက်လေ့လာသူများ မရှိစေရန် အကျဉ်းထောင်များအတွင်း အမှုကြားနာခြင်း၊ ထောင်နှင့်ချီသောပြည်သူများကို တရားလက်လွတ်ဖမ်းဆီးခြင်း၊ ရှေ့နေများကို ထိပါးနှောက်ယှက်ခြင်းနှင့် ဝန်ခံချက်များရရှိအောင် ညှင်းပန်းနှိပ်စက်ခြင်း စသည်တို့ကို ပြုလုပ်လာ ခဲ့သည်။
ဂ-၂။ အွန်လိုင်းလုပ်ဆောင်မှုများ အထူးသဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအရ အကာအကွယ်ပေးထားသော လုပ်ဆောင်မှုများအတွက် ရာဇဝတ်မှုပြစ်ဒဏ်များ သို့မဟုတ် တရားမမှုပြစ်ဒဏ်များ သတ်မှတ်ထားသော ဥပဒေများ ရှိပါသလား။ (၀-၄ မှတ်) - ၀
စစ်တပ်သည် သုတေသနကာလအတွင်းအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အွန်လိုင်းလုပ်ဆောင်မှုများအတွက် ပြစ်ဒဏ်များကို မတန်တဆ တိုးမြှင့်သတ်မှတ်လာခဲ့သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်တပ်သည် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ပြစ်ဒဏ်များ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ပြင်ဆင်ချက်များအရ သတင်းဌာနများသည် လုပ်ငန်းလိုင်စင်မရှိဘဲ ထုတ်ဝေမှုများပြုလုပ်ပါက ထောင်ဒဏ် (၅) နှစ်အထိ ချမှတ်ခံရနိုင်သည်။ (ခ-၆ ကိုကြည့်ရန်)
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်သည် ပြန်လည်ပြင်ဆင်ထားသော ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ဖြန့်ဝေခဲ့သည်။ အဆိုပါဥပဒေမူကြမ်းသည် လုပ်ထုံးလုပ်နည်းများကို ထိခိုက်စေခြင်း၊ ပိတ်ပင်မှုများထပ်ပံပြုလုပ်ရန် ပိုမိုလွယ်ကူစေခြင်းနှင့် VPN အသုံးပြုမှုကို ပြစ်မှုမြောက်စေခြင်း စသည်တို့ဖြစ်စေသည်။ ထို့ပြင် ထိုဥပဒေကြမ်းသည် စစ်တပ်ကို မြန်မာနိုင်ငံအင်တာနက်အပေါ် အလုံးစုံထိန်းချုပ်ခွင့်ပေးထားပြီး နိုင်ငံခြားကုမ္ပဏီများအပေါ်လည်း စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ထားသည်။ ကျယ်ပြန့်သောကန့်ကွက်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် စစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယခင်အဆိုပြုထားသော မူဟောင်းကို သိုသိုသိပ်သိပ် လက်လျှော့ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အဆိုပြုခဲ့သောမူကြမ်းကို လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း-မြန်မာ ကဲ့သို့ လူ့အခွင့်အရေးအဖွဲ့များနှင့် Global Network Initiative ကဲ့သို့ သက်ဆိုင်သူ အစုအဖွဲ့အများအပြားပါဝင်သည့် အခြားသောမဟာမိတ်အစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ သုတေသနကာလအဆုံးအထိ အဆိုပါမူကြမ်းနှင့်ပတ်သက်သော နောက်ဆုံးအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရပေ။
စစ်တပ်သည် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကိုလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြင်ဆင်ခဲ့ကာ ဆိုက်ဘာလုံခြုံရေးဥပဒေ ပထမမူကြမ်းမှ ပြဿနာများသည့် ပြဌာန်းချက်အများအပြားကို ထည့်သွင်း ခဲ့သည်။ ထိုထဲတွင် “သတင်းမှားများ” သို့မဟုတ် နိုင်ငံခြားဆက်ဆံရေးကို ထိခိုက်စေသော သတင်းအချက်အလက်များ ထုတ်ဝေခြင်းခြင်းကို ပြစ်ဒဏ်ချမှတ်ရန် အသုံးပြုနိုင်သော စည်းမျဉ်းစည်းကမ်းအသစ်များ ပါဝင်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်သည် ရာဇသတ်ကြီးဥပဒေကို မိမိသဘောဖြင့်ပြင်ဆင်ကာ နိုင်ငံတော် သစ္စာဖောက်မှုနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုတို့အတွက် ပြစ်ဒဏ်များ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ထို့ပြင် ပုဒ်မ ၅၀၅ (က) အောက်တွင် အလွန်ဝေဝါးသော ပြစ်ဏ်သတ်မှတ်ချက်တစ်ခု ထည့်မံဖြည့်စွက်ခဲ့ကာ အကြောက်တရားဖြစ်စေခြင်း၊ သတင်းမှားဖြန့်ဝေခြင်း သို့မဟုတ် အာဏာပိုင်များအားနှောက်ယှက်ခြင်းတို့အား ပြစ်မှုမြောက်ကြောင်း သတ်မှတ်ထားသည်။ ပုဒ်မ ၅၀၅-က သည်ထောင်ဒဏ်အများဆုံး (၃) နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သော ပြစ်မှုတစ်ခုဖြစ်သည်။ စစ်တပ်သည် သုတေသနကာလအတွင်းတွင် အွန်လိုင်းပေါ်တွင်အပါအဝင် ၎င်းတို့အားဆန့်ကျင်သူများကို အရေးယူရန် ပုဒ်မ ၅၀၅-က ကို အကြိမ်ရေထောင်နှင့်ချီ အသုံးပြုခဲ့သည်။ (C3 ကိုကြည့်ရန်) ပြင်ဆင်ထားသော ရာဇသတ်ကြီးဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများက အာဏာဖီဆန်လာအောင် အားပေးတိုက်တွန်းခြင်းကို အရေးယူနိုင်သည့် ပုဒ်မ ၅၀၅ (က) နှင့် အများပြည်သူ ကြောက်ရွံ့မှု သို့မဟုတ် ထိန့်လတ်မှုဖြစ်အောင်ဆောင်ရွက်ခြင်းကို တားမြစ်ထားသည့် ပုဒ်မ ၅၀၅ (ခ) ကဲ့သို့ အသုံးနည်းသည့် အခြားပြဌာန်းချက်များလည်း ပါဝင်သည်။
၂၀၂၁ ခုနှစ်၊ မတ်လတွင် စစ်တပ်သည် စစ်အုပ်ချုပ်ရေးဥပဒေ အသက်သွင်းခဲ့ပြီး ထိုဥပဒေတွင် နိုင်ငံတော်ပုန်ကန်မှု၊ အစိုးရသို့မဟုတ်စစ်တပ်ကို အကြည်အညိုပျက်စေအောင် လှုံ့ဆော်မှု သို့မဟုတ် အစိုးရသို့မဟုတ်စစ်တပ်ကို နှောက်ယှက်မှု အပါအဝင် ပြစ်မှုအများအပြားအတွက် သေဒဏ်သတ်မှတ်ထားသည်။ အဆိုပါဥပဒေသည် သတင်းမီဒီဥပဒေ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅၊ ၅၀၅-က စသည်တို့နှင့်သက်ဆိုင်သော အမှုများအား စီရင်ဆုံးဖြတ်ခြင်းကို စစ်ခုံရုံးများ၏ လုပ်ပိုင်ခွင့်အာဏာ အောက်သို့လွှဲအပ်ထားသည်။
၂၀၀၄ ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ အွန်လိုင်းလုပ်ဆောင်မှုများကို အရေးယူနိုင်သည်။ ဥပမာ အဆိုပါဥပဒေသည် သတင်းအချက်အလက် “လက်ခံရယူခြင်း သို့မဟုတ် ပေးပို့ခြင်း” အပါအဝင် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို “ထိခိုက်စေသောမည်သည့်ဆောင်ရွက်ချက်” ကိုမဆို တားမြစ်ထားသည်။ ယခင်စစ်အစိုးရလက်ထက်တွင် အင်တာနက် တက်ကြွလှုပ်ရှားမှုများကို အရေးယူရာတွင် အဆိုပါဥပဒေအား အသုံးပြုလေ့ရှိသည်။ ဆက်သွယ်ရေးဥပဒေကို စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အရပ်သားအစိုးရက ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး မူအားဖြင့် စျေးကွက်အပေါ် ဖြေလျော့မှုများပြုလုပ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် တရားဝင်မှုရှိသော ဒစ်ဂျစ်တယ်လုပ်ဆောင်ချက်များအား ရာဇဝတ်ပြစ်ဒဏ်ချမှတ်နိုင်သည့် ပြဌာန်းချက်များလည်း ပါဝင်ခဲ့သည်။ ပုဒ်မ ၆၆(ဃ) သည် အသရေဖျက်မှုနှင့်သက်ဆိုင်ပြီး ပုဒ်မ ၆၈ မှာ သတင်မှား ဖြန့်ဝေခြင်းနှင့် သက်ဆိုင်သည်။ ထင်သာသောသက်ရောက်မှုမရှိဘဲ အတိုက်အခံများကို အရေးယူရန် ပုဒ်မ ၆၆(ဃ) ကိုအလွဲသုံးစားပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကြီးမားသောဝေဖန်မှုများနှင့် ကြုံတွေ့ရပြီးနောက် ဤဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အရပ်ဘက်လူမှု အဖွဲ့အစည်း မဟာမိတ်အဖွဲ့တစ်ခုသည် ၆၆(ဃ) နှင့် အခြားရာဇဝတ်မှုဆိုင်ရာ အသရေဖျက်မှု (၅) ခုကို ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းသည့်အစီအစဉ်တစ်ခုကို စတင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ရွေးချယ်စရာနည်းလမ်း (၄) ခုကို အဆိုပြုတင်ပြခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ပြဌာန်းခဲ့သော နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေသည် ညှိနှိုင်းဆွေးနွေးမှုများကောင်းမွန်စွာ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဆွေးနွေးအတည်ပြုခဲ့သောကြောင့် အရပ်ဘက်လူမှု အဖွဲ့အစည်း အများအပြား၏ ကန့်ကွက်ရှုတ်ချမှုခံခဲ့ရသော ဥပဒေတစ်ခုဖြစ်သည်။ အဆိုပါဥပဒေတွင် အသရေ ဖျက်မှုအတွက် ထောင်ဒဏ်အများဆုံး (၃) နှစ်အထိ သတ်မှတ်ထားသည်။ အသရေဖျက်မှု ပြဌာန်းချက်များကို ၂၀၂၀ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ထိုပြဌန်းချက်များကို အွန်လိုင်းလှုပ်ရှားမှုများအား အရေးယူရာတွင် ဆက်လက်အသုံးပြုခဲ့သည်။ (C3 ကိုကြည့်ရန်) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်သည် စောင့်ကြည့် ထောက်လှမ်းခြင်းနှင့် ပုဂ္ဂလိကစာပေးပို့မှုများကို ကြားဖြတ်ဖမ်းယူခြင်း မခံရအောင် ကာကွယ်ပေးသည့် ပြဌာန်းချက် အနည်းငယ်အပါအဝင် အဆိုပါဥပဒေပါ အစိတ်အပိုင်းအချို့ကို ဆိုင်းငံ့လိုက်သည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုခဲ့သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက်ခြင်းနှင့် အတုအပပြုလုပ်ခြင်းတို့အတွက် ထောင်ဒဏ် (၃) နှစ်နှင့် ဒဏ်ငွေ သိန်း (၅၀) ဝန်းကျင် (ဒေါ်လာ ၃,၈၀၀) ပြစ်ဒဏ်သတ်မှတ်ထားသည်။ အဆိုပါဥပဒေကို ရာဇဝတ်ပြစ်ဒဏ်သတ်မှတ်ချက်များ ပါဝင်သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ တို့နှင့်အတူ အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မေလတွင် ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် မိတ္တူကူးခြင်းကို ထောင်ဒဏ် (၃) နှစ် ချမှတ်နိုင်သော ပြစ်ဒဏ် သတ်မှတ်ချက် ပါဝင်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အတည်ပြုပြဌာန်းခဲ့သည်။ ဥပဒေတစ်ခု စီတိုင်းသည် အွန်လိုင်းအချက်အလက်များအတွက်ပါ အကျုံးဝင်ပြီး အွန်လိုင်းအသုံးပြုသူများကို အရေးယူရန်လည်း အသုံးပြုနိုင်သည်။
စစ်တပ်သည် အမုန်းစကားဥပဒေပြင်ဆင်ချက် မူကြမ်းတစ်ခု ရေးဆွဲနေခဲ့ပြီး နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် ဆန့်ကျင်ကာ “နိုင်ငံရေး” အမုန်းစကားများအတွက် ပြစ်ဒဏ်များ ထည့်သွင်းလိုခဲ့သည်။ NLD အစိုးရသည် ၂၀၁၇ ခုနှစ်တွင် ပြင်ဆင်ချက်မူကြမ်း တစ်ခုမကရေးဆွဲခဲ့ပြီး အဆိုပါမူကြမ်းများသည် ပြစ်ဒဏ်ပေးမှုကို အသားပေးလွန်းပြီး မြန်မာနိုင်ငံအတွင်းရှိ ကြီးမားသော ရန်လိုမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဝေဖန်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် NLD အစိုးရသည် အမုန်းတရားနှင့် အကြမ်းဖက်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများကာကွယ်တားဆီးရေး ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အာဏာပိုင်များအား အမုန်းစကားပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားခဲ့သည်။ အဆိုပါညွှန်ကြားချက် ကို ရိုဟင်ဂျာပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာတရားရုံးက သတ်မှတ်ထားသော အစီရင်ခံစာတင်သွင်းရန် နောက်ဆုံးသတ်မှတ်ချိန်အမှီ ကြိုတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဂ-၃။ ပြည်သူများသည် အွန်လိုင်းလုပ်ဆောင်ချက်များ အထူးသဖြင့် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများအရ အကာအကွယ်ပေးထားသော လုပ်ဆောင်ချက်များကြောင့် အရေးယူခံရပါသလား။ (၀-၆ မှတ်) - ၀
ရမှတ်အပြောင်းအလဲ - စစ်တပ်လက်အောက်ခံ အာဏာပိုင်များနှင့် တရားရုံးများက အင်တာနက်အသုံးပြုသူများ အပါအဝင် ပြည်သူများကို အင်အားအလွန်အကျွံသုံး၍ တရားလက်လွတ် အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့် ပြင်းထန်သော ပြစ်ဒဏ်များချမှတ်ခြင်းကြောင့် ရမှတ် (၁) မှတ်မှ (၀) မှတ်သို့ ကျဆင်းသွားခဲ့သည်။
တားဆီးပိတ်ပင်မှုများနှင့် ပြည့်နေသည့် မြန်မာနိုင်ငံ တရားရေးအခင်းအကျင်းအောက်တွင် အင်တာနက် အသုံးပြု သူများ မကြာခဏအရေးယူခြင်း ခံကြရသည်။ အာဏာသိမ်းပြီးတစ်နှစ်အတွင်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နှင့် ၅၀၅-က အရ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း အတည်ပြုနိုင်သည့် ပြည်သူ (၄,၀၀၀) နီးပါးခန့်ရှိသည်ဟု လွတ်လပ်သောထုတ်ပြောပြောဆိုခြင်း-မြန်မာ အဖွဲ့ကထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံခဲ့ရသူများအနက် (၁,၂၆၉) ဦးမှာ အမှုကြားနာစစ်ဆေးခြင်းမရှိဘဲ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ (၁၄၃) ဦးရှိသည်။ နောက်ထပ်ပြည်သူ (၇,၂၀၀) ခန့်မှာ အမည်မသိစွဲဆိုချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ နှင့် ၅၀၅-က အရ အရေးယူခြင်း ခံခဲ့ရသည်ဟု ယူဆရသည်။ ထိုအမှုအများအပြားသည် အဆိုပါပြည်သူများ၏ အွန်လိုင်းဆောင်ရွက်ချက် များနှင့် ပတ်သက်နိုင်ခြေများသည်။ သို့သော် တရားရေးထုံးလုပ်နည်းများပျက်စီးနေခြင်း၊ တရားရုံးများကဖုံးကွယ်မှုများ ပိုမိုပြုလုပ်လာခြင်းနှင့် သက်သေလိုအပ်ချက် ပယ်ဖျက်လိုက်ခြင်းတို့ကြောင့် တိကျသောအရေအတွက် ဖော်ထုတ်နိုင်ရန် ခက်ခဲခဲ့သည်။
စစ်တပ်ထိန်းချုပ်ထားသည့်မြန်မာနိုင်ငံအစိုးရသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော သတင်းထောက်ဖမ်းဆီး ထောင်ချသူများဖြစ်ကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ်လကြားတွင် သတင်းထောက် (၁၂၂) ဦးဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ၎င်းတို့အားလုံးသည် အွန်လိုင်းထုတ်ဝေသည့် သတင်းဌာနများနှင့် ဆက်နွယ်သူများ ဖြစ်ကြသည်ဟု Detained Journalists Information Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၊ မတ်လအထိ အခြားသော ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သူ (၄၈) ဦး၊ စီရင်ချက် ချပြီးသူ (၂၂) ဦးနှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသူ (၂၅) ဦးရှိသည်ဟု သိရသည်။ ထိုနောက်ပိုင်းတွင် ထပ်မံဖမ်းဆီး ထိန်းသိမ်းခံရသူများလည်း ရှိသည်။ အကျဉ်းကျခံနေရသော သတင်းထောက်အများစုသည် ပုဒ်မ ၅၀၅-က အရ ဖမ်းဆီးထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် ပြစ်ဏ်ချမှတ်ခြင်းခံခဲ့ရသူများ ဖြစ်ကြသည်။ အခြားရာဇသတ်ကြီးဥပဒေပါ ပြဌာန်းချက်များအသုံးပြု၍လည်း သတင်းထောက်များကို အရေးယူမှုများရှိခဲ့သည်။ ဥပမာ Magway Post သတင်းဝက်ဆိုက်၏ သတင်းထောက် တင်ရွှေသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ပုဒ်မ ၅၀၅(ဂ) အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရသည်။ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများအကြောင်း သတင်းရယူ ခြင်းကြောင့် အရေးယူခံခဲ့ရသည့် မသူဇာကဲ့သို့ သတင်းထောက်များလည်း အများအပြားရှိသည်။ သတင်းထောက်များ၏ ဆွေမျိုးသားချင်းများလည်း စစ်တပ်၏ ပစ်မှတ်ထားခြင်းခံခဲ့ရသည်။ ဥပမာ Thingangyun Post အွန်လိုင်းသတင်းဌာနအတွက် လုပ်ကိုင်နေသော သတင်းထောက် ထက်ထက်အောင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသောအခါ ၎င်း၏ (၇) နှစ်အရွယ် သမီးငယ်ပါ အကျဉ်းချခံခဲ့ရကာ (၂) ရက်ကြာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးမှသာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
သုတေသနကာလအလွန် ၂၀၂၂ ခုနှစ် ဇွန်လိုင်လတွင် စစ်တပ်သည် ထင်ရှားသောတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးဂျင်မီဟု လူသိများသော ဦးကျော်မင်းယုနှင့်အတူ လွှတ်အမတ်ဟောင်းနှင့်ရက်ပါအဆိုတော် ဦးဖြိုးဇေယျာသော်နှင့် နောက်ထပ်နှစ်ဦးတို့ကို ကွပ်မျက်ခဲ့သည်။ (ဂ-၇ ကိုကြည့်ရန်) လူမှုကွန်ယက်ပေါ်တွင် အာဏာသိမ်းမှုကို ဝေဖန်သော ပို့စ်တင်မှုကြောင့် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၎င်းအားဖမ်း ဝရမ်းထုတ်ပြီးနောက် ဦးကျော်မင်းယုသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ မှတ်တမ်းများအရ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ အနည်းဆုံး ကျောင်းသားကျောင်းသူ (၉၅၉) ဦး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝန်ထမ်း (၁၆၅) ဦးနှင့် နိုင်ငံရေးသမား (၄၆၅) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း-မြန်မာ အဖွဲ့က ထုတ်ပြန်ခဲ့သော သုတေသနအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလထိ ကာလအတွင်း ပုဒ်မ ၅၀၅ သို့မဟုတ် ၅၀၅-က ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူ (၂,၄၀၀) ကျော်ရှိပြီး ၎င်းတို့အနက် (၂၅) ရခိုင်နှုန်းများ ကျန်းမာရေးလုပ်သားများ၊ (၁၃) ရာခိုင်နှုန်းမှာ ပညာရေးလုပ်သားများနှင့် (၉) ရာခိုင်နှုန်းမှာ ဂီတလောကမှအပါအဝင် အနုပညာဖန်တီးမှုပြုလုပ်သူများ အသီးသီးဖြစ်ကြသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ ဝရမ်းထုတ်ခံထားရသည့် ထင်ပေါ်ကျော်ကြားသူ အနည်းဆုံး (၆၀) ဦးရှိသည်။ အများစုမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုမဖြစ်ခင်အထိ နိုင်ငံရေးဆွေးနွေးငြင်းခုန်မှုများတွင် ပါဝင်ခဲ့သူများမဟုတ်ပေ။ ဥပမာ - သရုပ်ဆောင် အန္ဒြာကျော်ဇင်နှင့်ပြေတီဦးတို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လူမှုကွန်ယက်ပေါ်၌ အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူ့အာဏာဖီဆန်မှု ပြုလုပ်ရန် အားပေးတိုက်တွန်းမှုဖြင့် ထိုလအတွင်းတွင်ပင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
ဤသုတေသနကာလအတွင်းတွင် ဆန္ဒပြသူများကို အားပေးထောက်ခံမှုဖြင့် အင်တာနက်အသုံးပြုသူများကို ဖမ်းဆီးခြင်းများ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှောင်းပိုင်းမှ ဖေဖော်ဝါရီလ အစောပိုင်းကာလအတွင်း လူမှုကွန်ယက်ပေါ်တွင် သပိတ်အားပေးထောက်ခံသူများ အပါအဝင် အထွေထွေသပိတ်များကို အားပေးကူညီမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသူ (၁၉၃) ဦးရှိသည်။ (ခ-၈ ကိုကြည့်ရန်) ဆန္ဒပြသူများအပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ နှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် လူမှုကွန်ယက်ပေါ်၌ ပို့စ်တင်၍ ကန့်ကွက်ရှုတ်ချခဲ့သည့် အကြီးပိုင်းရဲအရာရှိတစ်ဦးသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ စစ်တပ်က လမ်းမပေါ်တွင် ဖုန်းအတွင်းရှာဖွေစစ်ဆေးရာမှ အာဏာသိမ်းမှုကို ဝေဖန်ဆန့်ကျင် သည်ဟု ယူဆသောအရာများ တွေ့ရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သာမန်ပြည်သူများလည်းရှိခဲ့ကြောင်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
ဖမ်းဆီးထိန်းသိမ်းမခံရအောင် တိမ်းရှောင်ခဲ့သူများသည် အခြားသောနည်းလမ်းများဖြင့် ဒဏ်ခတ်အရေးယူခြင်း ခံခဲ့ရသည်။ ဥပမာ အာဏာပိုင်များသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အွန်လိုင်းထုတ် ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာ ဦးသာလွန်ဇောင်းထက်၏နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။
အာဏာသိမ်းမှုမတိုင်ခင်တွင် အင်တာနက်အသုံးပြုသူများကို အရေးယူမှုများ ပိုနည်းခဲ့သော်လည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ အာဏာသိမ်းမှုမဖြစ်ခင် လက်တကမ်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ရခိုင်ပြည်နယ် အခြေစိုက် Development Media Group ၏ အယ်ဒီတာသည် စစ်တပ်၏အကျင့်ပျက်ခြစားမှုအကြောင်း သတင်းတစ်ပုဒ် အွန်လိုင်းပေါ်သို့တင်ခဲ့ရာ စစ်တပ်က ၎င်းအားဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အထက်တန်းကျောင်းသား မောင်တင်ချမ်းသည် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်၍ ဝေဖန်မှုပြုလုပ်ထားသည့် Facebook ပို့စ်တစ်ခု တင်ခဲ့ခြင်းကြောင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(ခ) အရ သွေးထိုးလှုံ့ဆော်မှုဖြင့် ထောင်ဒဏ် (၅) နှစ်ချမှတ်ခံခဲ့ရသည်။ ဒီဇင်ဘာလအတွင်းတွင်ပင် သဥ္ဇာသန်းမင်းသည် စစ်တပ်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အကျင့်ပျက်ခြစားနေကြောင်း စွတ်စွဲပြောဆိုခြင်းကြောင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) အရ ထောင်ဒဏ် (၉) လချမှတ်ခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကေခိုင်ထွန်း၊ ပိုင်ဖြိုးမင်းနှင့် စုရတနာမြင့်တို့သည် စစ်တပ်ကိုသရော်ထားသော ၎င်းတို့၏ တင်ဆက်မှု တစ်ခုကို လူမှုကွန်ယက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ဓာတ်ပုံများမျှဝေခြင်းကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အရ ထောင်ဒဏ် (၆) လချမှတ်ခံခဲ့ရသည်။
ဂ-၄။ အမည်မသိ ဆက်သွယ်ဆောင်ရွက်မှုများနှင့် အချက် အလက်လုံခြုံရေးစနစ် (Encryption) အသုံးပြုမှုများအပေါ် အစိုးရက ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားပါသလား။ (၀-၄ မှတ်) - ၂
အာဏာသိမ်းမှုဖြစ်ပြီးနောက် အင်တာနက်အသုံးပြုသူများက အမည်မဖော်ဘဲ ဆက်သွယ်ဆောင်ရွက်မှု ပြုလုပ်ခြင်းကို စစ်တပ်က ကန့်သတ်ပိတ်ပင်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် နေ့စဉ်ညွှန်ကြားချက်များ ထုတ်ပြန်၍ VPN အသုံးပြုမှုကိုတားမြစ်ခဲ့ပြီး တချို့သော VPN အသုံးပြုမှုကိုပိတ်ပင်သည့် တားမြစ်အမိန့်များသည် ထိုမတိုင်ခင် တစ်လကတည်းက ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပိတ်ဆို့မှုရှောင်ကွင်း ရာတွင် အသုံးပြုသော ဝက်ဆိုက်အချို့သည် ၎င်းတို့၏ IP Address နှင့်တွဲ၍ အနည်းဆုံးတစ်ကြိမ် ပိတ်ပင်ခြင်း ခံခဲ့ရကြောင်း Open Observatory of Network Interference (OONI) အဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့သည်။ ထိုသို့ပိတ်ပင်မှုများကြောင့် ထိုနည်းလမ်းများကို အသုံးပြုသူအချို့အတွက် အကန့်အသတ် ဖြစ်စေခဲ့ သော်လည်း အင်တာနက်အသုံးပြုသူများသည် ၎င်းတို့ကို ဆက်လက်အသုံးပြုခဲ့သည်။ ဤသုတေသနကာလ အတွင်းတွင် စစ်တပ်သည် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့်ပတ်သက်၍ ပြည်သူများကို ကြောက်စိတ်နှိုးဆွပေးရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ လက်ကိုင်ဖုန်းနှင့်အခြားပစ္စည်းများကို လမ်းပေါ်တွင် ရှောင်တခင်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။
စစ်တပ်ကအဆိုပြုထားသော ဆိုက်ပါလုံခြုံရေးဥပဒေကို အတည်ပြုလိုက်ပါက VPN ဆော့ဝဲလ် လက်ဝယ်ထားရှိမှုနှင့် အမည်လွှဲဖြင့် Facebook အသုံးပြုမှုများသည် ပြစ်မှုမြောက်သွားမည်ဖြစ်ပြီး နှစ်ခုလုံးသည် ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ခံရနိုင်သော ပြစ်မှုများဖြစ်သည်။ Application နှင့် စနစ်အများစုသည် လုံခြုံရေးအတွက် VPN ကို အသုံးပြုရသောကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများက ၎င်းအဆိုပြု ဥပဒေကြမ်းသည် လိုက်နာရန်မဖြစ်နိုင်ကြောင်း ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။ ဥပဒေကြမ်းကို တရားဝင်အတည်ပြုခဲ့ခြင်း မရှိသော်လည်း စစ်တပ်အာဏာပိုင်များသည် လမ်းမပေါ်တွင် ပြည်သူများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီး လက်ကိုင်ဖုန်းနှင့်အခြားပစ္စည်းများထဲတွင် VPN ထည့်သွင်းထားပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ လာဘ်ငွေတောင်းယူခဲ့ကြသည်။
အာဏာသိမ်းမှုမတိုင်ခင်တွင် အစိုးရသည် ဆင်းမ်ကဒ်မှတ်ပုံတင်ရေး အကောင်အထည်ဖော်ခြင်းဖြင့် အမည်လျှို့ဝှက် ထားခြင်းများအပေါ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် NLD အစိုးရသည် မဖြစ်မနေ မှတ်ပုံတင်ရန် သတ်မှတ်ချက် ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး အသုံးပြုသူများသည် ၎င်းတို့၏ အမည်၊ နိုင်ငံသားစီစစ်ရေးအထောက် အထား၊ မွေးသက္ကရစ်၊ နိုင်ငံသားနှင့် လိင် စသည့်အချက်အလက်များကို မဖြစ်မနေပေးပို့ရန် လိုအပ်သည်။ နိုင်ငံသားမဟုတ်သူများက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ ပေးရသည်။ ဝန်ဆောင်မှုကုမ္ပဏီများသည် လူမျိုးစု အချက်အလက်များ အပါအဝင် စည်းကမ်းသတ်မှတ်ချက်ထက်ကျော်လွန်သည့် အချက်အလက်များ တောင်းဆိုခြင်းများရှိသည်ဟု အချို့သောအသုံးပြုသူများက ဆိုကြသည်။ မှတ်ပုံမတင်ဘဲနေသူ အများပြား ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် NLD အစိုးရက ၎င်းတို့အနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကဒ် (၆.၅) သန်းကို ပိတ်ပင်လိုက်ကြောင်း အသိပေးကြေညာခဲ့သည်။ ထို့ပြင် အစိုးရသည် ထိုနှစ်ဧပြီလမှစ၍ မှတ်ပုံတင်ထားခြင်းမရှိသည့် နောက်ထပ်ဆင်းမ်ကဒ်သန်းနှင့်ချီကို အထွက်ဖုန်းခေါ်ဆိုမှု မပြုလုပ်နိုင်အောင် တားဆီးရန် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်တပ်သည် သုတေသနကာလအတွင်းတွင် ဆင်းမ်ကဒ်မှတ်ပုံတင်မှုများ တိုးချဲ့ဆောင်ရွက်လာခဲ့သည်။ ဖုန်းများအားလုံး၏ IMEI နံပတ်များကို မဖြစ်မနေစာရင်းသွင်းရန်နှင့် လိုက်နာခြင်း မရှိပါက ဆင်းမ်ကဒ်ဖျက်သိမ်းရန်သတ်မှတ်ခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းသည် အပေါ်ယံအားဖြင့် IMEI အခွန်ပေး သွင်းမှုနှင့် ချိတ်ဆက်ထားသည်ဟု ထင်ရသည်။ (က-၂ ကိုကြည့်ရန်)
အာဏာသိမ်းမှုမတိုင်ခင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် NLD အစိုးရသည် လက်ဗွေရာများနှင့် မျက်နှာသွင်ပြင် အချက်အလက်များ မှတ်သားခြင်းအပါအဝင် ဇီဝအချက်အလက်ကောက်ယူစုဆောင်းသည့် ဆင်းမ်ကဒ်မှတ်ပုံတင်မှုစနစ်အတွက် တင်ဒါခေါ်ယူသည့်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုအတွက် USF ထံမှ ကုန်ကျစရိတ် တောင်းခံ ခဲ့သည်။ (က-၂ ကိုကြည့်ရန်) အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဆင်းမ်ကဒ်ပိတ်ပင်မှုများ ထပ်မံလုပ် ဆောင်ခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဇီဝအချက်အလက်ကောက်ယူစုဆောင်းသည့် ဆင်းမ်ကဒ်မှတ်ပုံတင်မှုစနစ် အသုံးပြုမည့်အစီအစဉ်ကို စစ်တပ်က ဆက်လက်အကောင် အထည်ဖော်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပေ။
အချက် အလက်လုံခြုံရေးလျှို့ဝှက်စာကုဒ်စနစ် (Encryption) အသုံးပြုမှုနှင့် ပတ်သက်၍ ဥပဒေအရ ရှင်းလင်းသော ကန့်သတ်ပိတ်ပင်မှုများ မရှိသော်လည်း ဆက်သွယ်ရေးဥပဒေနှင့် လျှပ်စစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပါ ယေဘုယျ ပြဌာန်းချက်အချို့ ကို အဓိပ္ပါယ်ပြန်ဆို၍ ထိုသို့အသုံးပြုခြင်းကို ကန့်သတ်မှုပြလုပ်နိုင်သည်။
ဂ-၅။ အင်တာနက်လှုပ်ရှားမှုများအပေါ် အစိုးရ၏ စောင့်ကြည့်ထောက်လှမ်းမှုများသည် အင်တာနက် အသုံးပြုသူများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်မှု ဖြစ်စေပါသလား။ (၀-၆ မှတ်) - ၁
စစ်တပ်၏ အွန်လိုင်းစောင့်ကြည့်ထောက်လှမ်းမှုများနှင့် ကြားဖြတ်ဖမ်းယူမှုများသည် အာဏာသိမ်းမှုဖြစ်ပြီးချိန်မှစ၍ ပိုမိုတိုးများလာခဲ့ပြီး ၎င်းတို့၏ ပြင်ပထောက်လှမ်းရေးစနစ်တစ်စုံလုံးနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။ အာဏာသိမ်းမှု ဖြစ်ပြီးပြီးချင်းတွင် စစ်တပ်သည် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ ပြဌာန်းချက်တချို့ကို တရားမဝင်ဆိုင်းငံ့လိုက်ပြီး ထိုသို့ဆိုင်းငံ့လိုက်သည့်ထဲတွင် ဝရမ်းမပါဘဲ စောင့်ကြည့် ထောက်လှမ်းမှုများပြုလုပ်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာစာပေးပို့မှုများကို ကြားဖြတ်ဖမ်းယူခြင်း ပြုလုပ်မခံရအောင် အသင့်အတင့် အကာအကွယ်ပေးထားသော အစီအမံများလည်း ပါဝင်သည်။
ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို အတည်ပြုလိုက်ပါက ပုဂ္ဂလိကလွတ်လပ်ခွင့်အတွက် အကာအကွယ်များ အားလုံးနီးပါး ဖယ်ရှားခံလိုက်ရမည်ဖြစ်ပြီး အချက်အလက်များကို စစ်တပ်ကကသတ်မှတ်ထားသည့်ပစ္စည်းများနှင့် ဆာဗာများတွင်သာ သိမ်းဆည်းရမည်ဖြစ်သောကြောင့် အချက်အလက်များအားလုံးကို စစ်တပ်က အထိန်းအကွပ်မဲ့ ဝင်ရောက်ရယူနိုင် သွားမည်ဖြစ်သည်။ (ဂ-၂ ကိုကြည့်ရန်) ဤဥပဒေကြမ်းကို အတည်ပြုထားခြင်း မရှိသေးသော်လည်း စစ်တပ်သည် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိမိတစ်ဖွဲ့တည်းသဘောဖြင့် ပြင်ဆင်ခဲ့ပြီး ဆိုက်ဘာလုံခြုံရေးဥပဒေ အစောပိုင်းမူကြမ်းတွင် ပါဝင်သည့် အဆိုပါပြဿနာများသော ပြဌာန်းချက်များအနက် အချို့ကို ထပ်မံပေါင်းထည့်ခဲ့သည်။ ဥပမာ ပြင်ဆင်လိုက်သော ဥပဒေအရ အာဏာပိုင်များသည် မည်သည့်လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းကိုမဆို ‘အလွဲသုံးစားလုပ်သည်’ ဟူသည့် အဓိပ္ပါယ်ဝေဝါးသည့် အကြောင်းများကြောင့် ကြည့်ရှုစစ်ဆေးနိုင်သည့် ကျယ်ပြန့်သော လုပ်ကိုင်ခွင့်အာဏာ ရှိနေသည်။
၂၀၂၁ ခုနှစ် မေလထုတ် အစီရင်ခံစာတစ်ခုအရ ယခင်စစ်တပ်အရာရှိဟောင်းများသည် ဝန်ဆောင်မှုကုမ္ပဏီများကို ကြားဖြတ်ဖမ်းယူမှုနည်းပညာများ တပ်ဆင်ရန် ၂၀၂၀ ခုနှစ် နှောင်းပိုင်းတွင် ဖိအားပေးခိုင်းစေခဲ့သည်ဟု သိရသည်။ ထိုနည်းပညာကိုသုံး၍ စစ်တပ်သည် စာနှင့်အီးမေးလ်ပေးပို့မှုများကို ကြည့်ရှုခြင်း၊ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ် နားထောင်ခြင်းနှင့် အကူအညီမပါဘဲ သို့မဟုတ် ကာရကံရှင်သဘောတူညီချက်မရှိဘဲ တည်နေရာရှာဖွေခြင်း ပြုလုပ်နိုင်သည်။ အဆိုပါနည်းပညာသည် အပြည့်အဝ အလိုအလျောက်လည်ပတ်နိုင်ခြင်းမရှိသေးဘဲ မည်သည့်အရာများကို စောင့်ကြည့်လိုကြောင်း စစ်တပ်ကဦးဆောင်သတ်မှတ်ပေးသည့် အချက်အလက်အပေါ် အမှီအခိုပြု၍ လည်ပတ်နေကြောင်း အချို့သောစောင့်ကြည့်လေ့လာသူများက ယုံကြည်ထားကြသည်။ စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းအချက်အလက်ထုတ်ဝေရေးအဖွဲ့သည် ရာနှင့်ချီသော စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်အဖွဲ့ငယ်များအသုံးပြုကာ အွန်လိုင်းပေါ်ရှိ မသင်ကာသူများနှင့် ကွန်ရက်များကို ဖော်ထုတ်ရန်နှင့် ၎င်းတို့အကြောင်းလျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ရန် တာဝန်ပေးခိုင်းစေလျက် ရှိသည်ဟုသိရသည်။ စစ်တပ်ထောက်လှမ်းရေးကွန်ရက်စနစ်ထဲတွင် ဖမ်းဆီးခံထားရသူများထံမှ သိမ်းယူထားသည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများနှင့် လူမျက်နှာသွင်ပြင်မှတ်သားသည့်နည်းပညာ တပ်ဆင်ထားသော လုံခြုံရေးကင်မရာများမှရရှိထား သတင်းအချက်အလက်များလည်း ပါဝင်သည်။
စစ်တပ်သည် စစ်သားများအသုံးပြု၍ လက်ကိုင်ဖုန်းများကို အလျင်းသင့်သည့်နေရာတွင် ရှောင်တခင်စစ်ဆေးခြင်းနှင့် ပုံသေစစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးမှုများပြုလုပ်ကာ ဖုန်းထဲတွင် ဆင်ဆာပိတ်ဆို့မှုကို ဖြတ်ကျော်သည့်စနစ်များ သို့မဟုတ် ဓတ်ပုံအယ်လဘမ်များ၊ စာပေးပို့မှုများနှင့် လူမှုကွန်ယက်ပို့စ်များတွင် နိုင်ငံရေးအကဲဆတ်သော အချက်အလက်များ ရှိမရှိ ရှာဖွေခြင်းဖြင့် လူကိုယ်တိုင်စောင့်ကြည့်ထောက်လှမ်းသည့် နည်းလမ်းကိုလည်း အသုံးပြုလာခဲ့သည်။ မှုခင်းသုတေသနနည်းပညာကို မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက အသုံးပြုမှုရှိခဲ့သည်ဟုဆိုသည်။ ရဲများသည် အစ္စရေးကုမ္ပဏီ Cellebrite ၏ ထုတ်ကုန်များကို ၂၀၁၆ ခုနှစ်ကတည်းက အသုံးပြုခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် malware ထုတ်ကုန်တစ်မျိုးဖြစ်သော FinSpy ကို မြန်မာနိုင်ငံတွင် တပ်ဆင်အသုံးပြုမှု ရှိခဲ့သည်ဟုဆိုသည်။
အာဏာသိမ်းမှုမတိုင်ခင်ကာလတကတည်းက NLD အစိုးရသည် ကြားဖြတ်ဖမ်းယူမှု ပြုလုပ်နိုင်စွမ်းရှိအောင် ရင်းနှီးဆောင်ရွက်လာခဲ့ပြီး ဝန်ဆောင်မှုကုမ္ပဏီများကို အဆိုပါနည်းပညာများ တပ်ဆင်ရန် ညွှန်ကြားခဲ့သည်။ ထို့နောက် အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က အဆိုပါနည်းပညာကို စတင်အသုံးပြုခဲ့သည်။ NLD အစိုးရသည် MoTC အောက်တွင် ဖွဲ့စည်းထားသည့် လူမှုကွန်ယက်စောင့်ကြည့်ရေးအဖွဲ့ (SMMT) ၏ နည်းပညာအသုံးစရိတ်အတွက် ဒေါ်လာ (၄.၈) သန်းအထိသုံးစွဲခဲ့သည်။ အွန်လိုင်းပေါ်တွင် အမုန်းစကားနှင့် အသရေဖျက်မှုများအပါအဝင် နည်းလမ်းအမျိုးမျိုးအသုံးပြုကာ ‘မတည်ငြိမ်မှုများ’ ဖြစ်ပေါ်အောင် ဆောင်ရွက်သောပုဂ္ဂိုလ်များကို တွန်းလှန်ရန် SMMT ကိုလိုအပ်သည်ဟု NLD အစိုးရက ဖြေရှင်းချက်ပေးခဲ့သည်။ SMMT ၏လုပ်ငန်းများနှင့် ပတ်သက်၍ဖြစ်စေ ၎င်းတို့၏အပေါ် ကြီးကြပ်မှုများရှိမရှိ သိရှိနိုင်ရန် သတင်းအချက် အလက် အလွန်နည်းပါးသည်။ သို့သော် ဤအဖွဲ့သည် လက်ရှိတွင် စစ်တပ်အောက်တွင် လည်ပတ်နေသည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထင်ကြေးပေးကြသည်။ SMMT သည် ၎င်းအတွက် ရန်ပုံငွေများကို ကနေဒါ၊ အမေရိကန်၊ ဆွီဒင်၊ အစ္စရေးနှင့် အခြားနိုင်ငံများတွင် အခြေစိုက်သော ရောင်းချသူများထံမှ နည်းပညာ ထုတ်ကုန်များဝယ်ယူရာတွင် အသုံးပြုခဲ့သည်။ ထိုသို့ဝယ်ယူမှုများထဲတွင် Apple ကွန်ပြူတာများထဲမှ အချက်အလက်များ ဆယ်ယူသည့် MacQuisition မှုခင်းဆိုင်ရာဆော့ဝဲလ်၊ မိုဘိုင်းဖုန်းထဲရှိ ဖျက်ထားပြီးသား အချက်အလက်များကို ပြန်ဆယ်ယူသည့် နည်းပညာမျာနှင့် အွန်လိုင်းပေါ်ရှိ ဝေဖန်သူများ၏ နေအိမ်လိပ်စာများကို ဖော်ထုတ်ရာတွင်သုံးသည့် အခြားနည်းပညာများ ပါဝင်သည်။
ဂ-၆။ ဝန်ဆောင်မှုကုမ္ပဏီနှင့်အခြားနည်းပညာကုမ္ပဏီများက စောင့်ကြည့်မှုပြုလုပ်ခြင်းနှင့် အသုံးပြုသူအချက်အလက် ကောက်ခံခြင်း ပြုလုပ်ရာတွင် အသုံးပြုသူများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဖြစ်စေပါသလား။ (၀-၆ မှတ်) - ၀
ရမှတ်အပြောင်းအလဲ - စစ်တပ်နှင့် ဝန်ဆောင်မှုကုမ္ပဏီများကြား သီးခြားရပ်တည်မှုမရှိဘဲ အာဏာပိုင်များက အသုံးပြုသူအချက်အလက်များကို အတားအဆီးမရှိ ရယူနိုင်သောကြောင့် ရမှတ် (၁) မှတ်မှ (၀) မှတ်သို့ ကျဆင်းသွားခဲ့သည်။
ဝန်ဆောင်မှုကုမ္ပဏီများသည် ကြီးကြပ်မှုနှင့်အကာအကွယ်ပေးရေးအစီအမံများမပါဘဲ အချက်အလက်များကို အစိုးရထံသို့ မဖြစ်မနေပေးပို့ရမည့် တာဝန်ရှိသည်။
ပုဂ္ဂလိကနှင့် အရပ်ဘက်လူမှုအသိုင်းအဝိုင်း သက်ဆိုင်သူအစုအဖွဲ့များက ပြဌာန်းရန် နှစ်အတန်ကြာတောင်းဆိုခဲ့ကြ သော်လည်း မြန်မာနိုင်ငံတွင် ခိုင်မာသော အချက်အလက်ကာကွယ်ရေးဥပဒေ တစ်ခုမရှိသေးပေ။ စစ်တပ်သည် လျှပ်စစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြင်ဆင်ခဲ့ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် အချက်အလက်ကာကွယ်ရေးနှင့်ပတ်သက်သော အခန်းအသစ်တစ်ခု ထပ်မံထည့်သွင်းခဲ့သည်။ ပြင်ဆင်ထားသောဥပဒေသည် အချက်အလက်ထိန်းချုပ်ထားသူများ လိုက်နာရမည့် တာဝန်ဝတ္တရားအချို့ သတ်မှတ်ထားသော်လည်း ၎င်းတာဝန်များကို မရှင်းမလင်း အဓိပ္ပါယ်ဖွင့်ဆိုထားပြီး နည်းဥပဒေ ပြင်ဆင်ချက်များ ကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ပြင်ဆင်ချက်တွင် အချက်အလက်ထိန်းချုပ်ထားသူများအနေဖြင့် ကြီးကြပ်မှုနှင့် အကာအကွယ်ပေးရေးအစီအမံများမပါဘဲ အစိုးရထံသို့ အချက်အလက်များ မဖြစ်မနေပေးရမည်ဟု သတ်မှတ်ထားသည်။
၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့ပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် ဆိုင်းငံ့ခြင်းခံခဲ့ရသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်သွယ်မှုများကို ဝရမ်းမပါဘဲ ကြားဖြတ် ဖမ်းယူမှုပြုလုပ်ခြင်းကို တားမြစ်ထားသော်သော်လည်း ဝေဝါးသော ချွင်းချက်သတ်မှတ်ချက်တစ်ခုပါဝင်ပြီး ထိုသတ်မှတ်ချက်အရ သမ္မတ သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုထံမှ ခွင့်ပြုချက်ရရှိပါက စောင့်ကြည့်ထောက်လှမ်းမှု ပြုလုပ်နိုင်သည်။ အဆိုပါဥပဒေတွင် အချက်အလက်ကောက်ယူခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ ဖော်ပြထားခြင်းမရှိသလို တရားရေးဆိုင်ရာပြန်လည်သုံးသပ်ခြင်းအတွက်လည်း ပြဌာန်းချက်များ ပါဝင်ခြင်းမရှိပေ။ ဥပဒေထဲတွင် ပုဂ္ဂလိကလွတ်လပ်ခွင့်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် လုံလောက်မှု မရှိသည့်အပြင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်လည်း ကိုက်ညီမှုလည်းမရှိပေ။
ဆက်သွယ်ရေးဥပဒေသည် အစိုးရအား “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သို့မဟုတ် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သည့် မည်သည့်အချက်အလက် သို့မဟုတ် ဆက်သွယ်ဆောင်ရွက်မှုကိုမဆို ထိန်းချုပ်ရန်” တိတိကျကျ သတ်မှတ်ထားခြင်းမရှိသည့် ပုဂ္ဂိုလ်များအား ညွှန်ကြားနိုင်သည့် လုပ်ပိုင်ခွင့်အာဏာပေးထားသည်။ ထို့ပြင် ဆက်သွယ်ရေးဥပဒေသည် ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် အခြားလူ့အခွင့်အရေးများအတွက် အကာအကွယ်ပေးရေး အစီအမံများမပါဘဲ “နိုင်ငံတော်လုံခြုံရေး” သို့မဟုတ် “အများပြည်သူအကျိုး” ကာကွယ်ရန်ဟူသည့် တိကျသော အဓိပ္ပါယ်သတ်မှတ်ထားခြင်းမရှိသည့် ရည်ရွယ်ချက်များအတွက် ဆက်သွယ်ရေးကုမ္ပဏီများ၏ လုပ်ငန်းအဆောက် အဦးများကို ရှာဖွေစစ်ဆေးခြင်းနှင့် စာရွက်စာတမ်းများအပ်နှင်းရန် ညွှန်ကြားခြင်း ပြုလုပ်နိုင်သည့် လုပ်ပိုင်ခွင့် အာဏာလည်း ပေးထားသည်။ ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မူယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဥပဒေ ပြင်ဆင်ချက်တွင် ပြဌာန်းချက်အသစ်တစ်ခုပါဝင်ခဲ့ပြီး ထိုပြဌာန်းချက်အရ ဆက်သွယ်ရေးလုပ်ငန်းများသည် လုပ်ထုံးလုပ်နည်းနှင့်အညီမဟုတ်ဘဲ အသုံးပြုသူများ၏ အချက်အလက်များကို ထုတ်ပြန်ရမည့် တာဝန်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အဆိုပြုခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအရ မြန်မာပြည်အတွင်း အသုံးပြုသူ (၁၀၀,၀၀၀) နှင့်အထက်ရှိသည့် ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုကုမ္ပဏီများသည် အချက်အလက်ပြည်တွင်းမူပိုင် လုပ်သကဲ့သို့ စစ်တပ်ကသတ်မှတ်ထားသည့် ၎င်းတို့အတားအဆီးမရှိ ဝင်ရောက်နိုင်သော ဆာဗာများတွင် အချက်အလက်များသိမ်းဆည်းရန် လိုအပ်သည်။ ထို့ပြင်ဤဥပဒေကြမ်းတွင် အသုံးပြုသူအချက်အလက်များကို အရန်သိုလှောင်ထားရမည့် ပြဌန်းချက်အများအပြားလည်း ပါဝင်သည်။
ကုမ္ပဏီများအနေဖြင့် စစ်တပ်၏ညွှန်ကြားချက်များကို တွန်းလှန်နိုင်သည့်အခွင့်အလမ်း အလွန်နည်းပြီး မြန်မာနိုင်ငံ အတွင်းရှိ ဝန်ဆောင်မှုကုမ္ပဏီများအပေါ် စစ်တပ်၏ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထိန်းချုပ်မှုများသည် ၎င်းတို့အနေဖြင့် အသုံးပြုသူ အချက်အလက်များကို ပိုမိုတိုက်ရိုက်ရယူနိုင်စွမ်းရှိအောင် အထောက်အကူဖြစ်စေခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကာလအတွင်းတွင် စစ်တပ်လက်အောက်ခံ MoTC သည် ဆက်သွယ်ရေးဥပဒေအရ Telenor ထံသို့ အချက်အလက်တောင်းခံမှု အမိန့်ညွှန်ကြားစာ အကြိမ်ရေ (၂၀၀) ကျော် ပေးပို့ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁၈၈) ကြိမ်နှင့် ၂၀၁၈ ခုနှစ်တွင် အကြိမ်ရေ (၇၀) အသီးသီး ပေးပို့ခဲ့သည်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းတွင် Telenor သည် ထိုသို့တောင်းဆိုမှုများအားလုံးကို လိုက်နာဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ထိုတောင်းဆိုမှုတစ်ခုစီတိုင်းတွင် လနှင့်ချီသော ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် တည်နေရာအချက်အလက် တောင်းခံမှုများပါဝင်ပြီး စုစုပေါင်းထောင်နှင်ချီသော အသုံးပြုသူအချက်အလက်များ ပါဝင်ခဲ့သည်။ အကြီးဆုံး နိုင်ငံပိုင် ဝန်ဆောင်မှုကုမ္ပဏီဖြစ်သော MPT သည် အာဏာပိုင်များက ၎င်းတို့ထံ အချက်အလက်တောင်းဆိုမှု ပြုလုပ်ခဲ့သည့် အကြိမ်အရေအတွက်ကို တစ်ကြိမ်မျှ ထုတ်ပြန်ခဲ့ဖူးခြင်းမရှိပါ။ Mytel က ၎င်းတို့သည် ၂၀၁၉ ခုနှစ်တွင် အဆိုပါတောင်းခံမှုမျိုး အကြိမ်ရေ (၁၀၀) ကျော် လက်ခံရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထို့နောက်ပိုင်း အရေအတွက်များ ထပ်မံထုတ်ပြန်ခဲ့ခြင်းမရှိပါ။
သုတေသနကာလအတွင်းတွင် စစ်တပ်၏ သတင်းအချက်အလက်တောင်းခံသည့်အမိန့်ကို အောင်မြင်စွာ ငြင်းဆန်ခဲ့သည့် ဖြစ်စဉ်အနည်းဆုံး တစ်ကြိမ်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် တိုင်းစစ်အရာရှိတစ်ဦးသည် ဝန်ဆောင်မှုကုမ္ပဏီများကို မည်သူက အင်တာနက်အသုံးပြုမှု ရှိနေသေးကြောင်း သိရှိနိုင်ရန်အတွက် ၎င်းတို့ဝန်ဆောင်မှုအသုံးပြုသူစာရင်းကို ထုတ်ပြန်ပေးရန် ညွှန်ကြားခဲ့သော်လည်း ကုမ္ပဏီများက ထိုသို့ ဆောင်ရွက်ခြင်းသည် ၎င်းတို့၏ လုပ်ငန်းလိုင်စင်စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည်ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်ထံတွင် အောင်မြင်စွာ အယူခံဝင်နိုင်ခဲ့သည်။
အာဏာသိမ်းမှုမတိုင်ခင်တွင် တောင်းဆိုချက်အများစုမှာ လူကုန်ကူးမှု၊ လူပျောက်မှုနှင့် မူးယစ်ဆေးဝါးကိစ္စများနှင့် သက်ဆိုင်သည်ဟု ဆက်သွယ်ရေးကုမ္ပဏီများသည် ဟုဆိုခဲ့သည်။ ကုမ္ပဏီတစ်ခုက ၎င်းတို့အနေဖြင့် အစပိုင်းတွင် အကြီးတန်းရဲအရာရှိထံမှ စာတစ်စောင်နှင့် PTD ထံမှစာတစ်စောင် အပါအဝင် သတင်းအချက်အလက် ထုတ်ပေးခြင်းမပြုမီ စာရွက်စာတမ်း (၃) မျိုးတောင်းခံခဲ့ကြောင်း သို့သော် နောက်ပိုင်းတွင် တတိယတစ်မျိုးဖြစ်သည့် တရားရုံးဝရမ်းကို တောင်းခံခြင်းမရှိတော့ကြောင်း ၂၀၁၈ ခုနှစ်တွင် ထုတ်ဖော်ပြောကြားလာခဲ့သည်။
ဂ-၇။ ပြည်သူများသည် ၎င်းတို့၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ဆက်နွယ်၍ အစိုးရအာဏာပိုင်းများ၏ သို့မဟုတ် အခြား အစုအဖွဲ့များ၏ တရားရေးပြင်ပ ခြိမ်းခြောက်မှုများ သို့မဟုတ် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများ ကြုံတွေ့ရပါသလား။ (၀-၅ မှတ်) - ၀
စစ်တပ်နှင့်၎င်းတို့၏ကိုယ်ပွားများသည် အွန်လိုင်းပေါ်တွင်ဖြစ်စေ ပြင်ပတွင်ဖြစ်စေ ၎င်းတို့အားဆန့်ကျင်သူများကို ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်း၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်စော်ကားခြင်း၊ လက်စဖျောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ပြစ်ဏ်ကင်းလွတ်ခွင့်အပြည့်ဖြင့် ဆက်လက်ကျူးလွန်လာခဲ့သည်။ မြန်မာနိုင်ငံတွင်းရှိ ပြည်သူအများအပြားသည် လက်ကိုင်ဖုန်းစစ်ဆေးခြင်းများအပါအဝင် စစ်တပ်၏ဝါဒဖြန့်ချီရေး လုပ်ငန်းများ၊ အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းမှုများနှင့် လူကိုယ်တိုင်စစ်ဆေးမှုများမှတစ်ဆင့် တရားဥပဒေပြင်ပ ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်။
စစ်တပ်သည် အွန်လိုင်းဖီဆန်မှုများကိုထောက်ခံသူများ သို့မဟုတ် ဆန္ဒထုတ်ဖော်မှုများတွင်ပါဝင်သူများ၊ CDM ပြုလုပ်သူများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အထူးသဖြင့် NUG တို့ကို ပစ်မှတ်ထားလာခဲ့သည်။ (ခ-၈ ကိုကြည့်ရန်) တရားမဝင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကျင့်သုံးခြင်း (ဂ-၂ ကိုကြည့်ရန်) နှင့် သေဒဏ်ချမှတ်ခံရနိုင်သည့် အန္တရာယ်ကြောင့် ဆန္ဒပြသူများ၊ သပိတ်မှောက်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေးကာကွယ်သူများကြား အကြောက်တရား တိုးပွားစေခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ ကလေးသူငယ် (၂) ဦးအပါအဝင် ဆန္ဒပြသူအနည်းဆုံး (၆၄) ဦးကို စစ်ဘက်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လိုင်လတွင် စစ်တပ်သည် ဦးဖြိုးဇေယျာသော်၊ ဦးကျော်မင်းယု၊ ဦးလှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ပြလုပ်ခဲ့သည့် ကွပ်မျက်မှု ဖြစ်သည်။ (ဂ-၃ ကိုကြည်ရန်)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဤသုတေသနကာလအဆုံးအထိ ကာလအတွင်းတွင် စစ်တပ်သည် ပြည်သူ (၁,၅၀၀) ကျော် သတ်ဖြတ်ခဲ့ပြီး အချို့မှာ ၎င်းတို့၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ပတ်သက်၍ ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်။ ထိုသူများထဲတွင် သတင်းထောက်အနည်းဆုံး (၃) ဦးပါဝင်ပြီး ထိုအချိန်က အွန်လိုင်းသတင်းဌာနအတွက် အလုပ်လုပ်ခဲ့သူများ သို့မဟုတ် လုပ်ခဲ့ဖူးသူများ ဖြစ်ကြသည်။ ပူးသွီဒင်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်ပေးဆွဲ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် စစ်တပ်နှင့် ၎င်းတို့အားဆန့်ကျင်သည့်အင်အားစုများအကြား တိုက်ပွဲများ အကြောင်း သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရပြီး နှစ်ရက်အကြာတွင် ထိုသို့သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ စိုင်းဝင်းအောင်သည် တိုက်ပွဲသတင်းရယူနေစဉ် ၂၀၂၁ ခုနှစ် ခရစ်စမတ်နေ့တွင် ပတ်ခတ်ခြင်းခံခဲ့ရသည်။ ဓတ်ပုံသတင်းထောက် စိုးနိုင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်တပ်လက်တွင်း ချုပ်နှောင်ခံထားရစဉ် သေဆုံးခဲ့သည်။ သူသည် ဒီဇင်ဘာလအစောပိုင်းတွင်လည်း ဆန္ဒပြပွဲတစ်ခုကို ဓတ်ပုံရိုက်နေစဉ် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီးနောက် ညှင်းပန်းနှိပ်စက်မှုများ ခံခဲ့ရသည်။ အေးကျော်သည် ၎င်း၏ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲဓတ်ပုံများကို လူမှုကွန်ယက်များနှင့် ပြည်တွင်းသတင်းဌာနများတွင် ပြန်လည်ဖော်ပြခြင်းခံခဲ့သော ဓတ်ပုံဆရာ တစ်ဦးဖြစ်သည်။ ၎င်းသည် သုတေသနကာလအလွန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် စစ်တပ်၏ချုပ်နှောင်မှုခံထားရစဉ် သေဆုံးခဲ့ပြီး အလောင်းပေါ်တွင်လည်း ညှင်းပန်းနှိပ်စက်ထားရသည့် လက္ခဏာများတွေ့ခဲ့ရသည်။
အွန်လိုင်းလှုပ်ရှားမှုများကြောင့် တုန့်ပြန်တိုက်ခိုက်ခံခဲ့ရသူအချို့အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သတ်ဖြတ်ခံခဲ့ရသူများထဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းဝန်ထမ်း (၁၅) ဦး၊ ကျောင်းသား (၁၀၀) ကျော်နှင့် တက်ကြွလှုပ်ရှားသူအရေအတွက် အများပြားပါဝင်ကြသည်။ ဥပမာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တက်ကြွလှုပ်ရှားသူနှင့် ကျောင်းဆရာတစ်ဦးဖြစ်သူ ဇော်ြမတ်လင်းသည် စစ်တပ်က ဆန္ဒပြသူများကို တိုက်ခိုက်နေသော ဗီဒီယိုများကို အွန်လိုင်းပေါ်တွင်မျှဝေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သေဆုံးသည့်အထိ နှိပ်စက်ခံခဲ့ရသည်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် ကလေးသူငယ်များအပါအဝင် ရာနှင့်ချီသောပြည်သူများသည် စစ်တပ်၏ဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရစဉ် သတ်ဖြတ်ခြင်းခံခဲ့ကြရပြီး အများစုမှာ ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် ညှင်းပန်းနှိပ်စက်မှု အများအပြား ဖြစ်ပေါ်နေသည်။ ဆိုးရွားစွာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသူများထဲတွင် ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဟန်သာငြိမ်းလည်းပါဝင်ပြီး ၎င်းသည် ထို့နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရသည်။ အရေအတွက်အတည်မပြုနိုင်သော အွန်လိုင်းလှုပ်ရှားမှုများဆောင်ရွက်ခဲ့သည့် ဆန္ဒပြသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားသူများသည် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ စစ်တပ်သည် လူမှုကွန်ရက်အသုံးပြုသည့် စစ်သားတစ်ယောက်စီတိုင်း၏ ပရိုဖိုင်အချက်အလက်များကို စုဆောင်းခဲ့ပြီး VPN ခံ၍ Facebook အသုံးပြုခြင်း အပါအဝင် ၎င်းတို့၏ အွန်လိုင်း လုပ်ဆောင်မှုများကို အကြောင်းပြု၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ “ဖရဲသီး” သို့မဟုတ် အများအမြင်တွင် စစ်တပ် ထောက်ခံသူ ဖြစ်သော်လည်း တကယ်တမ်းတွင် အတိုက်အခံများကိုအားပေးသူများသည် ဤသုတေသန ကာလအတွင်းတွင် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ “ဖရဲသီးများ” အကြောင်း သတင်းအချက် အလက်ပေးကြရန်နှင့် ၎င်းတို့အား စုံစမ်းဖော်ထုတ်ရန် လူမှုကွန်ရက်ပေါ်တွင် follower အများပြားရှိသူများက တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ပစ်မှတ်ထားသူများကို သတ်နိုင်လျှင် ဆုကြေးပေးမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
စစ်သားများ၊ အမျိုးသားရေးသမားများနှင့် အခြားစစ်တပ်ကိုယ်ပွားများကလည်း ခြိမ်းခြောက်စာများ ထုတ်ပြန်ခဲ့ပြီး စစ်တပ်ဆန့်ကျင်သော လူမှုကွန်ရက်အသုံးပြုသူများကို လိုက်လံဖော်ထုတ်ခဲ့သည်။ ချုပ်နှောင် ခံရခြင်းမှ ပြန်လည်လွတ်မြောက်လာပြီးနောက် အွန်လိုင်းပေါ်တွင် အတိုက်အခံလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သံသရရှိခံရသူများသည် ၎င်းတို့၏ အွန်လိုင်းပုဂ္ဂိုလ်ရေးအချက်အလက်များကို စောင့်ကြည့်ထောက်လှမ်းမှုများ ရှိနေကြောင်းနှင့် ၎င်းတို့အနေဖြင့် ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံရနိုင်ကြောင်း သတိပေးခြင်းခံခဲ့ရသည်။ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများသည် အာဏာသိမ်းမှု ဖြစ်ပြီးချိန်မှစ၍ ပုံမှန်အားဖြင့် Telegram, TikTok နှင့် Facebook မှတစ်ဆင့် စုံစမ်းဖော်ထုတ်ခြင်း ခံခဲ့ရသည်။ အမျိုးသမီးများသည် ၎င်းတို့၏အတွင်းရေးဓတ်ပုံများနှင့် ပြုပြင်ထားသောရုပ်ပုံများကို ကာရကံရှင် ဆန္ဒမပါဘဲ ဖြန့်ဝေခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံစံမျိုးစုံ ကြုံတွေ့ခဲ့ရသည်။
အွန်လိုင်းသတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက အာဏာသိမ်းမှုမတိုင်ခင်ကာလတွင် ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်ရန်ခြိမ်းခြောက်သတိပေးမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများကြုံတွေ့ခဲ့ရသည်ဟု ဆိုကြသော်လည်း ပမာဏအားဖြင့် နည်းပါးခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သဘောထားစစ်တမ်းတစ်ခုတွင် သတင်းသမားများအပေါ် အကြမ်းဖက်မှုများသည် ယခင်နှစ်များနှင်ယှဉ်လျှင် ပိုမိုတိုးများလာသည်ဟု ယုံကြည်ကြောင်း သတင်းထောက်အများစုကဆိုကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ရိုဟင်ဂျာအကျပ်အတည်းအကြောင်း သို့မဟုတ် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ပဋိပက္ခများအကြောင်း သတင်းရေးသားသည့် သတင်းထောက်များသည် အကြမ်းဖက်မှုနှင့် ကြုံရနိုင်သည့် အန္တရာယ်ရှိခဲ့သည်။ ရိုက်တာသတင်းထောက်များဖြစ်ကြသော ဝလုံးနှင့်ကျော်စိုးဦးတို့သည် အမှုစစ်ဆေးနေသည့် ကာလအတွင်း ချုပ်နှောင်ခံထားရစဉ် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရကြောင်း ၎င်းတို့၏ရှေ့နေများက တရားရုံးသို့ အသိပေးခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကျော်စိုးဦးက ၎င်းအားစစ်ကြောမှုများပြုလုပ်စဉ် အိပ်မရအောင်ဒဏ်ခတ်ခြင်းနှင့် နာရီပေါင်းများစွာ အတင်းအကျပ်ဒူးထောက်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ထို့ပြင် အာဏာပိုင်များသည် ၎င်း၏ဦးခေါင်းကိုလည်း အဝတ်မဲဖြင့် အုပ်ထားခဲ့ သည်ဟု ၎င်းကဆိုသည်။
လူ့အခွင့်အရေးကာကွယ်သူများသည် အာဏာသိမ်းမှုမတိုင်ခင်တွင် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများလည်း ကြုံတွေ့ခဲ့ရသည်။ လူ့အခွင့်အရေးကာကွယ်သူများအားလုံးသည် အင်တာနက်ကို စည်းရုံးလှုံ့ဆော်ရေးနည်းလမ်းတစ်ခု အနေဖြင့် အသုံးပြုသူများဖြစ်ကြပြီး ၎င်းတို့ အဓိကလုပ်ဆောင်သော အကြောင်းအရာများပေါ်မူတည်၍ ၎င်းတို့ ကြုံတွေ့ခဲ့ရသောခြိမ်းခြောက်မှု အတိုင်းအတာနှင့်ပမာဏများ ကွဲပြားကြသည်။ ရိုဟင်ဂျာထောက်ခံသူများနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများက ၎င်းတို့အနေဖြင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပေးပို့သော စာများနှင့် အွန်လိုင်းမှတ်ချက်များမှတစ်ဆင့် ခြိမ်းခြောက်မှု အများအပြားကြုံတွေ့ခဲ့သည်ဟု ဆိုကြသည်။ ထို့ပြင် ရဲများ၊ အကျဉ်းထောင်လုံခြုံရေးဝန်ထမ်းများနှင့် နယ်ခြားစောင့်များ၏ ငြင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရကြောင်း ကျောင်းသား တက်ကြွလှုပ်ရှားသူများ၊ သံဃာများနှင့် အခြားသူများထံမှ စွပ်စွဲချက်များလည်း ထွက်ပေါ်ခဲ့သည်။ အမျိုးသမီးများက ၎င်းတို့သည် အွန်လိုင်းပေါ်တွင် မကြာခဏ ကျားမအခြေပြု ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်ရန် သတိပေးခြိမ်းခြောက်မှုများ ကြုံခဲ့ရသည်ဟု ဆိုကြသည်။ အသုံးများသော ထိပါးနှောက်ယှက်မှု နည်းစနစ်များမှာ အွန်လိုင်းပေါ်တွင်နောက်ယောင်ခံမှု၊ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းပေါ်တွင်ပုဂ္ဂိုလ်ရေး ထောက်လှမ်းမှု၊ အွန်လိုင်းအချက်အလက်ဖောက်ထွင်းခိုးယူမှုနှင့် အခြားသော အမျိုးသမီးများ၏ ရိုးသားမှု၊ ဖြောင့်မတ်မှုနှင့် ဂုဏ်သိက္ခာကို သံသယဖြစ်စေရန် ကြိုးပမ်းမှုများ ပါဝင်သည်။
ဂ-၈။ ဝက်ဆိုက်များ၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုကုမ္ပဏီများ သို့မဟုတ် တစ်ဦးချင်းအင်တာနက် အသုံးပြုသူများသည် အချက်အလက်ဖောက်ထွင်းခိုးယူမှု သို့မဟုတ် အခြားသော ဆိုက်ဘာတိုက်ခိုက်မှုများ ကြုံတွေ့ရ ပါသလား။ (၀-၃ မှတ်) - ၁
မြန်မာနိုင်ငံတွင် ဝက်ဆိုက်များ၊ Facebook အကောင့်များနှင့် အီးမေးလ်ဝန်ဆောင်မှုများသည် နည်းပညာပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းထောက်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ၂၀၂၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းတွင် ပုံမှန်သော်လည်းကောင်း၊ အပတ်စဉ်သော်လည်းကောင်း ၎င်းတို့၏ ဖုန်းများ၊ အီးမေးလ်များနှင့် လူမှုကွန်ရက်အကောင့်များကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းမှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုကြသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်ထားပြီး အစိုးရကျောထောက်နောက်ခံ ပြုထားသည်ဟု ယူဆရသည့် အဆင့်မြင့်ထောက်လှမ်းရေး malware များသည် USB မှတစ်ဆင့် ကူးယူလေ့ကြရှိသော မြန်မာဖောင့်များ သို့မဟုတ် ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ နိုင်ငံတော်သမ္မတဝက်ဆိုက်အပါအဝင် အွန်လိုင်းစာမျက်နှာများ တွင် ဒေါင်းလုပ်ရယူနိုင်သော မြန်မာဖောင့်များအများအပြားအတွင်း လျှို့ဝှက်ထည့်သွင်းထားသည်ကို အကြိမ်ကြိမ် တွေ့ရှိခဲ့ရသည်။ သတင်းဌာနအချို့က အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ၎င်းတို့၏ Facebook နှင့် YouTube အကောင့်များ ဖောက်ထွင်းဝင်ရောက်ခံခဲ့ရပြီး နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ အာဏာသိမ်းမှုမတိုင်ခင်ကာလတွင် ရိုဟင်ဂျာနှင့်မွတ်စလင်ထောက်ခံသည့် တက်ကြွလှုပ်ရှားသူများသည် မကြာခဏ ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟုဆိုကြသည်။ အွန်လိုင်းတက်ကြွ လှုပ်ရှားသူများကလည်း Google က ၎င်းတို့၏ Google အကောင့်များကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းသည့် “အစိုးရကကျောထောက်နောက်ခံပြုထားသည့်တိုက်ခိုက်သူများ” အကြောင်း ပုံမှန်သတိပေးလေ့ရှိသည်ဟု ဆိုကြသည်။
အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ယခင်သုတေသနကာလအတွင်းတွင် ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ရုပ်မြင်သံကြားများ၏ ဝက်ဆိုက်များအပါအဝင် အစိုးရဝက်ဆိုက်အချို့ ဖောက်ထွင်းဝင်ရောက်ခံခဲ့ရပြီး ဝက်ဆိုက် စာမျက်နှာပေါ်တွင် စစ်တပ်ဆန့်ကျင်ရေး သတင်းစကားများဖော်ပြကာ ပုံဖျက်ခြင်းခံခဲ့ရသည်။ (၃၃၀) ဂီဂါဘိုက်ခန့်ရှိသော အစိုးရလက်ဝယ်ရှိ စီးပွားရေးလုပ်ငန်း ငွေကြေးဆိုင်အချက်လက်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပေါက်ကြားခဲ့ပြီး ထိုထဲတွင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များက Google ဝန်ဆောင်မှုများကို မည်သို့မည်ပုံ အသုံးပြုခဲ့ကြောင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များလည်း ပါဝင်သည်။
၂၀၁၇ ခုနှစ်တွင် ရဲများသည် ရှုပ်ထွေးသော နည်းပညာများကို အသုံးပြုကာ ရိုက်တိုက်သတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့အပါအဝင် သတင်းထောက်များ၏ လက်ကိုင်ဖုန်းများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင် အဆင့်မြင့် spyware များရှိနေကြောင်း ဖော်ထုတ်သိရှိခဲ့ရပြီး လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းထောက်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ၎င်းတို့လက်ကိုင်ဖုန်းများထဲတွင် spyware ရှိနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုကြသည်။ (C5 ကိုကြည့်ရန်)
Country Facts
-
Population
54,180,000 -
Global Freedom Score
7 100 not free -
Internet Freedom Score
9 100 not free -
Freedom in the World Status
Not Free -
Networks Restricted
Yes -
Websites Blocked
Yes -
Pro-government Commentators
Yes -
Users Arrested
Yes